ICJ တွင် တရားစွဲဆိုခံရမှုအပေါ် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သွားရောက်မည့်အစီအစဉ်ကို ကြိုဆိုထောက်ခံကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ထုတ်ပြန်

ICJ တွင် တရားစွဲဆိုခံရမှုအပေါ် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သွားရောက်မည့်အစီအစဉ်ကို ကြိုဆိုထောက်ခံကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ထုတ်ပြန်
Published 7 December 2019
ဉာဏ်လင်းထွန်း

ICJ တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဦးဆောင်သွားရောက်ဆောင်ရွက်မည့်အပေါ် ကြိုဆိုထောက်ခံကြောင်း သူရဦးရွှေမန်းခေါင်းဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားရောက်ရာတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရပ်တည်ပြီး နိုင်ငံသားများ၏ ဂုဏ်သိက္ခာအတွက်လည်း တတ်စွမ်းသမျှ ကြိုးပမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပါတီထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော်သမ္မတ မဟုတ်သော်လည်း နိုင်ငံ၏ ခေါင်းဆောင်ဖြစ်သလို လက်ရှိအာဏာရပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်ဟု ပါတီထုတ် ပြန်ချက်က ဆိုသည်။

ICJ တွင် မြန်မာနိုင်ငံကို တရားစွဲဆိုထားခြင်းက နိုင်ငံအနေဖြင့် ပကတိဖြစ်ရပ်မှန်များကို ကောင်းစွာပြန်လည်ရှင်းလင်းနိုင်မည့် အခွင့်အလမ်းရရှိသည်ဟု ယူဆကြောင်း ပါတီက ထုတ်ပြန်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ ကွန်ဗင်းရှင်း များ၊ အပြည်ပြည်ဆိုင်ရာတရားရုံး၏ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားနည်းလမ်းတကျ မှန်ကန်မျှတစွာ ရင်ဆိုင်ရန် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက အကြံပြုသည်။

မြန်မာနိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသားများ၏ ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မည်ဟု အလေးအနက် ယုံကြည်ပါသည်ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ထုတ်ပြန်သည်။

လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရေးနှင့် အရေးယူအပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းကို လိုက်နာမှုမရှိဆိုသည့် စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ) တွင် နိုဝင်ဘာ ၁၁ ရက်တွင် တရားစွဲဆိုခဲ့ပြီး အမှုကြားနာခြင်းကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ဆောင်ရွက် မည်ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ICJ တရားရုံးတည်ရှိရာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း မြန်မာအစိုးရက နိုဝင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။    

 

 

Most Read

Most Recent