ကတ်တလန်ခွဲထွက်ရေးခေါင်းဆောင် ကိုးဦးကို ထောင်ဒဏ်ချမှတ်မှုကို ဆန့်ကျင်ကြောင်း ပြသရန် လူထုချီတက်မှုတစ်ခုအဖြစ် ထောင်နှင့်ချီသည့် လွတ်လပ်ရေးလိုလားသော ဆန္ဒပြသူများက ဘာစီလိုနာမြို့သို့ ချီတက်နေစဉ် စပိန်၏ ဆန္ဒပြမှုဖြစ်ပွားနေသောအရှေ့ မြောက်ဒေသ၌ အောက်တိုဘာ ၁၉ ရက်တွင် အထွေထွေသပိတ်မှောက်မှုကို စတင်ပြုလုပ်ခဲ့သည်။
ဆန္ဒပြမှုများ ငါးရက်မြောက်နေ့သို့ ရောက်ရှိလာစဉ် တက်ကြွလှုပ်ရှားသူများသည် ချမ်းသာကြွယ်ဝသည့် အရှေ့မြောက်ပိုင်းဒေသရှိ လမ်းများကို ပိတ်ဆို့ခဲ့ပြီး ပြင်သစ်နှင့် နယ်စပ်ဖြတ်ကျော် အဓိကအဝေးပြေးလမ်းမကို ပိတ်ပစ်ခဲ့သည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပိတ်ပင်မှုနှင့် လွန်ခဲ့သည့်နှစ်နှစ်က မအောင်မြင်ခဲ့သည့် လွတ်လပ်ရေးကြေညာမှုတို့နှင့် ပတ်သက်ပြီး ခွဲထွက်ရေးခေါင်းဆောင်များကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့သည့် တရားရုံးချုပ်၏ အောက်တိုဘာ ၁၄ ရက် စီရင်ချက်ကို ဆန့်ကျင်ကြောင်း ပြသည့် လူထုဆန္ဒပြမှုတွင် အလုပ်သမားများသည်လည်း အလုပ်မလုပ် ဘဲ ရပ်နားခဲ့ကြသည်။
အထွေထွေသပိတ်မှောက်မှုအပြင် ထောင်နှင့်ချီသော ဆန္ဒပြသူများကလည်း ဒေသရှိ အဝေးပြေးလမ်းမများနှင့် လမ်းများတွင် ပရမ်းပတာအခြေအနေဖြစ်ပေါ် ရန်ရည်ရွယ်၍ ဒေသဆိုင်ရာမြို့ငါးမြို့မှ ဘာစီလိုနာမြို့သို့ သုံးရက်ကြာ ချီတက်မှုကို အဆုံးသတ်ရန် စီစဉ်ထားသည်။
အောက်တိုဘာ ၁၇ ရက် အစောပိုင်းတွင် ဘာစီလိုနာမြို့တော်ခန်းမရှေ့ မွန်းတည့် ချိန်စုဝေးမှုတွင် ကျောင်းသူ ကျောင်းသား ၂၅၀၀ ခန့် ပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာ ၁၄ ရက် စီရင်ချက်ချပြီးနောက် လူ ၁၁၀ ခန့်ကိုဖမ်းဆီး ထားကြောင်း၊ ယင်းတို့ထဲမှ ၁၁ ဦးကို ညတွင်းချင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဆန္ဒပြသူများသည် ဒေသစံတော်ချိန် ညနေငါးနာရီ( ဂရင်းနစ်စံတော်ချိန် ၁၅၀၀ နာရီ) မတိုင်မီ ကတ်တလန်မြို့တော်တွင် နောက်ထပ်ဧရာမဆန္ဒပြမှုတစ်ခု ပြုလုပ်ရန် မျှော်မှန်းထားသည်။ ဆန္ဒပြမှုများ နေ့စဉ်ဖြစ်ပေါ်နေသော်လည်း မြို့လယ်တွင် လူသောင်းနှင့်ချီပါဝင်ခဲ့သည့် အောက်တိုဘာ ၁၈ ရက် စုဝေးမှုသည် အကြီးဆုံးဆန္ဒပြမှု ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
အထွေထွေသပိတ်မတိုင်မီ ပို့ဆောင်ရေး အခက်အခဲများဖြစ်နိုင်ခြေရှိမှုကို ခန့်မှန်းထားမှုများနှင့်အတူ Volkswagen အုပ်စုက ပိုင်ဆိုင်သည့် စပိန်ကားထုတ်လုပ်ရေးကုမ္ပဏီ SEAT သည် ဘာစီလိုနာမြို့အနီးရှိ ၎င်း၏ Martorell စက်ရုံ၌ ထုတ်လုပ်ရေးများကို ရပ်ဆိုင်ခဲ့သည်။
စပိန်၏ ခရီးသွားများလာရောက်မှု အများဆုံးမြို့ဖြစ်သော ဘာစီလိုနာမြို့၏ နာမည်ကြီး La Boqueria စျေးရှိ ဆိုင်ခန်းများကို ပိတ်ထားခဲ့ပြီး နာမည်ကျော် Liceu ပြဇာတ်ရုံ၏ အောက်တိုဘာ ၁၈ ရက် ညပိုင်း တင်ဆက်မှုကိုလည်း ဖျက်သိမ်းခဲ့ရသည်။
လမ်းမများတွင် ပုံမှန်ထက် ယာဉ်အသွားအလာ ပိုမိုနည်းပါးခဲ့ပြီး El Prat လေဆိပ်တွင် လေကြောင်းလိုင်း ခရီးစဉ် ၅၅ ခုကို ဖျက်သိမ်းခဲ့သည်ဟု AENA လေဆိပ်အာ ဏာပိုင်များက ပြောကြားခဲ့သည်။
ကတ်တလိုနီးယားဒေသတွင် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ပြီး အချို့ပိတ်ဆို့မှုများသည် ဆန္ဒပြမှုများကြောင့်ဖြစ်ပြီး အခြားဖြစ်စဉ်များသည် တာယာများ (သို့မဟုတ်) မွေ့ရာများ မီးရှို့မှုများကြောင့်ဖြစ်သည်။ ဆန္ဒပြသူများက လမ်းမများပေါ်တွင် သံများ ဖြန့်ကျဲခဲ့သောကြောင့် ဖြတ်သန်းမောင်းနှင်သည့်ကားများ ဘီးပေါက်မှုများဖြစ်ပေါ်ခဲ့သည်။














