ပါ၀ါအပျော့၊ တောင်ပိုင်းမူဝါဒသစ်နှင့် အာဆီယံ-ကိုရီးယားရထား

ပါ၀ါအပျော့၊ တောင်ပိုင်းမူဝါဒသစ်နှင့် အာဆီယံ-ကိုရီးယားရထား
အောက်တိုဘာ ၁၇ ရက်က ဆူချွန်းပင်လယ်အော် စိမ့်မြေဘေးမဲ့တော၌ ASEAN-Korea Train  အစီအစဉ်တွင် ပါဝင်သူများ အမှတ်တရဓာတ်ပုံ ရိုက်ကူးကြစဉ်
အောက်တိုဘာ ၁၇ ရက်က ဆူချွန်းပင်လယ်အော် စိမ့်မြေဘေးမဲ့တော၌ ASEAN-Korea Train အစီအစဉ်တွင် ပါဝင်သူများ အမှတ်တရဓာတ်ပုံ ရိုက်ကူးကြစဉ်
Published 27 October 2019
နရီမင်း

၂၀၁၉ ခုနှစ်သည် အာဆီယံ-ကိုရီး ယား အပြန်အလှန် ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ်နှစ်ဖြစ်သည်။ ၁၉၈၉ ခု နှစ်တွင် အပြန်အလှန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီးနောက် နှစ်ဦးနှစ်ဖက်သည် သိသာထင်ရှားသော အောင်မြင်မှုများကို ရယူနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ပြည်သူအချင်းချင်း ဖလှယ်မှုသည် ၁၁ သန်းကျော်အထိ ရောက်ရှိခဲ့သည်။ စီးပွားရေးမျက်နှာစာတွင် အာဆီယံသည် တောင်ကိုရီးယားအတွက် ဒုတိယမြောက်အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ခဲ့ ပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏသည် အမေရိ ကန်ဒေါ်လာ ၁၆၀ ဘီလျံရှိသည်။ အာဆီယံ သည် ကိုရီးယားကုမ္ပဏီများအတွက် စတုတ္ထမြောက်အကြီးဆုံး သွားရောက်ရင်းနှီးမြှုပ်နှံရာ နေရာအဖြစ်လည်း ပေါ်ထွက်လာခဲ့သည်။

■ တောင်ပိုင်းမူဝါဒသစ်

အာဆီယံနှင့် ကိုရီးယားတို့အကြား မိတ်ဖက်ပြုမှုသည် ကိုရီးယားသမ္မတမွန်းဂျေအင်း၏ တောင်ပိုင်းမူဝါဒသစ်(NSP) အောက်၌ ပို၍ပင်ထင်ရှားကြီးထွား၍လာခဲ့သည်။ NSP သည် ပြည်သူ၊ ကြွယ်ဝမှုနှင့် ငြိမ်းချမ်းရေးဟူသည့် မဏ္ဍိုင်သုံးရပ်ပေါ် အခြေပြုလျက် နှစ်ဦးနှစ်ဖက်အကြား မိတ်ဖက်ပြုမှုကို ပိုမိုမြင့်မားသော အဆင့်သို့ ရောက်အောင် စဉ်ဆက်မပြတ် မြှင့်တင်ရန် ရည်ရွယ်သည်။ ယင်းကဲ့သို့သော မူဝါဒချ မှတ်ထားမှုအောက်၌ ၂၀၁၉ အာဆီယံ-တောင်ကိုရီးယား အထိမ်းအမှတ်ထိပ်သီး ဆွေးနွေးပွဲနှင့် မဲခေါင်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲတို့ကို ဘူဆန်မြို့၌ နိုဝင် ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပရန် စီ စဉ်ထားပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင် ရွက်ရေးကို ထပ်မံနက်ရှိုင်းအောင် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

 

■ အာဆီယံ-ကိုရီးယား ရထားအစီအစဉ်

အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင် ရွက်မှုအတွက် အဓိကကြားခံအဖြစ်ဆောင်ရွက်သည့် ASEAN-Korea Centre (AKC) က အာဆီယံ-ကိုရီးယား ဆက်ဆံရေး နှစ် ၃၀ ပြည့်နှင့် AKC ထူထောင်ခြင်း ၁၀ နှစ် ပြည့် အထိမ်းအမှတ်အဖြစ် ASEAN-Korea Train : Advancing Together  အစီအစဉ်ကို ကြီးမှူးဆောင်ရွက်ခြင်းဖြစ်သည်။

ASEAN- Korea Train အစီအစဉ်သည် ဒေသတွင်းရှိ ပြည်သူများ အတူတကွ စဉ်ဆက်မပြတ် တိုးတက်ရေးဖွံ့ဖြိုးရေး၌ ပူး ပေါင်းပါဝင်အားထုတ်ကြရန်၊ ယဉ်ကျေးမှုဆိုင်ရာများကို ဂရုပြုမိလာကြစေရေးကို မြှင့် တင်ရန်နှင့် ယဉ်ကျေးမှုချင်း ကူးလူးလျက် ဒေသတွင်း ငြိမ်းချမ်းရေးဆန္ဒများကို ဖလှယ် ရန် ရည်ရွယ်သည်ဟု ဆိုသည်။

ထို့အတွက် AKC သည်  ကိုရီးယားနှင့် အာဆီယံနိုင်ငံများမှ အစိုးရအဖွဲ့၊ စီးပွားရေး မှသည် ပညာရပ်၊ အနုပညာနှင့် လူငယ်ရေးရာ နယ်ပယ်များအထိ ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်ကို အစီအ စဉ်တွင် ပါဝင်ရန် ဖိတ်ကြားခဲ့သည်။

           

■ ပါ၀ါအပျော့ 

၂၀၁၂ ခုနှစ်တွင် ဟားဗက်တက္ကသိုလ်မှ ဂျိုးဆက်နိုင်းက ပါ၀ါအပျော့ (Soft Power) နှင့်ပတ်သက်၍ “အကောင်းဆုံး ၀ါဒဖြန့်ချိ ရေးဆိုတာ ၀ါဒဖြန့်ချိရေး မဟုတ်တာပဲ”  ဟု ရှင်းပြခဲ့သည်။ ထို့အပြင် သတင်းအချက်အလက်ခေတ်အတွင်း “ယုံကြည်ရမှုသည် အရှားပါးဆုံးရင်းမြစ်”  ဟု ရှင်းပြခဲ့သည်။ ဂျိုး ဆက်နိုင်းသည် ပါ၀ါအပျော့ဟူသည့် စကားရပ်ကို ၁၉၉၀ ပြည့်နှစ်တွင် ထုတ်ဝေသည့် သူ၏စာအုပ် Bound to Lead : The Changing Nature of American Power တွင် သုံးစွဲခဲ့သည်။ ယင်းစာအုပ်တွင် သူက “နိုင်ငံတစ်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေကို လိုလားတဲ့အခါ သူတို့ လိုလားလာအောင် လုပ်တာမျိုးကို ဆွဲဆောင်သိမ်းသွင်းခြင်း ဒါမှမဟုတ် ပါ၀ါအပျော့လို့ ဆိုနိုင်ပါတယ်။ ပါ၀ါအမာ ဒါမှမဟုတ် အမိန့်ပေးတဲ့ပါ၀ါနဲ့ ကိုယ် အလိုရှိတာကို တခြားသူကို အမိန့်ပေးတာမျိုးနဲ့ မတူပါဘူး”  ဟု ရေးသားခဲ့သည်။ သူသည် ယင်းသဘောတရားကို ၂၀၀၄ ခု နှစ်တွင် ထုတ်ဝေသည့်  Soft Power : The Means to Success in World Politics စာအုပ်တွင် နောက်ထပ်ဖွံ့ဖြိုးအောင် ပြုလုပ်ခဲ့ သည်။ ယခုအခါ ပါ၀ါအပျော့ဟူသည့် စကားရပ်ကို နိုင်ငံတကာရေးရာများအား လေ့လာသုံးသပ်ရာတွင် သုံးသပ်သူများနှင့် စတိတ်မန်းများက ကျယ်ကျယ်ပြန့်ပြန့် အ သုံးပြုလာကြသည်။

ဥပမာအားဖြင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့စဉ် ရောဘတ်ဂိတ်က အမျိုးသားလုံခြုံရေးနှင့် ပတ်သက်သော အရပ်ဘက်ဆိုင်ရာ တန်ဆာပလာများ (သံတမန်ရေး၊ မဟာဗျူဟာမြောက် ဆက်ဆံရေး၊ နိုင် ငံခြားထောက်ပံ့မှု၊ အရပ်ဘက်ဆိုင်ရာ ဆောင်ရွက်ချက်များ၊ စီးပွားရေးဆိုင်ရာ ပြန်လည်တည်ဆောက်မှုနှင့် ဖွံ့ဖြိုးမှုများ) နှင့်ပတ်သက်၍ သုံးစွဲမှုကို သိသိသာသာ မြှင့်တင်ခြင်းဖြင့် အမေရိကန်၏ ပါ၀ါအပျော့ကို ကြီးထွားအောင် ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ဖူးသည်။

၂၀၁၁ ခုနှစ်တွင် ရှီကျင်ပင်းသည် အထွေထွေအတွင်းရေးမှူး ဟူကျင်တောင်ထံမှ အာဏာကိုရယူရန် ပြင်ဆင်နေစဉ် ၁၇ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီအစည်းအဝေး၌ ယဉ်ကျေးမှုအကြောင်းအရာနှင့် ပတ်သက်၍ ကြေညာချက် ထုတ် ပြန်ရာ၌ “ကျွနု်ပ်တို့နိုင်ငံကို ဆိုရှယ်လစ်ယဉ် ကျေးမှု စူပါ ပါ၀ါနိုင်ငံအဖြစ် တည်ဆောက်ဖို့ ဆိုတာ အမျိုးသားရေး ရည်မှန်းချက်တစ်ရပ် ဖြစ်ပါတယ်”  ဟု ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ရှီကျင်ပင်းက “ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့ ပါ၀ါအပျော့ကို တိုးတက်အောင် လုပ်ရမယ်၊ ကောင်းမွန်တဲ့ တရုတ်နိုင်ငံရဲ့ ဇာတ်ကြောင်းကို ပေးပြီး တရုတ်နိုင်ငံရဲ့ မက် ဆေ့ချ်တွေကို ကမ္ဘာကြီးနဲ့ ပိုမိုကောင်းမွန်အောင် ဆက်သွယ်ပေးရမယ်”  ဟု ပြောကြားခဲ့သည်။

ပါ၀ါအပျော့ သည် အထက်စီးမှနေ၍ အကျပ်ကိုင်ခြင်း (Hard Power) ကဲ့သို့မဟုတ်ဘဲ ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းဖြစ်သည်။ ပါ၀ါအပျော့သည် ဆွဲဆောင်သိမ်းသွင်းမှုမှတစ်ဆင့် အခြားသူများ၏ ဦးစား ပေးမှုကို ပုံသွင်းနိုင်စွမ်းဖြစ်သည်။ ပါ၀ါအပျော့၏ စရိုက်လက္ခဏာကို သတ်မှတ်ရာ၌ အကျပ်ကိုင်မှုမရှိခြင်းသည် အဓိကကျပြီး ပါ၀ါအပျော့နှင့်ပတ်သက်၍ ယခုလက်ရှိ သုံးစွဲ နေသော အကြောင်းအရာများမှာ ယဉ်ကျေး မှု၊ နိုင်ငံရေးစံတန်ဖိုးများနှင့် နိုင်ငံခြားရေး မူဝါဒများဖြစ်သည်။ ယင်းစကားရပ်ကို မကြာသေးမီက ပွင့်လင်းမြင်သာမှုနည်းပါး သော လမ်းကြောင်းများမှတစ်ဆင့် လူမှုရေး ရာနှင့် အများပြည်သူဆိုင်ရာ ထင်မြင်ချက်များကို ပြောင်းလဲစေရန်နှင့် ယင်းထင်မြင် ချက်များအပေါ် သြဇာလွှမ်းမိုးရန် ပြုလုပ် ခြင်းတွင်လည်းကောင်း၊ သြဇာရှိသည့် နိုင်ငံ ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံရေး နှင့်မဆိုင်သော အဖွဲ့အစည်းများမှတစ်ဆင့် လော်ဘီလုပ်ခြင်းတွင်လည်းကောင်း၊ စီးပွား ရေးသြဇာလွှမ်းမိုးမှုမှတစ်ဆင့် လော်ဘီလုပ် ခြင်းတွင်လည်းကောင်း အသုံးပြုလာသည်။ ကမ္ဘာ့နိုင်ငံများ (အထူးသဖြင့် စီးပွားရေးအင် အားကြီးနိုင်ငံများ) က ၎င်းတို့၏ ပါ၀ါအပျော့ ကို ကြီးထွားအောင် ပြုလုပ်လာကြချိန်၌ အာဆီယံ-ကိုရီးယားရထား ခရီးစဉ်သည် စီးပွားရေးအင်အား ကြီးထွားလာသော တောင် ကိုရီးယားနိုင်ငံအနေဖြင့်လည်း ပါ၀ါအပျော့ ထူထောင်လျက် သူ၏ တောင်ပိုင်းမူဝါဒသစ် ကို မြှင့်တင်လာခြင်းပင်ဖြစ်သည်။

 

■ KBS ဖြေဖျော်ပွဲ

KBC Open Concert သည် ၁၉၉၃ ခု နှစ်ကတည်းက ထုတ်လွှင့်လာသည့် ကိုရီးယား၏ ဂန္ထဝင် ရုပ်သံဖျော်ဖြေပွဲတစ်ခု ဖြစ်သည်။ “လူသားအားလုံး ခံစားနိုင်ဖို့ ဂီတ” ဟူ သည့် ဆောင်ပုဒ်နှင့်အညီ KBS ဖြေဖျော်ပွဲ များ၌ ရိုးရာနှင့် ခေတ်ပြိုင်ဂီတမှသည် K-pop နှင့် နိုင်ငံရပ်ခြားမှ ဂီတဖျော်ဖြေမှုများ အထိ ဂီတအမျိုးအစားမျိုးစုံကို တင်ဆက်ပေးလေ့ရှိသည်။

အောက်တိုဘာ ၁၅ ရက်တွင် အထူးဖျော်ဖြေပွဲအဖြစ် ASEAN- Korea Train အစီအစဉ်၌ ပါဝင်သည့် ကိုယ်စားလှယ်များ ကို ဖျော်ဖြေပြီး ရိုက်ကူးထားမှုကို နိုဝင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ (မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲ) တွင် KBS 1 မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အောက်တိုဘာ ၁၅ ရက် ဖျော်ဖြေပွဲ၌ ပထမဆုံး ဖျော်ဖြေသူမှာ ကိုရီးယားရိုးရာဂီတ အဆိုတော် Park Aeri, Pansori နှင့် ကိုရီး ယားခေတ်ပေါ်အကပညာရှင် Poppin Hyunjoon တို့ ဖြစ်ပြီး သီချင်းအမည်မှာ Arirang ဖြစ်သည်။ သံရှည်ဆွဲကာ အသံအတင်အချ ပိုင်နိုင်လှသည့် ကိုရီးယားတို့၏ ကိုယ်ပိုင်ဟန်တစ်ရပ်ကို တွေ့ရသည်။

စင်မြင့်အောက်၌ အစောဆုံး နေရာယူထားခဲ့သည်မှာ သံစုံတေးဂီတဝိုင်းဖြစ်သည်။ အနည်းဆုံး လူပေါင်း ၁၀၀ ကျော် ပါဝင်သည်ဟု ထင်ရသည်။ နေရာကျဉ်းကျဉ်းကျပ်ကျပ် ၌ ကျပ်ညှပ်စွာ နေရာယူထားကြရသည့်အပြင် အနောက်တိုင်းဝတ်စုံပြည့် ထူထူထဲထဲ ကုတ်အကျႌကြီးများ ဝတ်ထားရပုံက စိတ်အိုက်စရာပင်။ ဆလိုက်မီးပေါင်းစုံကလည်း ထိုးကျလျက် ရှိနေသေးသည်။

စင်မြင့်အပြင်အဆင်များ၊ Backdrop များ၊ လားရာပေါင်းစုံမှ မီးဆလိုက်အမျိုးမျိုး၊ အထူးပြုလုပ်ချက်အမျိုးမျိုးနှင့် အသံစနစ် များ စသဖြင့် ခန်းမအတွင်း ထိတွေ့ရသမျှ အရာရာသည် ကိုရီးယားတို့၏ နည်းပညာ ခေတ်မီမှုနှင့် ဓနအင်အားတို့ကို ပြနေသည် ဟု ဆိုနိုင်သည်။

ဒုတိယမြောက် ဖျော်ဖြေသောအဖွဲ့မှာ  The Apex Project ဖြစ်သည်။ ယင်းအဖွဲ့ သည် ကိုရီးယားမှ မဟုတ်ဘဲ ASEAN- Korea Train အစီအစဉ်၌ ပါဝင်ရန် ဖိတ်ကြားခံရသည့် စင်ကာပူကိုယ်စားလှယ်များထဲမှ ဖြစ်သည်။ Cappella ဂီတအဖွဲ့ဖြစ်သည်။ Cappella ဆိုသည်မှာ မည်သည့်တူရိယာ ပစ္စည်းကိုမျှ အသုံးမပြုဘဲ ပါးစပ်မှ ထွက် သည့် အသံများကိုသာ အသုံးပြုခြင်းဖြစ် သည်။ ၎င်းတို့ ဖျော်ဖြေသည့် သီချင်းမှာ Sing Sing Sing ဖြစ်သည်။ စင်မြင့်ပေါ် နည်းပညာသုံး လှည့်ကွက်များဖြင့် pop/jazz/repertoire အမျိုးအစားကို ပိုင်ပိုင်နိုင်နိုင် ပြ သသွားသည်။ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦး ပါဝင်ပြီး အသက်အရွယ်မှာ အလွန်ပင် ငယ်ရွယ်လှသေးသည်။ အထက်တန်းကျောင်းသားများအရွယ်ဟုပင် ထင်ရ သည်။ Talent နှင့် Creativity ကို အားပေးသည့် စင်ကာပူပညာရေး၏ ထွက်ကုန်ဟု ဆိုနိုင်သည်။

တတိယမြောက် ဖျော်ဖြေသူမှာ ကိုရီးယားအမျိုးသမီးအဆိုတော် Sohyang ဖြစ်သည်။ နိုင်ငံတကာက ကိုရီးယား Mariah Carey ဟု တင်စားခေါ်ဝေါ်မှုကို ခံရသည့် ကမ္ဘာကျော် ကိုရီးယားအဆိုတော်ဖြစ်သည်။ Only My Hearts Knows You Raise Me Up သီချင်းကို သီဆိုခဲ့သည်။ သြဇာရှိလှသည့် အသံကို ကျွမ်းကျင်ပိုင်နိုင်စွာ လိုသလို ထိန်းချုပ်သီဆိုသွားပုံကို တွေ့ရသည်။ သံစုံတီးဝိုင်းက intro တီးစဉ် မကြိုက်၍ သုံးလေးခါ ပြန်ပြန်တီးခိုင်းသည်ကိုလည်း တွေ့ရသည်။ Sohyang နှင့် သံစုံတီးဝိုင်းခေါင်းဆောင်တို့ ၏ ပရော်ဖက်ရှင်နယ်လစ်ဇင်ကို တစ်စွန်းတစ်စ မြင်ရခြင်းပင်။

ယင်းနောက် ဆက်လက်ဖျော်ဖြေသူများမှာ ကိုရီးယား Operative pop group ဖြစ်သော Contempo – Divo ၊ K-pop girl group ဖြစ်သော Momoland ၊ ကိုရီးယား ရက်ပါ BeWhY နှင့် ကိုရီးယား အမျိုးသမီး အဆိုတော် Insooni တို့ ဖြစ်ကြသည်။

အောက်တိုဘာ ၁၇ ရက်က ဂွမ်းဂျူးမြို့ရှိ အာရှယဉ်ကျေးမှုဌာန (ACC) ၌ အထူးပြပွဲတစ်ရပ်ကို ပြသနေစဉ်

■ ယောင်ချွန်း- ဂျောင်ဂျူး- ဘူဆန်

အောက်တိုဘာ ၁၆ ရက်တွင် ဆိုးလ်မြို့ဘူတာရုံသို့ ထွက်ခွာလာကြပြီး ဆိုးလ်ဘူတာရုံတွင် ASEAN- Korea Train အစီအစဉ် ဖွင့်ပွဲအခမ်းအနားကိုပြုလုပ်သည်။ ဘူတာရုံ ၏ အရာရာသန့်ရှင်း၊ သပ်ရပ်၊ အစီအစဉ်တကျ ရှိနေပုံက ကိုရီးယားတို့၏ စည်းကမ်း၊ နည်းပညာနှင့် ချမ်းသာကြွယ်ဝမှုတို့ကို ပြသနေသည်။

ယင်းနောက် အာဆီယံ- ကိုရီးယား ရထားသည် ယောင်ချွန်းမြို့သို့ ထွက်ခွာလာခဲ့သည်။ ရထားလမ်းဘေးတစ်လျှောက် တွေ့ မြင်ရသည်က ထုံးစံအတိုင်း လယ်ကွင်းများနှင့် တောင်များသာဖြစ်သည်။ သို့သော် မြင့်မားလှသည့် အဆောက်အအုံကြီးများကို ကျိုးတိုးကျဲတဲတွေ့မြင်ရသည်။ တစ်ထပ်၊ နှစ် ထပ် အိမ်ငယ်ကလေးများစွာ ပြန့်ကျဲနေခြင်းမျိုးကို တွေ့ရှိရခြင်းမရှိဘဲ မြင့်မားသည့် မိုး မျှော်တိုက်ကြီးများတစ်ခုစ နှစ်ခုစဆိုသလို မျိုးသာ တွေ့မြင်ရခြင်းဖြစ်သည်။ ဧရာမ အကောင်ကြီးတစ်ကောင်က အကောင်ငယ် များအားလုံးကို ၀ါးမျိုလိုက်သကဲ့သို့ရှိ၏။ ထို့ ကြောင့် အိမ်များ၊ လူများ ပွစာကျဲနေခြင်းမျိုး မရှိတော့ဘဲ မြေပြင်၌ ရှင်းလင်းသွားကာ ပို၍သပ်ရပ်သွားပုံရ၏။ အရင်းရှင်ပီပီသသ နိုင်ငံတစ်နိုင်ငံ၏ ပြယုဂ်ဟုပင် ဆိုနိုင်သည်။

ရထားပေါ်တွင် တွဲအသီးသီး၌ အဆင့် မြင့်သည့် အသံစနစ်များနှင့် ဖျော်ဖြေပွဲများ ပြုလုပ်ရန် နေရာလွတ်များ ပါရှိသည်။ အာဆီယံနိုင်ငံအသီးသီးတို့မှ အနုပညာသမား များက ရထားခရီးစဉ်တွင် ဖျော်ဖြေမှုများပြု လုပ်ကြသည်။ မြန်မာနိုင်ငံမှ တက်သစ်စ သရုပ်ဆောင် / မော်ဒယ် ခါရာကလည်း ဖျော်ဖြေမှုပြုလုပ်ခဲ့သည်။

ယောင်ချွန်းမြို့သို့ ရောက်ရှိပြီးနောက်  ဘတ်စ်ကားဖြင့် ဂျောင်ဂျူးမြို့သို့ သွား ရောက်ကြသည်။ ဂျောင်ဂျူးမြို့သည် ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း သွင်းထားသည့် နေရာဖြစ်သည်။ နှစ်ပေါင်း ၉၉၂ နှစ်ကြာ ဆယ်လာခေတ်၏ မြို့တော် ဖြစ်ခဲ့သည်။ ဆီယိုရာဘိုးဟု ခေါ်ဝေါ်ခဲ့သည့် ဂျောင်ဂျူးမြို့၏ သမိုင်းသည် ဆယ်လာဘုရင် ခေတ်၏ သမိုင်းပင်ဖြစ်သည်။ ဆယ်လာခေတ် အနုပညာနှင့် လက်မှုပညာသမားများက ပုံဖော်ခဲ့ကြသော ဗုဒ္ဓဘာသာ၊ သိပ္ပံပညာ နှင့် ပြောင်မြောက်သည့် ရှေးဟောင်းယဉ် ကျေးမှုတို့၏ အငွေ့အသက်များကို ခံစား ရသည်။ ဂျောင်ဂျူးသည် အမိုးအကာမရှိ သည့် ပြတိုက်တစ်ခုဟုပင် ဆိုနိုင်သည်။

ဂျောင်ဂျူးမြို့ရှိ ဘူဂက်ဆာဘုရားကျောင်းသို့ သွားရောက်ခဲ့ကြသည်။ ဘူဂက်ဆာဘုရားကျောင်းသည် ဘုရင်ဂျောင်ဒက်  အုပ်စိုးသည့် ဒသမမြောက်နှစ်ဖြစ်သည့် ၇၅၁ ခုနှစ်၌ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဗုဒ္ဓဘာသာဘုရားကျောင်းကို ၁၉၇၃ ခုနှစ်တွင် ဝန်ကြီးချုပ် ကင်ဒေးဆန်းက ယခု အနေအထားသို့ရောက်အောင် ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ဘုရားကျောင်းအတွင်းရှိ ဒါဘိုတက်စေတီတော်၊ ဆုက်ဂါတက်စေတီတော်၊ ချွန်ဂန်ဂျိုးနှင့် ဘေဂန်ဂျိုး တံတားနှင့် ယွန်ဟွာဂျိုးနှင့် ချီဘိုဂျိုးတံတား ကဲ့သို့သော တည်ဆောက်မှုများသည် ဆယ်လာခေတ် ဗုဒ္ဓဘာသာအနုပညာ၏ ပြောင် မြောက်သော ရသဗေဒကို ပြသနေသည်။

ယင်းနောက် ဘူဆန်မြို့သို့သွားရောက်ခဲ့ကြသည်။ Paradise ဟိုတယ်၌ ဘူဆန်မြို့ တော်ဝန်က ညစာစားပွဲ၊ ဖျော်ဖြေပွဲတို့ဖြင့် ဧည့်ခံခဲ့သည်။

ဘူဆန်မြို့သည် တောင်ကိုရီးယားနိုင်ငံ ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ကုန်တင်သဘောင်္များဆိုက်ကပ်ရာ ကမ္ဘာ့ပဥ္ဇမမြောက် အကြီးဆုံး ဆိပ်ကမ်းဖြစ်သည်။ အာဆီယံနိုင်ငံများမှ နိုင်ငံသားပေါင်း ၂၀,၀၀၀ ခန့်သည် ဘူဆန်မြို့၌ နေထိုင်လျက်ရှိသောကြောင့် ဘူဆန်သည် အာဆီယံနှင့် ကိုရီးယားတို့၏  အထူးဆက်ဆံရေးတစ်ရပ်ကို ပြသနေသည် ဟု ဆိုနိုင်သည်။

■ ဆူချွန်းနှင့် ဂွမ်ဂျူး

အောက်တိုဘာ ၁၇ ရက်တွင် ရထားဖြင့် ဆူချွန်းမြို့သို့ထွက်ခွာလာသည်။ ဆူချွန်းမြို့သို့ ရောက်ရှိပြီးနောက် ဆူချွန်းပင်လယ် အော် စိမ့်မြေဘေးမဲ့တောသို့ သွားရောက် လေ့လာကြသည်။ စိမ့်မြေနေရာလွတ်များ သည် ကမ်းခြေများကို လှိုင်းများရိုက်ပုတ်ခြင်း ဒဏ်မှ ကာကွယ်ပေးပြီး ရေလွှမ်းမိုးမှု၏ ရိုက်ခတ်ချက်များကို လျော့ချပေးကာ ညစ်ညမ်း သည့်အရာများကို စုပ်ယူလျက် ရေအရည် အသွေးကို တိုးတက်စေသောကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၌ အရေးကြီးသော အစိတ်အပိုင်းမှ ပါဝင်သည်။ စိမ့်မြေ နေရာလွတ်များကို ဘေးမဲ့တောအဖြစ် တည်ဆောက်ထားခြင်းက ငှက်များ၊ အခြားတိရိ စ္ဆာန်များနှင့် အပင်များကို နေရာပေးထားနိုင် ပြီး ဇီဝမျိုးကွဲများ ကြွယ်ဝစွာတည်ရှိရေးကို အထောက်အကူပြုသည်။ အာဆီယံဒေသ အတွင်း၌ စိမ့်မြေနေရာလွတ်များသည် ဟက်တာ ၂၅ သန်းကျော်ရှိသည်။ အာဆီယံ ၏ လူမှု-ယဉ်ကျေးမှုအသိုင်းအဝိုင်း စီမံချက် နှင့် အာဆီယံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ မဟာဗျူဟာမြောက် စီမံချက်တို့ အောက်၌ စိမ့်မြေများ၌ ဇီဝမျိုးကွဲများတည် ရှိမှုကို ထိန်းသိမ်းရန် အားထုတ်မှုများကို အ ဆက်မပြတ် ပြုလုပ်ခဲ့သည်။

ဆူချွန်းပင်လယ်အော်စိမ့်မြေဘေးမဲ့တောသည် ကမ္ဘာ့အထင်ကရ ကမ်းရိုးတန်း စိမ့်မြေငါးခု၌ ပါဝင်ပြီး ကျူပင်တော ၅.၄ စ တုရန်းကီလိုမီတာနှင့် ရွှံ့နွံတော ၂၂.၆ စတု ရန်းကီလိုမီတာ ပါဝင်သည်။ ဆောင်းတွင်း၌ ဆူချွန်းဘေးမဲ့တောသို့ ရှားပါးငှက်အမျိုးအ စားများ လာရောက်ဆောင်းခိုလေ့ရှိကြသည်။ ဆူချွန်းဘေးမဲ့တောတွင် မိုးပျံသစ် သားတံတားများ၊ ရှုခင်းကြည့်ရန် သစ်သား ဇရပ်များ ရိုမန်တစ်ဆန်ဆန် တည်ဆောက် ထားခြင်းဖြင့် ဘာမျှမထူးဆန်းလှသည့် သူ လိုငါလိုနေရာအား ကမ္ဘာလှည့်ခရီးသည်များ ကို ဆွဲဆောင်နိုင်သည့် နေရာတစ်ရပ်အဖြစ် ပြောင်းလဲနိုင်ပုံက ကိုရီးယားတို့၏ ခရီးသွား လုပ်ငန်းဆိုင်ရာ စီးပွားရေးအမြင်ကို ပြသနေ သည်။ နေ့ခင်းကြောင်တောင်၌ တံတားကလေးပေါ်တွင် ကျောင်းသူတစ်ဦး (ထိုင်းမှ ကိုရီးယားသို့ လာရောက်ပညာသင်ကြားနေသူ) က တယောထိုးလျက် အာဆီယံမှဧည့်သည်များကို ဖျော်ဖြေနေပုံကလည်း ရိုမန်တစ်ဆန်လှသည်။

ဆူချွန်းမှနေ၍ ဂွမ်ဂျူးသို့ ဘတ်စ်ကားဖြင့် သွားရောက်ကြသည်။ ဂွမ်ဂျူးမြို့သို့ ရောက်သည့်အခါ Taxi Driver ရုပ်ရှင်ကား က အမှတ်ရစရာဖြစ်လာသည်။ သို့သော် ဂွမ်ဂျူးသည် အနည်းငယ်တောဆန်သည့် ပုံစံ ဖြင့် တည်ရှိခဲ့သော ချန်ဒူးဝှမ်လက်ထက်က ဂွမ်ဂျူးမဟုတ်တော့ပေ။ စက္ကူသေတ္တာများအား မိုးထိအောင်ထပ်ထားသည့် အပုံကြီးများကဲ့သို့သော မိုးမျှော်နေသည့် အဆောက်အအုံများ ထိုးထိုးထောင်ထောင်နှင့် ဂွမ်ဂျူး ဖြစ်၍နေပေပြီ။

ဂွမ်ဂျူးသည် ကိုရီးယား၏ အနောက်တောင်ပိုင်း၌ တည်ရှိသည်။ သမိုင်းအရ ဂွမ်ဂျူးကို အနုပညာတို့အတွက် ဘူမိနက်သန်၊ အမှန်တရားအတွက် ဘူမိနက်သန် နေရာမှန်ဟုပင် ဆိုနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ အ မွေအနှစ်များ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များအတွက် ဂွမ်ဂျူးကား ထင်ရှားသည်။ ဂွမ်ဂျူးသည် ကြွယ်ဝသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အမွေဆက်ခံထားရင်း  ကမ္ဘာ့အဆင့် ခေတ်သစ် အနုပညာနှင့် ဒီဇိုင်းပွဲတော်များကို လက်ခံကျင်းပရာ နေရာဖြစ်လာသည်။

ဂွမ်းဂျူးမြို့၏ ဂုဏ်ယူစရာတစ်ခုမှာ အာရှယဉ်ကျေးမှုဌာန (ACC)  ဖြစ်သည်။ ACC သည် နိုင်ငံတကာ ယဉ်ကျေးမှုနှင့် အနုပညာ ဖလှယ်ရေးအဖွဲ့အစည်း ဖြစ်ပြီး မွမ်းမံဆန်းသစ်သော စိတ်ကူးများ၊ ယုံကြည်မှု များနှင့်အတူ အာရှ၏ အတိတ်ကာလနှင့် လက်ရှိခေတ်ကာလ အနုပညာနှင့် ယဉ် ကျေးမှုများ ပေါင်းဆုံမှုမှတစ်ဆင့် လတ်ဆတ်သစ်လွင်ပြီး အနာဂတ်ကို ရှေးရှုသည့် ရလဒ်များ ထွက်ပေါ်လာစေသည်။ ACC သည် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနနှင့် ပတ်သက်ဆက်နွှယ်နေသော အင်စတီကျူးရှင်းတစ်ခု ဖြစ်ပြီး အာရှယဉ်ကျေးမှုနှင့်ပတ်သက်သော ပညာရေးနှင့် သုတေသနမှတစ်ဆင့် ကွဲပြားခြားနားသော အာရှနိုင်ငံများနှင့် အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုး တက်ရေးအတွက် ထူထောင်ထားခြင်းဖြစ် သည်။ အာရှမှ ပါဝင်သူများ (အထူးသဖြင့် အာဆီယံ) နှင့် ကမ္ဘာ့ကျန်အစိတ်အပိုင်းများမှ ပါဝင်သူများအနေဖြင့် လွတ်လပ်စွာ စုပေါင်းလျက် ၎င်းတို့၏ စိတ်ကူးများကို ဖ လှယ်နိုင်ရန် စုစည်းထားသည့် ပလက်ဖောင်းတစ်ရပ်အဖြစ် ACC က အရေးပါသည်။

ACC ၌ အထူးပြပွဲတစ်ရပ်ကို ကြည့် ရသည်။ ဒီဂျစ်တယ်အတ်အမျိုးအစား ဖြစ်သည်။ အင်စတော်လေးရှင်းနှင့် ပါဖောမင့် တို့ကို ပေါင်းစပ်ထားသည့် အနုပညာတစ်ရပ် ဟုလည်း ဆိုနိုင်သည်။ ရေ၊ အလင်းရောင်၊ မီးပုံးနှင့် ဖိုင်ဘာများကဲ့သို့သော အာဆီယံ နိုင်ငံများ၌ တွေ့မြင်နေကျ ယဉ်ကျေးမှုဆိုင် ရာ ပစ္စည်းများကို အသုံးပြုထားသည်။ ခန်း မအတွင်း အမှောင်ချထားပြီးနောက် နှစ်သစ်ကို ကြို၍ Happy New Year အော်ရန် ကဲ့သို့ Countdown လုပ်သည်။ One ဟု အော်လိုက်ကြပြီးနောက် မျက်နှာကြက်မှနေ၍ မြောက်မြားလှစွာသော မီးပုံးသဏ္ဌာန် မီးသီးများ ဖြည်းဖြည်းချင်း လင်းလာပြီး အောက်သို့ နိမ့်ဆင်း၍ လာသည်။ မီးပုံးပျံတို့ မြေပေါ် ဝဲကျလာသည့်နှယ်။ Performer တို့  လက်ထဲ ကိုင်ထားသည့် မီးတိုင်များလည်း ဖြည်းဖြည်းချင်း လင်း၍လာသည်။ ခန်းမအလယ်ကောင်၌ ရေကန်တစ်ကန် ဖန်တီး ထားသည်။ ထို့ကြောင့် မီးပုံးများ ကြည်လင် သော ကန်ရေပြင်တွင် အရိပ်ထင်၍နေ သည်။ ငြိမ့်ညောင်းသော Classical ဂီတက ခန်းမအတွင်း တိုးညှင်းစွာ ထွက်ပေါ်နေလေ၏။ နောက်ဆုံးတွင် မြေပြင်ပေါ် ပုံကျတော့မ ယောင်ရှိခဲ့သည့် မီးပုံးများ အပေါ်သို့ ဖြည်း ဖြည်းချင်း ပြန်တက်သွားတော့သည်။ မီးပုံးများကို ငြိှမ်းလိုက်သကဲ့သို့ အဝါရောင်မီးများ ငြိမ်းသွားကာ နီယွန်မီးများ လင်းလာပြီး နောက် လက်ခုပ်သံများ ထွက်ပေါ်လာသည်။ မြန်မာနိုင်ငံအပါအဝင် ဗုဒ္ဓဘာသာဝင် အာ ဆီယံနိုင်ငံအချို့၌ သီတင်းကျွတ် မီးထွန်းပွဲများ ကျင်းပနေသော အခါသမယဖြစ်၏။

 

■ ဆိုးလ်မြို့က နေရာနှစ်ခု

အောက်တိုဘာ ၁၈ ရက်တွင် ဆိုးလ်မြို့လေ့လာရေးအဖြစ် ဟန်နွက်ရွာနှင့် ဆိုးလ်တာဝါ (နမ်ဆန်တာဝါ) ဟူသည့် နေရာများသို့ သွားရောက်ရသည်။ ဆိုးလ်မြို့သည် တောင်တန်းများ၌ တည်ဆောက်ထားသော မြို့ဖြစ်ပြီး ပြန့်ပြူးသည့် မြေပြင်ဟူ၍ မမြင်ရ။ နမ်ဆန်ဂိုးဟန်နွက်ရွာသည်လည်း နမ်ဆန်တောင်ကြား၌ တည်ရှိသည်။ ဧရာမဥယျာဉ်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဂျိုဆန်မင်းဆက်ခေတ် (၁၃၉၂- ၁၉၁၀ ခုနှစ်အတွင်း)က ဟန်နွက် (ကိုရီးယား ရိုးရာနေအိမ်) ငါးမျိုးကို စုဆောင်း ပြသထား ခြင်းဖြစ်သည်။ အိမ်ငါးလုံး၏ အတွင်းပိုင်း များက လူလတ်တန်းလွှာမှသည် ယန်ဘန်း လူတန်းစား (အဓိကအားဖြင့် အဆင့်မြင့်အ စိုးရ အရာရှိများ၊ အမတ်များနှင့် မင်းစိုးရာ ဇာများ ပါဝင်) အထိ လူတန်းစားအလွှာအသီး သီး၏ လူနေမှုဘဝကို ထင်ဟပ်ပြထားသည်။

ဥယျာဉ်အတွင်း ရိုးရှင်းသော်လည်း ခမ်းနားသည့် Public Art အင်စတော်လေး ရှင်းလက်ရာအချို့ တွေ့ရသည်။ ကိုရီးယားမြို့များ၌ ယင်းကဲ့သို့သော လက်ရာများကို ဟိုမှာသည်မှာ တွေ့မြင်ရသည်သာဖြစ်၏။ ပန်းပုမကျ အင်စတော်လေးရှင်းစာရင်းသွင်း ပြန်လျှင်လည်း အငြင်းပွားဖွယ်ရှိသည့် ယင်း လက်ရာတို့ကား အဝိုင်း၊ လေးထောင့်၊ စက် လုံး၊ တုတ်ချောင်းတည်းဟူသော အခြေခံ ဂျီသြမေတြီ ပုံသဏ္ဌာန်များသာ ဖြစ်၏။ Abstract Art ဟု ခေါ်ဆိုကာ Minimalism စာရင်းသွင်းရမည်ပင်။ ဇင်ဗုဒ္ဓဘာသာသဘောများ သက်ဝင်နေပုံရ၏။

အဆောက်အအုံသေးသေးတစ်ခု တွေ့ ၍ ဝင်ကြည့်ရာ ဂျပန်တို့၏ ဘွန်ဆိုင်းစိတ်ကူး မျိုးဖြင့် အနုပညာပိစိကလေးများကို ချစ် စဖွယ် တွေ့ရ၏။ ကိုရီးယားတို့၏ လူပုံ ပန်း ပုရုပ်ကလေးများက ပီကာဆို၏ အချိုးဖျက် ခြင်းသဘောတရား (Distortion Concept ကို အမှတ်ရဖွယ်ဖြစ်၏။ သို့သော် မိုဒီဂလျာနီ၏ လူပုံများထဲ အချိုးဖျက်ထားသလို ကဗျာဆန်လှ၏။ ပန်းချီကားဘောင်ကဲ့သို့သော အရာ၌ အဝတ်စရောင်စုံများကို ကြိုးကဲ့သို့ ယှက်သိုင်းထားသည့် အနုပညာတစ်မျိုးမှာလည်း ကိုရီးယားတို့၏ ကိုယ်ပိုင်ဟန် ဖြစ်ပုံရသည်။

ယခုအစီအစဉ်တွင် လမ်းညွှန်များအဖြစ် စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးကြသူ အများစုမှာ ကိုရီးယားနိုင်ငံအနယ်နယ်အရပ်ရပ်မှ တက္ကသိုလ်ကျောင်းသားကျောင်း သူများ ဖြစ်ကြသည်။ ယခုကဲ့သို့ လုပ်အားပေးခြင်းက သူတို့၏ ကျောင်း Activity ထဲ ပါဝင်နေပုံရသည်။ အားလုံးနီးပါး အင်္ဂလိပ်လို ပိုင်ပိုင်နိုင်နိုင် ပြောဆိုနိုင်သည့်အပြင် ပြောဆို ပြုမူဆောင်ရွက်ပုံတို့ကလည်း စမတ်ကျလှ၏။ ကျောင်းသားသမဂ္ဂများ၏ လှုပ် ရှားမှုများကို လွတ်လပ်စွာ ခွင့်ပြုခြင်းနှင့် အားပေးချီးမြှောက်ခြင်းသည် အနာဂတ် နိုင်ငံ့သားကောင်းများ မွေးထုတ်ပေးနေခြင်း ဖြစ်ကြောင်းကို အာဆီယံဒေသတွင်းရှိ အာဆီယံအာဏာရှင်နိုင်ငံအချို့မှ အာဏာရူးများ နားလည်သဘောပေါက်မှသာလျှင် ကိုရီးယားနှင့်အတူ Advancing together ဖြစ်နိုင်ပေလိမ့်မည်။ စီးပွားရေးနှင့် စိတ်ပညာ အထူးပြုဘာသာရပ်များ ယူထားသည်ဟု ဆိုသော ကိုရီးယားလမ်းညွှန်ကျောင်းသား ကမူ သူသည် ဆိုးလ်မြို့မှာပင် နေထိုင်သူဖြစ်သော် လည်း ဤနေရာသို့ ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ကြောင်း ပြောပြ၏။

ဆိုးလ်တာဝါသည် ဆိုးလ်မြို့ရှိ ယဉ်ကျေးမှုပေါင်းစုံကို တွေ့မြင်ရသည့် နေရာတစ်ခုဖြစ်သည်။ ဆားဘီးယားမှ စတင်ခဲ့ သည်ဆိုသော ချစ်သူစုံတွဲများ သော့ခလောက် ချိတ်ကြသည့် အလေ့အထမှသည်   ကိုရီးယား ပေါ့ပ်ယဉ်ကျေးမှုအမှတ်သညာ Public Art ပန်းပုများနှင့် အနောက်တိုင်း ဂီတများကို သီဆိုတီးမှုတ်နေသည့် သံစုံတေး ဂီတဝိုင်းများအထိ ယဉ်ကျေးမှုပေါင်းစုံကို တွေ့မြင်ရသည်။ မိုးတိမ်စိုင်များ နမ်ဆန် တောင်တန်းကြီးနှင့် ထိတွေ့နေပုံကို တွေ့ မြင်ရခြင်းက ကဗျာဆန်လှသည်။ ဆိုးလ်မြို့ ၏ အလှပဆုံး ရှုမျှော်ခင်းများကို ကြည့်ရှုနိုင်ရန် ဆိုးလ်တာဝါကို အမြင့်ဆုံးနေရာ၌ တည်ဆောက်ထားခြင်းဖြစ်သည်။ ယင်းသည် ကိုရီးယား၏ ပထမဆုံး အထွေထွေ ရေဒီယိုလှိုင်းများ မျှော်စင်လည်းဖြစ်ပြီး ၁၉၆၉ ခုနှစ် မှစ၍ မြို့ဧရိယာအတွင်း ရုပ်သံနှင့် ရေဒီယို ထုတ်လွှင့်မှုများကို ဖြန့်ဝေပေးသည်။ ယင်းတာဝါကို ၁၉၈၀ ပြည့်နှစ်တွင် အများပြည်သူ လာရောက်နိုင်ရန် စတင်ဖွင့်လှစ်ပေးခဲ့ပြီးကတည်းက ပြည်သူများ အပန်းဖြေရန် နေရာ တစ်ခု ဖြစ်လာသည့်အပြင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့် ခရီးသွား လုပ်ငန်းအတွက် အရေးပါသော နေရာတစ်ခုလည်း ဖြစ်လာခဲ့သည်။

         အောက်တိုဘာ ၁၈ ရက်က ဆိုးလ် Grand Hyatt ဟိုတယ်၊ Grand Ballroom တွင် ပြုလုပ်သည့် ပိတ်ပွဲအခမ်းအနားတွင် Our Hope သီချင်းကို သံပြိုင်သီဆိုနေကြသည့် အာဆီယံနိုင်ငံအသီးသီးမှ အနုပညာသမားများကို တွေ့ရစဉ်

■ ပိတ်ပွဲအခမ်းအနား

ASEAN-Korea Train : Advancing Together အစီအစဉ် ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက်ည၌ ဆိုးလ် Grand Hyatt ဟိုတယ် Grand Ballroom တွင် ပြုလုပ်သည်။ အာဆီယံနိုင်ငံအသီးသီး မှ လိုက်ပါလာသော အနုပညာသမားများက အလှည့်ကျ ဖျော်ဖြေပြီးနောက် ကိုရီးယားမှ Millennium Symphony Orchestra အဖွဲ့နှင့် အဆိုတော် ကင်ဒေါင်ကျူတို့က ဖျော်ဖြေကြသည်။ ညစာစားပွဲသည် ဘူဖေးအစီ အစဉ်ဖြစ်ပြီး အချိန်အတန်ငယ်လင့်နေပြီ ဖြစ်သော်လည်း မည်သူမျှ စားသောက်ခြင်း မပြုကြပါ။ ညစာစားရန်အတွက် ဖျော်ဖြေမှု အားလုံး ပြီးဆုံးသည်အထိ စောင့်ဆိုင်းကြသည်။ မိမိတို့၏ ကိုယ်ရေးကိုယ်တာ ညစာ စားပွဲများတွင် ယဉ်ကျေးမှုဌာနမှ ဝန်ထမ်းများကို ခေါ်ယူပြီး မိမိတို့ စားသောက်နေချိန်၌ ဖျော်ဖြေခိုင်းသည့် အာဏာရှင် အာဏာရူး များ ဤယဉ်ကျေးမှုဓလေ့ကို ဂရုပြုသင့်သည်။ ပိတ်ပွဲအထိမ်းအမှတ်အဖြစ် Our Hope ဟူသည့် သီချင်းကို သံပြိုင်သီဆိုကြသည်။

 “ငါတို့မျှော်လင့်ချက်ဟာ ငြိမ်းချမ်းရေး၊ ငါ့အိပ်မက်ထဲက မျှော်လင့်ချက်ဟာ ငြိမ်းချမ်းရေး၊ ငါ့ရဲ့စိတ်နှလုံးအလုံးစုံနဲ့အတူ ငြိမ်း ချမ်းရေး၊ ငါတို့ ငြိမ်းချမ်းရေးကို အတူတကွ ဆောင်ကြဉ်းကြပါစို့၊ ငြိမ်းချမ်းရေးက ငါတို့ ပြည်သူတွေကို ရှင်သန်ဖွံ့ဖြိုးစေမှာ၊ ငြိမ်း ချမ်းရေးက ငါတို့မြေကို တိုးတက်စည်ပင်စေ မှာ၊ လာလှည့်ပါ ငြိမ်းချမ်းရေး လာလှည့်ပါ၊ လာလှည့်ပါ ငြိမ်းချမ်းရေး”

ငြိမ်းချမ်းရေးတေးသံများ ခန်းမအ တွင်း လွင့်ပျံ၍ နေတော့၏။

 

နိဂုံး

တောင်ကိုရီးယားသည် အာရှတိုက်၏ စတုတ္ထ စီးပွားရေးအင်အားအကြီးဆုံးနှင့် ကမ္ဘာ့ ၁၁ နိုင်ငံမြောက် စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်မှ မျိုးဆက်အနည်း ငယ်မျှအတွင်း ဖွံ့ဖြိုးပြီး ဝင်ငွေမြင့်မားသည့် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ တောင်ကိုရီးယား၏ မြင့်တက်လာခဲ့ပုံက ရင်သပ်ရှုမောဖွယ်ပင်။ ထို့ကြောင့် တောင်ကိုရီးယား၏ စီးပွားရေး ကြီးထွားမှုကို အံဖွယ်တစ်ပါးဟု ခေါ်ဆိုခဲ့ကြ ပြီး OECD နှင့် G20 တွင် တောင်ကိုရီးယားသည် ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ တောင်ကိုရီးယားသည် ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးအပြီး အမြန်ဆုံးပြန်လည် ကြီးထွားလာသည့် ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံ လည်းဖြစ်သည်။ ၂၁ ရာစုအလယ်ပိုင်းတွင် ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးမည့် Next Elevencountries အုပ်စု၌ ထည့်သွင်းခံထား ရသည့် နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာကို မျှတစွာ ပေါင်းစပ်နိုင်ခြင်းက ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ရောက်ရှိစေနိုင်သည်။ သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေး၌ Soft Power သည်လည်း အရေးပါသော အ ခန်းကဏ္ဍမှ ပါဝင်သကဲ့သို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနှင့် နည်းပညာတို့သည်လည်း အပြန်အလှန် ဆက်နွှယ်ကာ အမှီသဟဲပြုလျက်ရှိသည်။ ထို့အပြင် နိုင်ငံဖွံ့ဖြိုးရေး၌ စီးပွားရေး အပြင် ပညာရေးကလည်း အရေးကြီးလှပြီး စီးပွားရေးနှင့် ပညာရေးတို့သည်လည်း အ ပြန်အလှန်ဆက်နွှယ်ကာ အမှီသဟဲပြုလျက် ရှိသည်သာ။ မည်သို့ပင်ဆိုစေ ပြည်သူ၊ ကြွယ်ဝမှုနှင့် ငြိမ်းချမ်းရေးဆီသို့ သွားနေသော အာဆီယံ-ကိုရီးယားရထားပေါ်မှ နေ၍ မည်သူမျှ ပြုတ်ကျကျန်ရစ်မနေစေလိုပါ။                                              

Most Read

Most Recent