ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်-ငပုတော ကားလမ်းအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပုသိမ်စက်မှုမြို့တော် စီမံကိန်းအတွင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ရန် တရုတ်ယူနန် Union Resources & Engineering Company Limited (UREC) နှင့် ဧရာဝတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ADPCL) တို့ ပူးပေါင်းဆောင်ရွက်မှု မူဘောင်စာချုပ် လက်မှတ်ရေးထိုးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းထုတ်ပြန်မှုမှာ လွဲချော်မှုများရှိနေပြီး ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် လက်မှတ်ရေးထိုးခြင်း မဟုတ်ဘဲ မည်သည့်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်ပေးစက်ရုံတစ်ခု တည်ဆောက်နိုင်မည်ကို စူးစမ်းလေ့လာမှုများ ပြုလုပ်နိုင်ရန် လက်မှတ်ရေးထိုးခဲ့ခြင်းသာ ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်က ဧရာဝတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ADPCL) မှ သတင်းထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ Facebook စာမျက်နှာဖြစ်သည့် Chinese Embassy in Myanmar Facebook Page တွင် ဒီဇင်ဘာ ၃ ရက်က ပုသိမ်စက်မှုမြို့တော် စီမံကိန်းအတွင်း တရုတ်ယူနန် Union Resources & Engineering Company Limited (UREC) နှင့် ဧရာဝတီဖွံ့ဖြိုး တိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ADPCL) တို့ ပူးပေါင်း၍ ၂x၃၅၀ မဂ္ဂါဝပ်ထွက်ရှိမည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တစ်ခုကို တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မူဘောင်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့မှုအား တရုတ်သံအမတ် Mr. Chen Hai မှ အသိသက်သေပြု ပေးခဲ့ကြောင်း ဖော်ပြခဲ့မှုအပေါ် ပြည်သူများမှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ဧရာဝတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ADPCL) မှ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စာချုပ်လက်မှတ်ရေးထိုးခဲ့ခြင်း မဟုတ်ဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းတစ်ခုကို ဟောင်ကောင်အခြေစိုက် လျှပ်စစ်နှင့်စွမ်းအင် ကုမ္ပဏီ တစ်ခုဖြစ်သည့် Union Resources & Engineering Company Limited (UREC) နှင့် ADPCL တို့ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ဖြစ်နိုင်ခြေရှိသော နည်းလမ်းရပ်များဖြစ်သည့် Biomass၊ Clean Coal၊ LNG၊ LPG၊ HFO စသည့် လောင်စာအသုံးပြုသည့် နည်းလမ်းများနှင့် ပြန်လည်ပြည့်ဖြိုး စွမ်းအင်များဖြစ်သော Solar နှင့် Wind Turbin အစရှိသည့် အရင်းအမြစ်များပေါ် အခြေခံသည့် နည်းလမ်းများအနက်မှ မည်သည့်နည်းလမ်းကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်း ဆောင်ရွက်မည်ကို အသေးစိတ် စူးစမ်းလေ့လာမှုများ ပြုလုပ်နိုင်ရန်အတွက် နားလည်မှု သဝဏ်လွှာကို လက်မှတ်ရေးထိုး ခဲ့ခြင်းသာဖြစ်ကြောင်း သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
“ဒီစာချုပ်ပါ အချက်တွေထဲမှာ ကျွန်တော်တို့ ပြောလို့ရသလောက် ပြောရရင်လျှပ် စစ်ဓာတ်အား ထုတ်လုပ်ရေးနဲ့ ပတ်သက်လို့ ဖြစ်နိုင်ရာ လောင်စာမျိုးစုံပြီးရင် (Renewable Energy) နည်းလမ်းနဲ့ ထုတ်လုပ်နိုင်မယ့် စပါးခွံလို သစ်တိုသစ်စတွေကို လောင်ကျွမ်းစေတဲ့ အမှိုက်တွေကို လောင်ကျွမ်းပြီးထုတ်မဲ့ နည်းလမ်းပြီးရင် ဆိုလာစတဲ့ အချက်တွေနဲ ့ ဘယ်နည်းလမ်းနဲ့မဆို ထုတ်လုပ်နိုင်ဖို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အခြေအနေကို စူးစမ်းလေ့လာဖို့အတွက် ပူးပေါင်းဆောင်ရွက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်” ဟု ဧရာဝတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ADPCL) မှ ဒုတိယဥက္ကဋ္ဌ ဦးစည်သူစိုးက ပြောကြားသည်။
ဆက်လက်၍ ဦးစည်သူစိုးက ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အတွက်သာ လက်မှတ်ရေးထိုးခဲ့ခြင်း မဟုတ်ဘဲ အခြားသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် နည်းလမ်းများကိုပါ စူးစမ်းလေ့လာ သွားမည်ဖြစ်ပြီး ကျောက်မီးသွေးဖြင့် လုပ်ဆောင်ခြင်း ရှိမရှိကိုမူ ယတိပြတ် ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း ဆက်လက် ပြောကြားသည်။
“ကျွန်တော်တို့ ကျောက်မီးသွေး တစ်ခုတည်းနဲ့ လုပ်မယ်ဆိုပြီး စာချုပ်ချုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒီပေါ်မှာ ကျောက်မီးသွေး သို့မဟုတ် အခြားသင့်တော်မယ့် လောင်စာ LNG စသည်ဖြင့် ကျွန်တော်တို့က အများကြီး မာကင်တွေ ရှိပါတယ်။ ဒီပေါ်မှာ ဘာနဲ့ဘယ်လို လုပ်မယ်ဆိုတဲ့ အချက်မရောက်သေးပါဘူး။ ကျွန်တော်တို့ ဖြစ်နိုင်ခြေတွေ လေ့လာရမယ်။ ဖြစ်လာမယ့် အကျိုးဆက်ဆက်တွေ ရမယ့်အကျိုးနဲ့ ဖြစ်လာမယ့် အပြစ်တွေ အများကြီးသုံးသပ်ပြီးမှ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပြီးလို့ရှိရင် ဒီမှာရှိတဲ့ လူထုသဘောထား အမြင်တွေနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ကျောက်မီးသွေးနဲ့လုပ်မယ် မလုပ်ဘူးတော့ အခုချိန်မှာ ကျွန်တော်တို့ ယတိပြတ် ဆုံးဖြတ်ထားတာ မရှိပါဘူး” ဟု ဦးစည်သူစိုးက ပြောကြားသည်။
ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းဒေသ၌ ဂျပန်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ခုကို တည်ဆောက်ရန် လုပ်ဆောင်ခဲ့သေးပြီး ထိုအချိန်က ဒေသခံ ပြည်သူများ၏ ကန့်ကွက်မှုများကြောင့် ဖျက်သိမ်းခဲ့ရကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်မှုများ ရှိနေသည်ဟု ဆိုသော်လည်း မဂ္ဂါဝပ် ၁၃၉၀ ခန့် ထုတ်လုပ်နိုင်မည့် LNG စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခုကို မီးလင်းဂျိုင်ဒေသတွင် စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။















