ထိုင်းနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန််ယူကျင်းပခဲ့သည့်  ၃၅  ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပြီးဆုံးခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာအား ဗီယက်နမ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

ထိုင်းနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန််ယူကျင်းပခဲ့သည့်  ၃၅  ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပြီးဆုံးခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာအား ဗီယက်နမ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်
သတင်းနှင့် ဓာတ်ပုံ - ကျော်ဇော်လင်း၊ ကျော်ဇင်ဝင်
သတင်းနှင့် ဓာတ်ပုံ - ကျော်ဇော်လင်း၊ ကျော်ဇင်ဝင်
Published 4 November 2019
သတင်းနှင့် ဓာတ်ပုံ - ကျော်ဇော်လင်း၊ ကျော်ဇင်ဝင်

ထိုင်းနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန််ယူကျင်းပခဲ့သည့် ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ပြီးဆုံးခဲ့ပြီဖြစ်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာအား ဗီယက်နမ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၄  ရက်အထိ ပြုလုပ်ခဲ့သည့် ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နမ်သာဘူရီတွင် ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂ ရက်တွင် ဖွင့်ပွဲပြုလုပ်ခဲ့ကာ နိုဝင်ဘာ ၄ ရက်တွင် ပိတ်ပွဲအခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်။

အာဆီယံအစည်းအဝေးပိတ်ပွဲအခမ်းအနားကို ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပခဲ့သည့် ဘန််ကောက်မြို့ နမ်သာဘူရီ IMPACT FOURM ရှိ GRAND DIAMOND BALLROOM တွင် ပြုလုပ်ခဲ့ပြီး ပိတ်ပွဲအခမ်းအနားတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးနောက် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်ထံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းကာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ဆက်လက်ထမ်းဆောင်မည့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ပိတ်ပွဲအခမ်းအနားပြီးဆုံးခဲ့သည်။ 

၃၅ ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ၏ မျက်နှာစုံညီထိပ်သီးအစည်းအဝေးများသို့ အာဆီယံဒေသတွင်းရှိ ဝန်ကြီးများ၊ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ခဲ့သည့်အပြင် အာရှအင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့အပြင် ရုရှား၊  သြစတေးလျ၊ နယူးဇီလန်တို့မှ နိုင်ငံ့ခေါင်းဆောင်များနှင့် အကြီးအကဲများတက်ရောက်ခဲ့ပြီး အမေရိကန််နိုင်ငံမှ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သာ တက်ရောက်ခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးများ၏ အစဉ်အလာအတိုင်း ဒေသတွင်းစီးပွားရေးကိစ္စရပ်များနှင့် အာရှ၊ ဥရောပနှင့် ကမ္ဘာ့ထိပ်သီး အမေရိကန်၊ ရုရှားတို့နှင့် နိုင်ငံရေး၊ စီးပွားရေးအရ ချိတ်ဆက်ပြီး အာဆီယံအသိုက်အမြုံ တိုးတက်စေရေးအပေါ် အခြေခံကာ အစည်းအဝေးများကို ဒေသတွင်း ၁၀ နိုင်ငံက အိမ်ရှင်အဖြစ် အသီးသီးလက်ခံကျင်းပကြခြင်းဖြစ်သည်။

ယခုအစည်းအဝေးကာလအတွင်း ဒေသတွင်းအာဆီယံခေါင်းဆောင်များ၏ ၃၅ ကြိမ်မြောက် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး၊ ၂၂ ကြိမ်မြောက် အာဆီယံနှင့် တရုတ်ထိပ်သီးအစည်းအဝေး၊ ၁၆ ကြိမ်မြောက် အာဆီယံနှင့် အိန္ဒိယထိပ်သီးအစည်းအဝေး၊ ၁၀ ကြိမ်မြောက် အာဆီယံနှင့် ကုလသမဂ္ဂထိပ်သီးအစည်းအဝေး၊ ၂၂ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုးရီးယား (APT) ထိပ်သီးအစည်းအဝေး၊ ၂၂ ကြိမ်မြောက် အာဆီယံနှင့် ဂျပန်ထိပ်သီးအစည်းဝေး၊ ခုနစ်ကြိမ်မြောက် အာဆီယံနှင့် အမေရိကန်ခေါင်းဆောင်များ အစည်းအဝေး စသည်တို့ကိုပြုလုပ်ခဲ့သည်။

၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကာလအတွင်း ဒေသတွင်းပဋိပက္ခ ပူးပေါင်းဖြေရှင်းရေးယန္တရားကို အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ သက်ဆိုင်ရာဝန်ကြီးများက လက်မှတ််ရေးထိုးခြင်း၊ အာဆီယံနှင့် ကမ္ဘာဘောလုံးအဖွဲ့ချုပ်(FIFA)အကြား FOOTBALL FOR SCHOOLS အစီအစဉ် အကောင်ထည်ဖော်ရန် နားလည်မှုစာချွန်(MOU)ရေးထိုးခြင်း၊ ဂျာမနီ၊ ဘာရိန်းတို့နှင့် အာဆီယံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး(TAC)အတွက် လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယခုဆွေးနွေးပွဲတွင် အာဆီယံနှင့် ကမ္ဘာ့ထိပ်သီးနိုင်ငံများ၏ စီးပွားရေးကုန်သွယ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြသော်လည်း ပြီးပြတ်ခြင်းမရှိသည့် အကြောင်းအရာများကို လာမည့် ၃၆  ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း ဆက်လက်ဆွေးနွေးသွားကြရန် ခေါင်းဆောင်များအကြား သဘောတူခဲ့ကြကြောင်း သိရသည်။

အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားအပြီးတွင် ထိုင်းဝန်ကြီးချုပ်ပရာယွတ်က သတင်းစာရှင်းလင်းပွဲအခမ်းအနားပြုလုပ်၍ ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲနှင့် ပတ်သက်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် အာဆီယံ-နယူးဇီလန် ထိပ်သီးအစည်းအဝေးပွဲကို လာမည့် ၃၆ ကြိမ်မြောက် ဗီယက်နမ်ထိပ်သီးအစည်းအဝေးပွဲ၌ ထည့်သွင်းကျင်းပမည်ဟု သဘောညီမှုရရှိခဲ့ကြောင်းနှင့် ယခုထိပ်သီးဆွေးနွေးပွဲတွွင် ဖီဖာနှင့် နားလည်မှုစာချွန်လွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းက ၂၀၃၄ တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပွဲအား အာဆီယံဒေသကနိုင်ငံများမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရန် အခွင်းအလန်းဖြစ်လာနိုင်ကြောင်း ထိိုင်းဝန်ကြီးချုပ်ပရာယွတ်က ပြောကြားခဲ့သည်။

 

Most Read

Most Recent