ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံသို့ တိုက်ရိုက်လာရောက် ရင်းနှီးမြှုပ်နှံမှုနှင့် စင်ကာပူမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ တစ်နှစ်လျှင် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံခန့်ရှိ

ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံသို့ တိုက်ရိုက်လာရောက် ရင်းနှီးမြှုပ်နှံမှုနှင့် စင်ကာပူမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ တစ်နှစ်လျှင် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံခန့်ရှိ
Published 19 October 2019
ဇေယျာငြိမ်း

ဂျပန်ကုမ္ပဏီများက မြန်မာနိုင်သို့ တိုက်ရိုက်လာရောက် ရင်းနှီးမြှုပ်နှံမှုနှင့် စင်ကာပူမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် တစ်နှစ်လျှင် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံခန့်အထိ ရှိကြောင်း အောက်တိုဘာ ၁၉ ရက်က Inya Lake Hotel ၌ ပြုလုပ်သည့် Japan – Myanmar Resource, Trade & Investment Expo 2019 အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro Maruyama က ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီများ အင်မတန်မှ စိတ်ဝင်စားတဲ့အတွက် ဂျပန်ကုမ္ပဏီများက ဂျပန်ကနေ တိုက်ရိုက်ရင်းနှီးမြှုပ်နှံတာနဲ့ စင်ကာပူကနေတစ်ဆင့် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံတာဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီနှစ်မျိုးကို ပေါင်းလိုက်ရင် တစ်နှစ်မှာ အမေရိကန် ၁ ဒသမ ၅ ဘီလျံလောက် ရင်းနှီးမြှုပ်နှံမှု လုပ်နေပါတယ်” ဟု H.E Mr. Ichiro Maruyama က ပြောကြားသည်။

ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံသို့တင်ပို့မည့် လုပ်ငန်းများ လာရောက်လုပ်ကိုင်ရန်နှင့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုန်ကြမ်းများ တင်သွင်းပြီး ကုန်ချောပြန်လည် ထုတ်လုပ်ကာ ပြည်တွင်းစျေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းများကိုလည်း စိတ်ဝင်စားမှုရှိကြောင်း ၎င်းကပြောကြားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းပေါင်း ၁၁၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည်။

ထို့ပြင် အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါ အထူးစီးပွားရေးဇုန်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်း ၃၉ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၆၇၀ ကျော်အထိရှိသည်။

ထို့ကြောင့် လက်ရှိအချိန်အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၅၀ ကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံခန့်ရှိသည်။

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် အမေရိကန်၊ ဥရောပနိုင်ငံများနှင့် စီးပွားရေးအရ အင်အားကြီးသော အာရှနိုင်ငံအချို့သည် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သကဲ့သို့ စင်ကာပူနိုင်ငံမှ တစ်ဆင့်ခံ၍ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ထားသည့် နိုင်ငံပေါင်း ၅၀ အနက် နံပါတ် (၁) နေရာတွင် တည်ရှိနေခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂ ဘီလျံကျော်ရှိသည်။

Most Read

Most Recent