အိန္ဒိယနိုင်ငံက ကွမ်းသီးတင်ပို့မှုကို ပိတ်ပင်ထားသည်မှာ နှစ်လနီးပါးရှိပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ပြန်လည်တင်ပို့ခွင့် မရသေး

အိန္ဒိယနိုင်ငံက ကွမ်းသီးတင်ပို့မှုကို ပိတ်ပင်ထားသည်မှာ နှစ်လနီးပါးရှိပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ပြန်လည်တင်ပို့ခွင့် မရသေး
Published 19 October 2019
အောင်သူထွန်း (ကလေးမြို့)

ရိဒ် နယ်စပ်မှတစ်ဆင့် ကွမ်းသီးတင်ပို့မှုကို အိန္ဒိယနိုင်ငံမှ ပိတ်ပင်ထားခဲ့သည်မှာ နှစ်လနီးပါးရှိပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ပြန်လည်တင်ပို့ခွင့် မရသေးသည့်အတွက် အဆိုပါ လုပ်ငန်းကို လုပ်ကိုင်နေသူများ အခက်အခဲများနှင့် တွေ့ကြုံနေရသည်ဟု သိရသည်။

“ရိဒ်နယ်စပ်ကနေ ကွမ်းသီးတွေတင်ပို့တာ ပိတ်ထားတာ နှစ်လနီးပါးရှိပြီ။ သေသေချာချာတော့ မသိဘူး။ ဘာလို့ပိတ်လဲဆိုဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်ကတော့ နယ်စပ်ကုန်သွယ်ရေး စခန်းမှာ အခွန်အခတွေ ဆောင်ပြီးတော့ မြန်မာဘက်က တရားဝင်သွားတယ်။ အိန္ဒိယနိုင်ငံဘက်ရောက်တော့ သူတို့က တရားဝင် မသွားဘူးထင်တယ်။ အဲလိုကြားတာပေါ့။ ဟိုဘက်ကမ်းက ပထမတော့ တစ်စီးဆောင်၊ နှစ်စီးလောက် မဆောင်ဘဲသွားတာ ရှိချင်ရှိမှာပေါ့။ ကျွန်တော်တို့လည်း မှန်းဆပြောရတာ အိန္ဒိယနိုင်ငံဘက်ကဟာ အခြေအနေ တိတိကျကျ မသိဘူး။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ကြတော့ တချို့ပစ္စည်းတွေ အခွန်အခ ကင်းလွတ်ခွင့် ပေးထားတာထင်တယ်။ အိန္ဒိယနိုင်ငံဘက်က ဖြစ်စဉ်တွေကို ကျွန်တော်တို့ အကြားပေါ့။ အိန္ဒိယနိုင်ငံဘက်က တရားဝင်ကျတော့လည်း လိုင်စင်ကိုင်ထားတဲ့ ကုမ္ပဏီတွေပဲ တင်သွင်းခွင့်ရှိမယ်။ အခွန်ကလည်း ၄၇ ရာခိုင်နှုန်း တောင်းတယ်ပြောတယ်။ အခု လကုန်ပိုင်းလောက်ကို အိန္ဒိယနိုင်ငံဘက်က ကာစတန်နဲ့ နယ်စပ်ရေးရာ ဝန်ကြီးနဲ့ နေပြည်တော်လာပြီး ညှိကြမယ်ပြောတယ်” ဟု ရိဒ်နယ်စပ်သို့ ကွမ်းသီးတင်ပို့သည့် ကိုသားကြီးက ဆိုသည်။

နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ကုန်သွယ်မှုပြုသော နယ်စပ်များမှာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နှင့် ချင်းပြည်နယ် ရိခေါဒါရ်မြို့တို့မှတစ်ဆင့် ကုန်သွယ်မှုများ ပြုလုပ်ကြပြီး နယ်စပ်နှစ်ခုစလုံးတွင် ကွမ်းသီးတင်ပို့မှုကို အဓိကပြုလုပ်လေ့ ရှိသည်ဟု သိရသည်။ ရိနယ်စပ် ကုန်သွယ်ရေးသည် ကလေးမြို့မှ မိုင် ၉၀ ဝန်းကျင်ခန့်သာ ကွာဝေးပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် ကုန်သွယ်မှုများ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။

ရိခေါဒါရ်နှင့် ဇိုခေါထာရ်နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် ကွမ်းသီးတင်ပို့မှုကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဖြတ်သန်းပြီး အိန္ဒိယနိုင်ငံ ပြည်မအတွင်းသို့ သယ်ပို့လေ့ရှိကာ ၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းမှ တစ်ဆင့် ကွမ်းသီးတင်ပို့မှုကို အာသံရိုင်ဖယ်တပ်ဖွဲ့မှ အိန္ဒိယနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန အမိန့်ဖြင့် ပိတ်ပင်ခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည် ။

“အခုလို ပိတ်ထားတော့ အကုန်လုံးလိုလို ဒုက္ခရောက်တယ်။ မုံရွာဘက်ကရော၊ ကလေးမြို့ကရော ကွမ်းသီးကုန်သည် မှန်သမျှ အကုန်ဒုက္ခရောက်ကြတယ်။ ကားသမားရော နောက်ကုန်ထမ်းတဲ့ သူတွေကအစ ဒုက္ခရောက်ကြပါတယ်။ မြန်မာနိုင်ငံထဲက ကွမ်းသီးလုပ်ငန်းနဲ့ ပတ်သက်တဲ့သူအားလုံး ဒုက္ခရောက်တာပေါ့။ လုံးဝရပ်တန့် သွားတာကိုး။ ဒီလထဲက ပြန်ဖွင့်ဖို့ မရှိဘူးလို့ ဟိုဘက်ကမ်းက ကိုယ်စားလှယ်က ပြောပါတယ်။ ကွမ်းသီးတွေကတော့ ကလေးမြို့မှာရော၊ ရိမှာရော ဂိုဒေါင်တွေထဲ ထည့်ထားရတယ်။ ကျွန်တော် တစ်ဦးထဲကို ဂိုဒေါင်သုံးလုံးရှိတယ်။ ရိဂိုထောင်တွေကို နယ်စပ်ကုန်သွယ်ရေးကလာပြီး ဓာတ်ပုံရိုက်သွားတယ်။ ကွမ်းသီးပြေးဆွဲနေတာ ကျွန်တော့်ဆီကိုယ်က ကားအစီး ၁၀၀ ရှိတယ်လေ။ တခြားသူတွေရောဆို မနည်းဘူးပဲ။ အရင်တုန်းကဆိုရင် ကွမ်းသီးက မနက်ကနေ ည ၉ နာရီအထိ ကွမ်းသီးဂိုထောင်ထဲက မထွက်ရဘူး။ အခုတော့ ဘာအလုပ်မှ မရှိသလို ဖြစ်နေတယ်။ ကားသမားတွေလည်း တော်တော်ဒုက္ခ ရောက်နေတယ်” ဟု ရိနယ်စပ် ကုန်သွယ် ကုန်သည်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent