“မင်းက ငါ့ကိုမယုံလို့လား။ သူ့ကို မှတ်ပုံတင်ယူပြလိုက်ကွာ” လို့ အနားမှာရှိတဲ့ လူလတ်ပိုင်းတစ်ဦးကို ညွှန်ကြားရင်း ပြောလာ သူက အသက် ၉၂ နှစ်အရွယ်ရှိ ဦးကျော်သိန်းလွင်ပဲ ဖြစ်ပါတယ်။
ခင်မင်ရင်းနှီးသူတွေက KT လို့ ခေါ်ဝေါ်ကြတဲ့ ဦးကျော်သိန်းလွင်ဟာ မြန်မာနိုင်ငံမှာ ဗြိတိသျှတော်ဝင် အရန်ရေတပ်နဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး စတင်တည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော် (ရေ) ရဲ့ အရာရှိတစ်ဦးဖြစ်ပြီး လက်ရှိကာလမှာတော့ သက်ရှိထင်ရှား ရှိနေသေးတဲ့ ရှားရှားပါးပါး ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။
ဦးကျော်သိန်းလွင်ကို ၁၉၂၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီးတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားတဲ့ မြို့မ အမျိုးသားကျောင်း တည်ထောင်သူ ကျောင်းဆရာကြီး ဦးဘလွင်ရဲ့ လေးယောက်မြောက် သားတစ်ဦးလည်း ဖြစ်ပါတယ်။
ငယ်စဉ်က ၁၉၃၀ ပြည့်နှစ်ကနေ ၁၉၄၀ အထိ မြို့မနေရှင်နယ် အမျိုးသားကျောင်းမှာ သူငယ်တန်းကနေ ၁၀ တန်းအထိ တက်ရောက် ပညာသင်ကြားခဲ့ပါတယ်။
၁၉၄၁ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှာရှိတဲ့ ရေကြောင်းပညာသင်ကြောင်းမှာ သုံးနှစ်ကြာ ပညာသင် တက်ရောက်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။
“အဲဒီတုန်းက ငယ်လည်း ငယ်သေးတယ်။ အဖော်က နှစ်ယောက်လား မသိဘူး ပါတယ်။ အန်ကယ်ရယ် နောက်ထပ် နှစ်ယောက်ရယ်” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
ရေကြောင်းအရာရှိလောင်းအဖြစ် ပညာသင်ဖို့ ရွေးချယ်ခံရတဲ့အချိန်မှာ ဦးကျော်သိန်းလွင်ရဲ့ အသက်က ၁၄ နှစ်ပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ လက်အောက်ခံ ပြည်နယ်တစ်ခုအဖြစ်သာ အင်္ဂလိပ်အစိုးရက သတ်မှတ်ထားတဲ့ ကာလလည်း ဖြစ်ပါတယ်။
သူ့အတွက် အဲဒီလို ပညာသင်သွားရတဲ့အချိန်မှာ ဘဝအတွက် တစ်ဆစ်ချိုး ပြောင်းလဲမယ်လို့ ဦးကျော်သိန်းလွင် ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။
စာသင်နှစ်ပြီးတဲ့အချိန်မှာ သင်္ဘောလိုင်းတွေက အလုပ်ခေါ်ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံကို ဂျပန်က သိမ်းတဲ့အချိန်၊ အင်္ဂလိပ်ကလည်း မြန်မာပြည်က ပြန်ဆုတ်ခွာတဲ့ အချိန်ဖြစ်နေတော့ အိမ်နဲ့ လုံးဝအဆက်အသွယ် ပြတ်နေခဲ့တာပါ။
စာသင်နှစ်တွေ ပြီးတဲ့အချိန်မှာ ရေကြောင်းအရာရှိလောင်းတွေကို သင်္ဘောကုမ္ပဏီတွေက အလုပ်ခေါ်ပါတယ်။ အလုပ်ရတဲ့သူတွေအနေနဲ့ ကုမ္ပဏီကို အိန္ဒိယပိုက်ဆံ ရူပီး ၅၀၀ ပေးသွင်းပြီး ဘယ်နှနှစ်အထိ အလုပ်လုပ်ပါမယ်လို့ စာချုပ်ရပါတယ်။ အဲဒါဆိုရင် သင်္ဘောသား တစ်ယောက်ဖြစ်ပါပြီ။
ဦးကျော်သိန်းလွင်အတွက်ကတော့ အဲဒီအချိန်တုန်းက ရူပီး ၅၀၀ မရှိတဲ့အတွက် ဘဝလမ်းကြောင်း တစ်ဆစ်ချိုး ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။ ကျောင်းမှာလည်း အထူးချွန်ဆုံး ကျောင်းသား ခြောက်ဦးထဲမှာ နံပါတ် (၂ ) ချိတ်ခဲ့တဲ့ သူ့အတွက် ဘယ်ကုမ္ပဏီကမှ ယုံယုံကြည်ကြည်နဲ့ အလုပ်ခန့်တာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံက လူတစ်ယောက်အတွက် ဘာအာမခံချက်မှ မရှိလို့ပါပဲ။ သင်တန်းကနေ အတူတူဆင်းတဲ့သူတွေ အလုပ်အသီးသီး ရသွားတဲ့အချိန်မှာ ဦးကျော်သိန်းလွင် တစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။ အိမ်ကိုလည်း အဆက်အသွယ် လုပ်လို့ မရပါဘူး။
သူ့အတွက် မြန်မာပြည် ပြန်ဖို့အတွက်က နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ အိန္ဒိယမှာရှိတဲ့ ဗြိတိသျှ ရေတပ်ထဲကိုဝင်။ အဲဒီမှာ အမှုထမ်းဆောင်ပြီး မြန်မာပြည်ကို လာမယ့်သင်္ဘောမှာ တာဝန်ထမ်းဆောင်မှ ပြန်လာလို့ရမှာပါ။
“နောက်ဆုံးတော့ ရေတပ်ထဲဝင်ဖို့ ရွေးလိုက်တယ်။ အဲဒီလိုမှ မလုပ်ရင် ဘယ်လိုမှ အဆင်မပြေဘူး” လို့ သူက ပြောပါတယ်။
ရေကြောင်းပညာသင် ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ ဦးကျော်သိန်းလွင်လို လူမျိုးအတွက် ရေတပ်ထဲကို ဝင်ရင် အနည်းဆုံး ပြန်တမ်းဝင်အရာရှိ ဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ရမှာပါ။ ဒါပေမဲ့ သူ့ရဲ့အသက်က ၁ရနှစ်ပဲ ရှိသေးတဲ့ အတွက်ကြောင့် ဗိုလ်အဆင့် ပေးလို့မရဘူး။ တပ်ကြပ်ကြီးအဖြစ်နဲ့ပဲ တာဝန်ထမ်းဆောင်ရမယ်လို့ မြန်မာပြည် ဘုရင်ခံချုပ်က ပြောကြားတဲ့အတွက်ကြောင့် အသက်အငယ်ဆုံး တပ်ကြပ်ကြီးတစ်ဦး ဖြစ်လာပါတယ်။
“ အဲဒီတုန်းက ကျောင်းအုပ်ကြီးက မင်းဝင်မလားဆိုပြီး မေးတာကို ချက်ချင်းပဲ ပြန်ဖြေခဲ့တယ်။ အိမ်ကိုလည်း မရောက်သေးတာကိုး” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
သူ့အတွက်ကတော့ ရေကြောင်း အရာရှိလောင်းအဖြစ် ရည်မှန်းထားပေမဲ့ မရည်ရွယ်ဘဲ ရေတပ်ထဲမှာ တပ်ကြပ်ကြီးတစ်ဦးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။
၁၉၄၄ ခုနှစ် ဇန်နဝါရီလမှာတော့ ဦးကျော်သိန်းလွင်အတွက် မြန်မာပြည်ကို ပြန်ရောက်ဖို့ အခွင့်အရေး ပေါ်လာပါပြီ။ အဲဒါကတော့ ဗြိတိသျှတွေရဲ့ မြန်မာပြည် ရှေ့တန်းစစ်စခန်း တစ်ခုဖြစ်တဲ့ စစ်တကောင်းမှာ သွားရောက် တာဝန်ထမ်းဆောင်ရမယ့်အမိန့် ထွက်လာတာပဲ ဖြစ်ပါတယ်။
အဲဒီအချိန်က ဂျပန်က မြန်မာနိုင်ငံကို သိမ်းပိုက်ထားတဲ့အချိန် ဖြစ်တဲ့အတွက် အင်္ဂလိပ်တွေအတွက် ဘင်္ဂလားနယ်ထဲက စစ်တကောင်းမြို့က ရှေ့တန်းစစ်စခန်းတစ်ခုပဲ ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ်မှာတော့ ဦးကျော်သိန်းလွင်ရဲ့ ပြန်တော်ပြန်ခရီးက ရမ်းဗြဲကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ မက်သဒေါ စစ်ဆင်ရေးနဲ့ စတင်ခဲ့ပါ တယ်။ မဟာမိတ် တပ်ပေါင်းစုနဲ့ ရေတပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ် မေလမှာတော့ ရန်ကုန်မြို့ကို ဂျပန်တွေ လက်ထဲက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ ဒရက်ကူလာ စစ်ဆင်ရေးနဲ့အတူ ဦးကျော်သိန်းလွင်ကတော့ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
သူ့အတွက် ရန်ကုန်မြို့ကို ပြန်ရောက်ချိန်မှာ အရာရာက ပြောင်းလဲနေပါတယ်။ စစ်ဗုံးဒဏ်တွေ သင့်ခဲ့တဲ့ ရန်ကုန်မြို့က အရာရာ ပျက်စီးနေပါတယ်။ လက်ရှိတည်ရှိနေတဲ့ မြို့မကျောင်းနားက အိမ်ကို သွားကြည့်တဲ့အခါမှာ မိသားစုတွေကို မတွေ့ရတဲ့အပြင် မြို့မကျောင်း တစ်ခုလုံးကလည်း ကျည်ဆန်ရာတွေနဲ့ ပျက်စီးနေပါတယ်။
“ မိသားစုတွေ မတွေ့တော့ လန်ချားသမားကိုခေါ်ပြီး အဒေါ်တစ်ယောက်ရှိတဲ့ ရွှေဂုံတိုင်ဘက်ကို သွားတာ။ အဲဒီတော့မှ မိသားစုနဲ့ ပြန်တွေ့တယ်။ အဲဒီမှာ ဗိုလ်ချုပ်နဲ့လည်း တွေ့တယ်” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
img_1517.jpg

မေယုသင်္ဘောပေါ်တွင် ဦးကျော်သိန်းလွင်၏ ဖောင်တိန်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ရေးထိုးနေစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
■ ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံခြင်း
ရန်ကုန်မြို့က မိသားစုဆီကို ပြန်ရောက်လာတဲ့ ဦးကျော်သိန်းလွင် တစ်ယောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမှတ်မထင် ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ ဦးကျော်သိန်းလွင်ရဲ့ ဖခင် ဦးဘလွင်ဆိုတာက အဲဒီအချိန်တုန်းက နိုင်ငံရေးသမားတိုင်း လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
“ ဒါက အဖေ့ပုံလေ” လို့ တောင်ရှည်ပုဆိုး နဲ့ ရင်ဖုံးတိုက်ပုံကို ဝတ်ဆင်ထားတဲ့ အရပ် ၅ ပေ ၈ လက်မခန့်ရှိတဲ့ အမျိုးသားကြီးတစ်ဦးကို လက်ညှိုးထိုးရင်း ဦးကျော်သိန်းလွင်က ပြောပါတယ်။
ဦးဘလွင်ဆိုတာ ဗိုလ်အောင်ကျော် အရိုက်ခံရပြီး ကျဆုံးတဲ့အချိန်မှာ မြန်မာအမျိုးသား ဝန်ထမ်းတွေထဲက ရှားရှားပါးပါး ဝန်ထမ်းရာထူးကို ပြန်အပ်ပြီး အလုပ်ကနေ နုတ်ထွက်ခဲ့တဲ့ တစ်ဦးတည်းသော မြန်မာလူမျိုးလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဘယ်တုန်းကမှ ပါဝင်ခဲ့ခြင်း မရှိပေမဲ့ ဗိုလ်အောင်ကျော် အရိုက်ခံရတဲ့အချိန်မှာတော့ ရာထူးကို ပြန်အပ်ခဲ့ပါတယ်။ ဦးဘလွင်အနေနဲ့ သူ့ဘဝတစ်လျှောက်လုံးမှာ ပညာရေးအတွက်ကိုပဲ ဇောက်ချ လုပ်ကိုင်ခဲ့တယ်လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
“အဲဒီတုန်းက လူငယ်နိုင်ငံရေးသမားတွေက အိမ်ကို ဝင်ထွက်သွားလာနေတဲ့အချိန်ပေါ့။ ဗိုလ်ချုပ်တို့လည်း ပါတယ်။ သခင်သန်းထွန်းတို့လည်း လာတယ်။ အများကြီးပဲ” လို့ ဦးကျော်သိန်းလွင်က ဆိုဖာကိုမှီရင်း ပြောပါတယ်။
ဦးကျော်သိန်းလွင် ရန်ကုန်ပြန်ရောက်တဲ့နေ့မှာပဲ သူ့အဖေက “ဒီညနေ အောင်ဆန်း လာလိမ့်မယ်။ မင်းစောင့်လိုက်ဦး” ဆိုတဲ့အတွက်ကြောင့် စောင့်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရောက်လာတဲ့အချိန်မှာ သူ့အဖေ ဦးဘလွင်နဲ့ နိုင်ငံရေးအကြောင်း ဆွေးနွေးခဲ့တယ်လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
“အဲဒီတုန်းက မြန်မာပြည်က လွတ်လပ်ရေးရဖို့ ကြိုးစားတဲ့အချိန်။ လွတ်လပ်ရေးကို တစ်နှစ်အတွင်း ရမယ်ဆိုတဲ့ အကြောင်းတွေလည်း ဗိုလ်ချုပ်က ပြောသွားတယ်။ အဖေက မေးတာက လွတ်လပ်ရေးမယူခင် ခွဲရေး၊ မခွဲရေး မေးလိုက်တာ။ ခွဲထွက်ရင် ဘာတွေဖြစ်လာမယ် ဆိုတာကိုလည်း ပြောကြတယ်။ တိုင်းပြည်က ပြန်ထူထောင်ရဦးမယ်။ မင်းခွဲမထွက်ဘဲ ယူပါလားလို့ အဖေက မေးတာကို ဗိုလ်ချုပ်က ပြန်ဖြေတာ။ ကျွန်တော်လည်း သိတယ် ဆရာကြီးတဲ့။ ဓနသဟာယ အရင်လုပ်ရမယ် ဆိုတာလည်း ကျွန်တော်သိတယ်တဲ့။ ကျွန်တော် ခွဲမထွက်ဘူးလို့ပြောရင် ကျွန်တော် မဲဘယ်ရတော့မလဲလို့ ပြန်ပြောတယ်။ အဲဒီကာလကလည်း ဓနသဟာယနိုင်ငံ လုပ်မလား၊ လွတ်လပ်ရေး ယူမလား ဆိုတာက ငြင်းနေတဲ့ အချိန်လေ” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
အဲဒါတွေကတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလို့ သူက ဆက်ပြောပါတယ်။
“ဗိုလ်ချုပ်က နိုင်ငံရေးသမား ပီသတယ်” လို့ ဦးကျော်သိန်းလွင်က ပထမအကြိမ် တွေ့ဆုံခဲ့တာကို မှတ်ချက်ပြုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒုတိယအကြိမ် တွေ့ဆုံတဲ့အချိန်ကတော့ မြစ်ဝကျွန်းပေါ်ဘက်က မြန်မာမျိုးချစ်တပ်တွေကို သွားစည်းရုံးရတဲ့အချိန်လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
အဲဒီအချိန်တုန်းက ဂျပန်ကို တိုက်ထုတ်ပြီးတဲ့ အချိန်ဖြစ်ပြီးတော့ အင်္ဂလိပ်က ပြန်လည် သိမ်းပိုက်ထားတဲ့ကာလလည်း ဖြစ်ပါတယ်။ ဦးကျော်သိန်းလွင်က အဲဒီကာလတုန်းက မြန်မာ့ ဗြိတိသျှတော်ဝင် အရန်ရေတပ်မှာ ဗိုလ်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ မြစ်ဝကျွန်းပေါ်ဘက်က မြန်မာမျိုးချစ်တပ်တွေ အင်္ဂလိပ်တပ်တွေကို မတိုက်ဖို့ စည်းရုံးဖျောင်းဖျပေးရမယ့် ပုဂ္ဂိုလ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းပါ။ ဗိုလ်ချုပ်အောင်ဆန်းက သူသွားမယ် သွားဖို့အတွက် စီစဉ်ပေးဆိုတော့ အင်္ဂလိပ်က ဦးကျော်သိန်းလွင်တို့ရဲ့ တိုက်ရေယာဉ်နဲ့ သွားဖို့စီစဉ်ပေးပါတယ်။
အဲဒီရေယာဉ်မှာက ဦးကျော်သိန်းလွင်က ဒုတိယအကြီးဆုံး တာဝန်ယူထားရပြီးတော့ သူ့အထက်အရာရှိ ကတော့ ဗိုလ်ချုပ်ခင်ဖေကြီးပဲ ဖြစ်ပါတယ်။
“သင်္ဘောပေါ်ကို တက်လာတာက ဗိုလ်ချုပ်နဲ့ သူ့အပါးတော်မြဲ ဗိုလ်ထွန်းလှ။ နှစ်ယောက်စလုံးက အိတ်ကလေး တစ်ယောက် တစ်လုံးစီလွယ်ပြီး တက်လာတာ” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ထွန်းလှတို့ အတွက် အိပ်စရာနေရာကိုတော့ သူတို့နဲ့ အတူတူအိပ်ဖို့ နေရာချပေးလိုက်ပါတယ်။
“ခုတင်က နှစ်လုံး။ အဲဒီမှာက အိပ်စင်က နှစ်ထပ်ပါတော့ ဗိုလ်ချုပ်နဲ့ ဗိုလ်ထွန်းလှကို တစ်ဖက်ပေါ့။ အန်ကယ်တို့က တစ်ဖက်ပေါ့။ ဗိုလ်ချုပ်ကလည်း သူ့နေရာလေးသူ အိပ်ဖို့လုပ်။ အန်ကယ်တို့ကလည်း အန်ကယ်တို့ နေရာလည်း ပြန်စီစဉ်ပေါ့” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
ဧရာဝတီမြစ်တစ်လျှောက် မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ မြန်မာမျိုးချစ်တပ်တွေကို လိုက်စည်းရုံးတာ နေရာသုံးခုမှာ စည်းရုံးခဲ့တာလို့ သူက ပြောပါတယ်။
“အားလုံးပေါင်း သုံးနေရာ။ ဒေးဒရဲရယ်၊ မြောင်းမြရယ်။ တခြားနေရာ တစ်ခုပဲ။ ဆွေးနွေးစရာ နေရာက မရှိတော့ အန်ကယ်တို့ အခန်းမှာပဲ စားပွဲဝိုင်း လုပ်ကြတာပေါ့။ သူတို့ စကားပြောနေရင် အန်ကယ်တို့က ထွက်ပေးတယ်။ ဗိုလ်မှူးကြည်ဝင်းတို့ ဘာတို့လည်း ပါတယ်” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
တော်လှန်ရေး တပ်သားတွေ ဖြစ်တဲ့အတွက်ကြောင့် ခြေသလုံးမှာလည်း ရွှံ့တွေပေ၊ အဝတ်အစားတွေကလည်း စုတ်ပြတ်နေပြီးတော့ ဆွေးနွေးတဲ့ အချိန်ဆိုရင်တော့ ဆေးလိပ်တွေဘာတွေ သောက်ကြတယ်လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
“ ဗိုလ်ချုပ်လည်း သောက်တယ်။ အကုန်လုံး လာဆွေးနွေးတဲ့သူ တော်တော်များများ သောက်ကြတယ်။ တစ်ခါတလေကျတော့ ရယ်ရယ်မောမောနဲ့၊ တစ်ခါတလေကျတော့လည်း ဗိုလ်ချုပ်က ဒေါသထွက်တဲ့ အသံတွေလည်းပါတယ်” လို့ သူက ပြောပါတယ်။
ဆွေးနွေးပွဲပြီးရင်တော့ အခန်းကို သူနဲ့ သူ့အထက်အရာရှိက ရှင်းလင်းရေး လုပ်ရပါပြီ။
“တို့အထက်အရာရှိက ကျတော့ အသန့်ကြိုက်တယ်။ ဗိုလ်ချုပ်တို့ ဆွေးနွေးပြီးပြီဆိုရင် ကြမ်းပြင်တွေကို ပြန်တိုက်တယ်။ ဆေးလိပ်တွေကလည်း ပြန့်ကျဲနေတာပဲ” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
ဒုတိယအကြိမ် တွေ့ဆုံပြီးတဲ့အချိန်မှာတော့ တတိယအကြိမ် တွေ့ဆုံမှုမစခင်မှာ ရေယာဉ်မှူးက ဗိုလ်ချုပ်ကို စကားတစ်ခွန်း ပြောပါတယ်။
“သူတို့က တွေ့ဖို့ စီစဉ်ထားတာ သုံးကြိမ်။ ဒုတိယအကြိမ် ပြီးတော့ တတိယအကြိမ်ပဲ ကျန်တော့တယ်။ အဲဒီနေ့က သင်္ဘောဦးပိုင်းမှာ အန်ကယ်ရယ်၊ ဗိုလ်ချုပ်ရယ်၊ တို့ရေယာဉ်မှူးရယ်။ သုံးယောက်ပေါ့။ လေလေးကလည်း တဖြူးဖြူးနဲ့။ သူတို့ နှစ်ယောက်ကတော့ ခရီးစဉ်အကြောင်း ပြောနေကြတာပေါ့။ အန်ကယ်က ခပ်လှမ်းလှမ်းမှာ ရပ်နေတာ။ အမှတ်မထင် အန်ကယ်တို့ ရေယာဉ်မှူးက ပြောချလိုက်တာ။ ကိုအောင်ဆန်းတဲ့ ခင်ဗျားလူတွေကို ဆေးလိပ်မသောက်ဖို့ ပြောထားဗျာတဲ့။ သူတို့တွေ ဆေးလိပ် သောက်ထားတော့ ကျုပ်တို့က ပြန်ရှင်းရတယ်ဗျတဲ့။ အဲဒီအချိန်မှာ ဗိုလ်ချုပ်က မေးကြောကြီးတွေ ထောင်လာပြီးတော့ မျက်နှာကလည်း နီလာတယ်။ ပြီးတော့ ရေယာဉ်မှူးကို စိုက်ကြည့်နေတာ။ အန်ကယ်ကတော့ ထင်လိုက်တာ သွားပြီ။ ပြဿနာတက်ပြီလို့။ ပြီးလည်းပြီးရော ဗိုလ်ချုပ်က ဘာမပြော ညာမပြောနဲ့ ဆောင့်ဆောင့်နဲ့ ဆင်းသွားတာ။ ဗိုလ်ချုပ်က အန်ကယ်တို့ရဲ့ ခေါင်းဆောင်။ ရေယာဉ်မှူးကလည်း သူနဲ့ လွတ်လပ်ရေးအတွက် လက်တွဲလာတဲ့လူဆိုတော့ ကိုအောင်ဆန်းလို့ပဲ ရင်းရင်းနှီးနှီးခေါ်တာ။ အပြောခံလိုက်ရတော့ တစ်ခုခုတော့ ပြဿနာတက်ပြီလို့ ထင်လိုက်တာ။ စစ်ရုံးကို ပြောလိုက်ရင်တော့ အရေးယူခံရပြီလို့ပဲ တွက်လိုက်တယ်။ အဲဒါနဲ့ သင်္ဘောဦးကနေ ဆင်းချသွားရော။ မကြာဘူး။ သူ့အိပ်ရာလိပ်ကိုဆွဲပြီး အပေါ်ကို တက်လာတာ။ ပြီးလည်းပြီးရော ဘာမပြောညာမပြောနဲ့ ကျုပ်ဒီမှာနေမယ်ဆိုပြီး သင်္ဘောဦးခန်းမှာက ကွပ်ပျစ်တစ်ခု ရှိတယ်။ အဲဒီမှာ သူ့အိပ်ရာလိပ်ကို ချပြီးနေတာ။ ခရီးစဉ်ပြီးတဲ့အထိပဲ။ အစည်းအဝေးကိုလည်း အဲဒီမှာပဲလုပ်တယ်” လို့ ဦးကျော်သိန်းလွင်က ရယ်ရယ်မောမောနဲ့ ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်က ခေါင်းမာတဲ့သူဖြစ်တဲ့အပြင် သူရထားတဲ့ အာဏာကို တလွဲမှာ အသုံးမချဘူးလို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
“ အဲဒီအချိန်တုန်းက သူက တပ်မတော်ရဲ့ ခေါင်းဆောင်ဖြစ်နေပြီလေ။ သူလုပ်ချင်ရင် လုပ်လို့ရတယ်။ ဒါပေမဲ့ သူတုံ့ပြန်ပုံက ကလေးဆိုးကြီး ကျနေတာပဲ။ ဒါပေမဲ့ ခေါင်းလည်းမာတယ်” လို့ သူကပြောပါတယ်။
တတိယအကြိမ် ဗိုလ်ချုပ်နဲ့ တွေ့ဆုံချိန်ကတော့ မေယုစစ်သင်္ဘောကို လွှဲပြောင်းပေးချိန်ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်တို့က ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာ့ရေတပ်မတော်အတွက် လက်ဆောင်အဖြစ် ပေးတာပါ။ မေယုစစ်သင်္ဘောကတော့ ကမ်းရိုးတန်းသွား ရေယာဉ်တစ်စင်းဖြစ်ပြီးတော့ ဒုတိယ ကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို တည်ဆောက်ထားတဲ့ ဒီဇိုင်းက ရေငုပ်သင်္ဘောတွေကို ဖျက်ဆီးနိုင်တဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဖရီးဂိတ်အမျိုးအစား ရေယာဉ်ဖြစ်ပါတယ်။
“အင်္ဂလိပ်ကပေးဖို့ ပထမ စီစဉ်ထားတာ မေယု မဟုတ်ဘူး။ အဲဒီထက်ပိုကောင်းတယ်။ အဲဒီသင်္ဘောက မေယုထက် ပစ်အားတွေရော၊ စက်တွေရော ပိုကောင်းတယ်။ ဒါပေမဲ့ လွတ်လပ်ရေး ပေးဖို့ကျတော့ ခွဲထွက်ရေး ဖြစ်လာတော့ သူတို့က မေယုကို ထည့်ပေးလိုက်တာ။ ဓနသဟာယ အနေနဲ့ဆိုရင် မေယုထက် ပိုကောင်းတာရမှာ။ အဲဒီတုန်းကလည်း မြန်မာပြည်မှာက ကွန်မြူနစ်တွေကလည်း အားကောင်းလာတဲ့အချိန်။ အဲဒီဟာတွေကလည်း ရှိနေတယ်။ အောင်ဆန်းကလည်း ကွန်မြူနစ် ဖြစ်သွားရင် သူတို့ပေးတဲ့ သင်္ဘောနဲ့ သူတို့ကို ခံချမှာလည်း အင်္ဂလိပ်က အဲဒီအတွေးရှိတယ်။ အဲဒါနဲ့ပဲ မေယုကို ပေးလိုက်တာ” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
မေယု စစ်သင်္ဘောကို လွှဲပြောင်းရတဲ့နေ့မှာက ကုန်းပတ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အချိန်ဖြစ်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကို ကြိုဆိုရတာလို့ သူက ပြောပါတယ်။
“ကုန်းပတ်ပေါ်ကို တက်လာတော့ ဗိုလ်ချုပ်က အန်ကယ့်ကို မှတ်မိတယ်။ နေကောင်းလားဆိုပြီး ပြောသွားတယ်” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
မြန်မာ့တပ်မတော်အတွက် တိုက်ရေယာဉ်တစ်စင်း လက်ဝယ်ပိုင်ဆိုင်ရရှိတဲ့ ၁၉၄၇ ခုနှစ် မေ ၂၅ ရက်မှာ ဗိုလ်ချုပ် လက်မှတ်ထိုးဖို့ ဘောလ်ပင်ကလည်း သူ့ရဲ့ ဘောလ်ပင် ဖြစ်နေတာက သူ့အတွက် ဂုဏ်ယူစရာလို့ ပြောပါတယ်။
“အဲဒီနေ့ကတော့ ဗိုလ်ချုပ်က မေယုပေါ်မှာ မိန့်ခွန်းပြောတယ်။ မေယုအကြောင်း နဲ့ တပ်မတော်အကြောင်း အဲဒါတွေပြောသွားတာ” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
အဲဒီနေ့က တွေ့ဆုံမှုမှာတော့ အချိန်မကြာခဲ့ဘဲနဲ့ မေယု စစ်သင်္ဘောကို လက်ခံရယူပြီးတဲ့အချိန်မှာ မေယု သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်ရမယ့် မြန်မာရေယာဉ်မှူး ဗိုလ်မှူး ခင်မောင်ဘိုကို နေ့စဉ်မှတ်တမ်း စာအုပ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဦးကျော်သိန်းလွင်လည်း အဲဒီမေယု စစ်သင်္ဘောပေါ်မှာ တာဝန် ထမ်းဆောင်ရတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
2.jpg

တာဝန်ထမ်းဆောင်ခဲ့သည့် ဖဲလ်မိုင်ယာ တိုက်သင်္ဘောပုံစံတူ ပန်းချီကားအကြောင်း ရှင်းပြနေစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
■ ဗိုလ်ချုပ်ရဲ့ စျာပနမှာလည်း ရှေ့ဆုံးက တာဝန်ယူခဲ့သူ
ဗိုလ်ချုပ်ကို သက်ရှိထင်ရှား ရှိတဲ့အချိန်မှာ တွေ့ဆုံခဲ့ရသူဖြစ်တဲ့ ဦးကျော်သိန်းလွင်က ဗိုလ်ချုပ်ရဲ့ စျာပနမှာလည်း ရှေ့ဆုံးက ပါဝင်ခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတဲ့ ဇူလိုင် ၁၉ ရက်မှာ ဦးကျော်သိန်းလွင်က မေယုသင်္ဘောပေါ်မှာ ရှိနေခဲ့ပါတယ်။
သင်္ဘောပေါ်ကို ကြေးနန်းရောက်ပြီး သတင်းသိလိုက်တဲ့အချိန်မှာတော့ ရေတပ်သားတွေ အကုန်လုံး ဆူပူနေပါပြီ။
“အဲဒီအချိန် အကုန်လုံးက တိုက်မယ်ဆိုတာချည်းပဲ ဖြစ်နေတယ်။ အန်ကယ်တို့ သင်္ဘောပေါ်မှာရှိတဲ့ ရေတပ်သားတွေတောင် ဒီလိုဖြစ်ရင် ကုန်းပေါ်မှာ နေတဲ့သူတွေဆို ပိုဆိုးမှာပေါ့။ ဘယ်သူ့ကို တိုက်မှာလဲဆိုတော့ အဖြေက မရှိဘူး။ အကုန်လုံးက ပူဆွေးနေတဲ့ အချိန်ဆိုတော့ ဘယ်သူ့ကို တိုက်မှာလဲ ဆိုတာလည်း အဖြေမရှိဘူး။ ဒါပေမဲ့ အကုန်လုံးက လက်စားချေမယ် ဖြစ်နေတာချည်းပဲ” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
အဲဒီအချိန်မှာပဲ မေယုသင်္ဘောပေါ်မှာ ရှိတဲ့သူတွေထဲက ရွေးထုတ်ပြီး ဦးကျော်သိန်းလွင် ဦးဆောင်တဲ့ အင်အား ၅၀ ခန့်က ရတနာပုံ ရေတပ်ဌာနချုပ်ကို အကူအညီပေးဖို့ ရောက်သွားပါတယ်။
“ဌာနချုပ်ကို ရောက်တော့ ဘာလုပ်ရမှန်းလဲ မသိဖြစ်နေတယ်။ အထက်အရာရှိကလည်း ဘာလုပ်ရမှန်း မသိဖြစ်နေတာ။ ဝန်ကြီးများရုံးနဲ့ကလည်း နီးတော့ အဆင်သင့် စောင့်နေရတယ်။ နောက်တော့မှ စျာပနအခမ်းအနားအတွက် ရှေ့ဆုံးက ချီတက်ရမယ်ဆိုပြီး ဖြစ်သွားတာ” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
စျာပန ပြုလုပ်တဲ့နေ့မှာတော့ တပ်မတော် (ရေ) ဂုဏ်ပြုတပ်ဖွဲ့က ရှေ့ဆုံးက ချီတက်ဖို့ တာဝန်ကျလာပါပြီ။ အဲဒီအတွက် တပ်မတော် (ရေ) ကို ဦးဆောင်လာတဲ့ ဗိုလ်ကြီးကျော်သိန်းလွင်က ရှေ့ဆုံးကနေ ဓားကိုင်ပြီး ချီတက်ရမှာပဲ ဖြစ်ပါတယ်။ စျာပနာ အခမ်းအနားတွေရဲ့ ထုံးစံအရ ဂုဏ်ပြုတပ်ဖွဲ့က ကိုင်ဆောင်ထားတဲ့ ရိုင်ဖယ်သေနတ်တွေကို ပြောင်းပြန် ကိုင်ဆောင်ရမှာ ဖြစ်သလို ရှေ့ဆုံး က ချီတက်တဲ့ ဗိုလ်ကြီးကျော်သိန်းလွင်ကလည်း ဓားကို လက်ကောက်ဝတ်ကနေ နောက်ပြန်ကိုင်ပြီး ညာဘက် ချိုင်းအောက်မှာ ဓားဦးကို မှေးထားရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ ရုပ်အလောင်းများ ထားရှိရာ ဂျူဗလီဟောကနေ အာဇာနည်ကုန်းကို အနှေးချီတက်ရမှာ ဖြစ်ပါတယ်။ တပ်မတော် (ရေ) ဂုဏ်ပြုတပ်ဖွဲ့ရဲ့ နောက်မှာတော့ ရုပ်အလောင်းတွေ တင်ထားတဲ့ အမြှောက်ဆွဲ လှည်းတွေက လိုက်ပါလာပါတယ်။
“အဲဒီပွဲလည်း ပြီးရော အန်ကယ့်လက်က သွေးမလျှောက်တော့ဘူး။ နာရီဝက် တစ်နာရီလောက်ကို လက်ကထုံနေတယ်” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
■ ရန်ကုန်- ပြည် လမ်းမကြီးရဲ့ ဝက်ကော်တိုက်ပွဲမှာ တံမြက်စည်းကို ဦးဆောင်ခဲ့သူ
ဝက်ကော်တိုက်ပွဲ ဆိုတာကတော့ ရန်ကုန်- ပြည်လမ်းမှာရှိတဲ့ ဝက်ကော်ရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က တပ်မတော် တစ်ခုလုံးမှာမှ အမြောက် နှစ်လက်ပဲ ရှိပါတယ်။ အဲဒီတွေက တပ်မတော် (ရေ) မှာရှိတဲ့ ဘိုဖာ အမြောက်တစ်လက်နဲ့ တက္ကသိုလ် တပ်ရင်းမှာရှိတဲ့ ခြောက်ပေါင်ဒါ အမြောက်တစ်လက်ပဲ ဖြစ်ပါတယ်။ အဲဒီအမြောက် နှစ်လက်စလုံးက လေ့ကျင့်ရေးအတွက် အသုံးပြုနေတဲ့ အမြောက်တွေပဲ ဖြစ်ပါတယ်။
“ဘိုဖာအမြောက်က နောက်ဆုံး အစည်းအဝေးမှ တိုက်ပွဲထဲဝင်ဖို့ ဆုံးဖြတ်တာ။ အဲဒီအချိန်တုန်းက တပ်မတော်မှာ လက်နက်ကြီးတွေ မရှိတော့ဘူး။ အကုန်လုံး ကရင်တပ်ရင်းတွေက သိမ်းထားတာ” လို့ ဦးကျော်သိန်းလွင် ကပြောပါတယ်။
ဒုတိယ ကမ္ဘာစစ်တုန်းက ရေတပ်တွေအနေနဲ့ တိုက်ပွဲမှာ အောင်တယ်ဆိုရင် သင်္ဘောဦးမှာ တံမြက်စည်းကို ထောင်ပြီး အချက်ပြကြပါတယ်။ အဲဒီအလေ့အထကို ယူပြီး ဘိုဖာအမြောက်ကို တံမြက်စည်းလို့ အမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ တက္ကသိုလ်တပ်ရင်းက အမြောက်ကိုတော့ ၀ါးရင်းတုတ်လို့ အမည်ပေးပါတယ်။
“ဘိုဖာအမြောက်မှာ အန်ကယ်က ခေါင်းဆောင်။ ဘယ်သူတွေ လိုက်မလဲဆိုပြီး ဆန္ဒအတိုင်း ဆုံးဖြတ်ဖို့ ခေါ်တာ။ အားလုံး ၁၂ ယောက် ဖြစ်နေတယ်။ အဲဒါနောက်ဆုံး တစ်ယောက်က လိုက်မယ်ဆိုပြီး ပြောတော့ ၁၄ ယောက် ဖြစ်သွားတာ။ အဲဒီတုန်းက အန်ကယ်က ၁၃ ယောက်ပဲရှိလို့ စိတ်ထင့်နေသေးတယ်” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
နောက်ဆုံးမှာ ပါလာတဲ့သူကတော့ နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်ခဲ့တဲ့ ရဲဘော် ခင်မောင်လှ ပဲဖြစ်ပါတယ်။ သူက တပ်မတော် (ရေ) မှာ ဗိုလ်မှူးကြီး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူပဲ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ တံမြက်စည်းလို့ အမည်ပေးထားတဲ့ ဘိုဖာအမြောက်ကြောင့် ကရင်တပ်ရင်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘိုဖာအမြောက်ကြီးကို တာဝန်ယူ ပစ်ခတ်ခဲ့တဲ့ တပ်မတော် (ရေ) က ၁၄ ဦးမှာတော့ နှစ်ဦးပဲ ကျန်နေခဲ့တာပဲ ဖြစ်ပါတယ်။
“ အဲဒီတုန်းက အသက်အကြီးဆုံးဖြစ်တဲ့ တပ်ကြပ်ကြီးမျိုးမြင့်နဲ့ အန်ကယ်နဲ့ပဲ ရှိတော့တယ်။ သူကတော့ အောက်စီဂျင်ပိုက် တပ်ပြီး အိပ်ရာထဲလဲနေပြီ။ ဘယ်သူ့မှ လာမကြည့်ကြဘူး” လို့ ရဲဘော်ရဲဘက်ဟောင်း တစ်ဦးရဲ့ လက်ရှိအခြေအနေကို ဖွင့်ဟပါတယ်။
ဝက်ကော်တိုက်ပွဲမှာ ကျရှုံးခဲ့မယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေး တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
“အဲဒီတိုက်ပွဲမှာ မနိုင်ခဲ့ဘူးဆိုရင် ဆိုရှယ်လစ်စနစ် ဆိုတာလည်း ဖြစ်လာစရာ အကြောင်းမရှိဘူး။ ငါတို့နိုင်ငံရဲ့ ကံကြမ္မာပေါ့” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
တပ်မတော် (ရေ) စတင်ဖွဲ့စည်းခြင်း မရှိမီကတည်းက တပ်မတော်သား တစ်ဦးဖြစ်တဲ့ ဦးကျော်သိန်းလွင်က မြန်မာ့တပ်မတော်(ရေ) မှာ ၁၉၅၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဝက်ကော်တိုက်ပွဲမှာ ထူးချွန်ခဲ့တဲ့ ဖြစ်စဉ်၊ တပ်မတော် (ရေ) အတွက် တိုက်ရေယာဉ် တည်ဆောက်ခြင်း စတာတွေကို လုပ်ကိုင်ခဲ့တဲ့ အတွက်ကြောင့် စည်သူဘွဲ့ ပေးမလား၊ သူရဘွဲ့ ပေးမလား အငြင်းပွားခံခဲ့ရတဲ့သူ တစ်ဦးဖြစ်ပါတယ်။
အဲဒီအချိန်မှာ တပ်မတော် (ရေ)ရဲ့ ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်မှူးကြီး ခင်မောင်ဘိုက စည်သူဘွဲ့ကို ဒီနှစ်ပေး၊ သူရဘွဲ့ကို နောက်နှစ်ပေးမလားလို့ အဆိုတင်ခဲ့တဲ့အတွက်ကြောင့် စည်သူဘွဲ့ကို ၁၉၅၀ ပြည့်နှစ်မှာ ရရှိခဲ့ပါတယ်။
ဒါပေမဲ့ သူရဘွဲ့ကိုတော့ တပ်မတော်ကနေ ထွက်ခဲ့တဲ့အချိန်ကစပြီး အခုထိ မရတော့ဘူးလို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
“ အဲဒီတုန်းက နောက်နှစ် သူရဘွဲ့ရမယ်ဆိုပြီး သိထားတာ။ အခုအထိကို မရတော့ဘူး” လို့ သူက ပြောပါတယ်။ လူ့ဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ အရာကိုတော့ လိုချင်သေးတယ် လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
တပ်မတော်က ထွက်ပြီးတဲ့အချိန်မှာတော့ ဦးကျော်သိန်းလွင် တစ်ယောက် ၁၉၅၂ ခုနှစ်မှာ ပြည်တော်သာသင်္ဘောမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ ၁၉၆၃ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းရဲ့ ရေကြောင်းအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ သင်္ဘောသားတွေကို မွေးထုတ်ပေးရာလို့ ခေါ်ဆိုနိုင်တဲ့ ရေကြောင်းသိပ္ပံကျောင်းကို တည်ထောင်ဖို့ တာဝန်ပေးခြင်း ခံရပြီးတော့ ပထမဆုံး ကျောင်းအုပ်ကြီးလည်း ဖြစ်လာခဲ့ပါတယ်။
အသက် ၉၂ နှစ်အရွယ်အထိ လုပ်ငန်း ကိုးမျိုးလောက် လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းအားလုံးကို အောင်အောင်မြင်မြင် ဦးစီးနိုင်ခဲ့ပေမဲ့ အခုအထိ ကိုယ်ဝါသနာအပါဆုံး အလုပ်ကို လုပ်ခွင့်မရခဲ့ဘူးလို့ ဦးကျော်သိန်းလွင်က ဆိုပါတယ်။
“အန်ကယ် အလုပ်ချင်ဆုံးက ဗိသုကာပညာရှင်” လို့ ဦးကျော်သိန်းလွင်က ပြောပါတယ်။
၉၂ နှစ်အရွယ်ဆိုတဲ့ အရွယ်ဆိုတာ လူ့ဘဝရဲ့ အမြင့်ဆုံးအချိန်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် ဦးကျော်သိန်းလွင်ကတော့ ခရီးသွားတာကိုလည်း ပြုလုပ်နေတုန်းပဲ ရှိပါသေးတယ်။
“ဆရာက အခုထိ ခရီးသွားတုန်းပဲ။ သူတစ်ယောက်တည်း သွားတာ။ တနင်္ဂနွေနေ့ကို လေဆိပ်လိုက်ပို့ရမှာ” လို့ ဦးကျော်သိန်းလွင် ရဲ့ ဝေယျာဝစ္စကို ကူညီလုပ်ကိုင်ပေးနေတဲ့ ကိုဝင်းဇော်ဦးက ပြောပါတယ်။
သူသွားမယ့် ခရီးကတော့ သြစတြေးလျ မှာ နေထိုင်တဲ့ သမီးဖြစ်သူဆီကို သွားလည်မှာပဲ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံမှာ ဗြိတိသျှရေတပ်မတော်က တော်ဝင် စစ်ပြန်ကြီးတွေ ပြုလုပ်တဲ့ ဖဲလ်မိုင်ယာ ရေယာဉ်ပြုပြင်မွမ်းမံရေး ရန်ပုံငွေရှာဖွေပွဲမှာ ရှားရှားပါးပါး လူနှစ်ဦးကိုသာ ဖိတ်ကြားခဲ့ပါတယ်။ အဲဒီထဲမှာ တစ်ယောက်ဖြစ်တဲ့ ဦးကျော်သိန်းလွင် ကို အခမ်းအနားသုံး ဓားရှည်နဲ့ ပုံစံတူ ပြုလုပ်ထားတဲ့ ဓားငယ် တစ်ချောင်း လက်ဆောင်ပေးအပ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော် (ရေ) မှာ အခမ်းအနားသုံး ဓားရှည် မရှိခဲ့တဲ့အချိန်တုန်းက သူ့ကို အင်္ဂလိပ်ရေတပ်မတော်က ဗိုလ်မှူးကြီး တဲလ်နက်စ်အက်စ်လိုင်းက ငှားရမ်းခဲ့တဲ့ ဓားနဲ့ ပုံစံတူပြုလုပ်ထားတာ ဖြစ်ပါတယ်။
အသက် ၉၂ နှစ်ကို ရောက်ရှိလာပြီဖြစ်တဲ့ ဦးကျော်သိန်းလွင် တစ်ယောက် Smart TV ရှေ့မှာထိုင်ရင်း မေယုသင်္ဘောပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ထိုးတဲ့ပုံကို ထိုင်ကြည့်နေပါတယ်။ ဆိုဖာခုံပေါ်မှာ တင်ထား ကွန်ပျူတာမောက် (စ်) ကို လှိမ့်နေရင်း ရှေးဟောင်းဓာတ်ပုံတချို့ကို ကြည့်နေတဲ့ ဦးကျော်သိန်းလွင်က လက်ရှိအချိန်မှာတော့ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေပြီ ဖြစ်ပါ တယ်။ သက်ရှိ သမိုင်းစာအုပ်ကြီး တစ်အုပ်လို့ တင်စားလို့ရတဲ့ ဦးကျော်သိန်းလွင် တစ်ယောက်မှာ ပြောစရာတွေ အများကြီးရှိနေ ပါသေးတယ်။သူ့ဘဝရဲ့ ဖြတ်သန်းမှုတွေကို မမောနိုင်မပန်းနိုင် ပြောပြနေတဲ့ ဦးကျော်သိန်းလွင်တစ်ယောက် သူနေထိုင်တဲ့ အခန်းမှာတော့ ရေတပ် တိုက်သင်္ဘောပုံစံတူလေးတွေနဲ့ ပန်းချီကားတွေက နေရာယူထားဆဲ ဖြစ်ပါတယ်။










