တရုတ်နိုင်ငံမှ Ruili Airlines ၏ မြန်မာနိုင်ငံနှင့် ချိတ်ဆက်ပျံသန်းသည့် ဒုတိယမြောက်ခရီးစဉ်အဖြစ် ရန်ကုန်လေဆိပ်နှင့် ယူနန်ပြည်နယ်ရှိ သယ်ဟုန်သို့လေကြောင်းခရီးစဉ် စတင်ပျံသန်း

တရုတ်နိုင်ငံမှ Ruili Airlines ၏ မြန်မာနိုင်ငံနှင့် ချိတ်ဆက်ပျံသန်းသည့် ဒုတိယမြောက်ခရီးစဉ်အဖြစ် ရန်ကုန်လေဆိပ်နှင့် ယူနန်ပြည်နယ်ရှိ သယ်ဟုန်သို့လေကြောင်းခရီးစဉ် စတင်ပျံသန်း
 Ruili Airlines မှ လေယာဉ်အမှုထမ်းများကို တွေ့ရစဉ်
Ruili Airlines မှ လေယာဉ်အမှုထမ်းများကို တွေ့ရစဉ်
Published 28 October 2019
ရွှန်းလဲ့ဝင်း

တရုတ်နိုင်ငံမှ Ruili Airlines ၏ မြန်မာနိုင်ငံနှင့် ချိတ်ဆက်ပျံသန်းသည့် ဒုတိယမြောက်ခရီးစဉ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ယူနန်ပြည်နယ်ရှိ သယ်ဟုန်သို့ လေကြောင်းခရီးစဉ် စတင်ပျံသန်းခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိပါသည်။

Ruili Airlines သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ယူနန်ပြည်နယ်ရှိ သယ်ဟုန်သို့ ပထမဆုံးလေကြောင်းခရီးစဉ် ပျံသန်းမှုကို အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ Ruili Airlines သည် ၂၀၁၉ ဇန်နဝါရီ ၃၁ ရက်တွင် မန္တလေး-မန်ရှီးခရီးစဉ်အား စတင်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ယခုပျံသန်းသည့် ရန်ကုန်-သယ်ဟုန်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ချိတ်ဆက်ပျံသန်းသည့် ဒုတိယမြောက် လေကြောင်းခရီးစဉ်ဖြစ်သည်။

fb_img_1572256391257.jpg

Ruili Airlines လေယာဉ် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်

Ruili Airlines သည် ရန်ကုန်-သယ်ဟုန်ခရီးစဉ်အား ခရီးသည် ၁၄၄ ဦး သယ်ယူဝန်ဆောင်မှုပေးနိုင်သည့် ဘိုးရင်း 737 လေယာဉ်ဖြင့် တစ်ပတ်လျှင်လေးကြိမ် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တရုတ်လေကြောင်းလိုင်းများဖြစ်သည့် Haina Airlines, Sichuan Airlines, China Eastern Airlines, Xiamen Airlines နှင့်Spring Airlines, Kunming Airlines နှင့် Ruili Airlines တို့က ရန်ကုန်လေဆိပ်နှင့် တရုတ်နိုင်ငံရှိ မြို့ကြီးများကို ခရီးစဉ်သစ်ပျံသန်းမှုများ စတင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၁၆ ရက်က တရုတ်နိုင်ငံလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Kunming Airlines သည် ရန်ကုန် - ကူမင်းတိုက်ရိုက်ခရီးစဉ်သစ်အား တစ်ပတ်လျှင် လေးကြိမ် စတင်ပျံသန်းခဲ့သည်။

ကူမင်း-ရန်ကုန် တိုက်ရိုက်ချိတ်ဆက်ပျံသန်းမည့် အဆိုပါခရီးစဉ်ကို ခရီးသည်စုစုပေါင်း C 8 Y160 ဦး သယ်ယူဝန်ဆောင်မှု ပေးနိုင်မည့် Boeing 738 အမျိုးအစားလေယာဉ်ဖြင့် တစ်ပတ်လျှင် လေးကြိမ်ပျံသန်း သွားမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ကိုးလတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်လာသည့် တရုတ်ခရီးသွားအရေအတွက်မှာ ယခင်နှစ်ကာလတူတွင် ဝင်ရောက်ခဲ့သည့် ခရီးသွားဦးရေနှင့် နှိုင်းယှဉ်ပါက ၈၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ လေကြောင်းလိုင်းသစ် တိုးချဲ့ပျံသန်းခြင်းဖြင့် ရန်ကုန်လေဆိပ်အနေဖြင့် မြန်မာနိုင်ငံသို့ လေကြောင်းမှတစ်ဆင့် လာရောက်လည်ပတ်သော တရုတ်ခရီးသွားစျေးကွက်၏ ပိုမိုအားကောင်းလာမှုကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ruili Airlines ၏ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုးချဲ့ပြေးဆွဲမှုနှင့်အတူ လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၃၆ လိုင်းမှ အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၃၄ ခု ပြေးဆွဲနေခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ကိုးလတာအတွင်း နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုတွင် ဗီဇာဖြေလျှော့မှုများ ပြုလုပ်ထားသည့် နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံမှ ခရီးသွား ၁၄၀ ရာခိုင်နှုန်း၊ ကိုရီးယားနိုင်ငံမှ ခရီးသွားရာခိုင်နှုန်း ၈၀ ကျော်နှင့် ဂျပန်နိုင်ငံမှ ခရီးသွားရာခိုင်နှုန်း ၂၀ ကျော်အထိ တိုးတက်ဝင်ရောက်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

                  

 

 

Most Read

Most Recent