အန်ဒရေဂိုးမက်စ်၏ ခြေချင်းဝတ်အရိုးကျိုးဒဏ်ရာ ခွဲစိတ်ကုသမှုအောင်မြင်

အန်ဒရေဂိုးမက်စ်၏ ခြေချင်းဝတ်အရိုးကျိုးဒဏ်ရာ ခွဲစိတ်ကုသမှုအောင်မြင်
Published 5 November 2019

အဲဗာတန်အသင်းကွင်းလယ်လူ အန် ဒရေဂိုးမက်စ်သည် စပါးအသင်းနှင့်ပွဲတွင် ရရှိခဲ့သည့် ခြေချင်းဝတ်အရိုးကျိုးဒဏ်ရာကို နိုဝင်ဘာ ၄ ရက် (တနင်္လာနေ့)တွင် ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အောင်မြင်ခဲ့ကြောင်း  အဲဗာတန်အသင်းက သတင်းထုတ်ပြန်ခဲ့သည်။

အဲဗာတန်အသင်း၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက '' အန်ဒရေဂိုးမက်စ်ရဲ့ ညာခြေချင်းဝတ်အရိုးကျိုးသွားမှုကို ပြန်လည်တည့်မတ်ဖို့ ဒီနေ့မှာ ခွဲစိတ်ကုသမှုခံယူခဲ့တယ်ဆိုတာ အဲဗာတန်အသင်းအနေနဲ့ အတည်ပြုပါတယ်။ အခြေအနေက ကောင်းပါတယ်။ အန်ဒရေအနေနဲ့ ဆေးရုံမှာ အချိန်ကာလအနည်းငယ်နေရဦးမှာပါ။ USM Finch Farm(အဲဗာတန်လေ့ကျင့်ရေးကွင်း)မှာ ပြန်လည်ထူထောင်ရေးအတွက် အသင်းဆေးဝန်ထမ်းရဲ့အကူအညီနဲ့ မလုပ်နိုင်ခင်အထိပေါ့။ သူကလည်း ဒဏ်ရာကနေ အလုံးစုံပြန်ကောင်းဖို့ မျှော်လင့်နေပါတယ်'' ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက အဲဗာတန်အသင်းပရိသတ်များနှင့် ဘောလုံးမိသားစုဝင်များ၏ အားပေးမှုများအတွက် အန်ဒရေကိုယ်စား ကျေးဇူးတင်စကား ဆိုခဲ့သည်။

ပေါ်တူဂီလက်ရွေးစင်ကစားသမား အန်ဒရေဂိုးမက်စ်သည် နိုဝင်ဘာ ၃ ရက်က စပါး အသင်းနှင့် တစ်ဂိုးစီသရေကျသည့်ပွဲ ဒုတိယပိုင်း မိနစ် ၇၀ ကျော်တွင် ပြိုင်ဘက်ကစားသမား ဆွန်ဟောင်မင်၏ဖျက်ထုတ်မှုကြောင့် လဲကျသွားစဉ် အော်ရီယေးနှင့် ထပ်မံထိခိုက်မိခဲ့ခြင်းဖြစ်သည်။

ရုပ်သံမှတ်တမ်းများအရ ဂိုးမက်စ်သည် ဆွန်ဟောင်မင်နှင့်ထိခိုက်မှုကြောင့် ယာဘက်ခြေချင်းဝတ်အရိုးကျိုးသွားခြင်းဖြစ်ပြီး အဲဗာတန်အသင်းဆေးအဖွဲ့က မိနစ်အနည်းငယ်ကြာ အရေးပေါ်ကုသမှု ပြုလုပ်ပေးပြီးနောက် အောက်ဆီဂျင်ပေး၍ ထမ်းစင်ဖြင့်သယ်ထုတ်ကာ ဆေးရုံသို့ချက် ချင်းပို့ဆောင်ခဲ့ရကြောင်း သိရသည်။

သို့ဖြစ်ရာ ဂိုးမက်စ်အနေဖြင့် ကာလရှည်အနားယူရမည် ဖြစ်ပြီး အနည်းဆုံးခြောက်လမှ တစ်နှစ်ဝန်းကျင်အထိ ဘောလုံးကစားခြင်း ရပ်နားထားရနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent