ဆီးရီးယားတွင် တူရကီထိုးစစ်ဆင်မှုကြောင့် ပဋိပက္ခဖိစီးနေသော ဒေသမှ လူများစွာ ထွက်ပြေးနိုင်ခြေရှိသဖြင့် ဒုက္ခသည်အလုံးအရင်းလိုက် ထပ်မံဝင်ရောက်လာနိုင်ခြေရှိမှုအတွက် ဥရောပက အသင့်ပြင်ထားရမည်ဟု ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
“ဂရိကို ဖြတ်ပြီး ရွှေ့ပြောင်းအခြေချနဲ့ ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနိုင်ခြေရှိမှုအတွက် ဥရောပက ပြင်ဆင်ထားရမယ်” ဟု Mitsotakis က ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်သည့် ရက် ၁၀၀ ပြည့် အထူးအင်တာဗျူးတွင် အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
တူရကီအနီး ကျွန်းများမှ လူ ၃၃၀၀၀ ခန့်အပါအဝင် ခိုလှုံခွင့်တောင်းခံသူ ၇၀၀၀၀ ခန့်ကို ဂရိတွင် လက်ခံထားသည်။ ကာ့ဒ်တို့ ထိန်းချုပ်ထားသည့်ဒေသများကို တိုက်ခိုက်နေသည့် တူရကီထိုးစစ်က လူပြည့်လျှံနေသည့် ဒုက္ခသည်စခန်းများသို့ လူများ ထပ်ရောက်ရှိလာမည်ကို ဂရိနိုင်ငံက စိုးရိမ်နေသည်။
တူရကီတွင် ဆီးရီးယားဒုက္ခသည် ၃.၆ သန်းခန့် လက်ခံထားသည်။ သမ္မတ ရီဆပ်တေရစ်အာဒိုဂန်က ဆီးရီးယားမြောက်ပိုင်း တွင်ဒုက္ခသည်များကို ပြန်လည်နေရာချထားမည့် ၎င်း၏အစီအစဉ်များ မအောင်မြင်ပါက အနောက်နိုင်ငံများသို့ ထွက်ခွာခွင့်အတွက် ထွက်ပေါက်အားလုံးကို ဖွင့်ပေးမည်ဟု ခြိမ်းခြောက်ခဲ့သည်။ နယူးယောက်တွင် အာဒိုဂန်နှင့် တွေ့ဆုံခဲ့သည့် Mitsotakis က ယင်းသည် ခြိမ်းခြောက်အကျပ်ကိုင်မှုဖြစ်သည်ဟု ပြောကြားပြီး ပယ်ချခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဂရိက ဒုက္ခသည် ၄၆၀၀၀ ကျော် လက်ခံထားရှိပြီး ယင်းသည် စပိန်၊ အီတလီ၊ မော်လ်တာနှင့် ဆိုက်ပရပ်တို့တွင် လက်ခံထားသည့် စုစုပေါင်းအရေအတွက်ထက် ပိုများကြောင်း ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီက ယခုသီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းအရေအတွက်သည် ၂၀၁၅ ခုနှစ်တွင် ရောက်ရှိခဲ့သည့် လူဦးရေ တစ်သန်းနီးပါးထက် နည်းပါးသော်လည်း ဂရိသည်နိုင်ငံအတွင်း ရှိနေပြီးဖြစ်သည့် ခိုလှုံခွင့် တောင်းခံသူများကို နေရာထိုင်ခင်းပေးရန် ရုန်းကန်နေရဆဲဖြစ်သည်။
ဒုက္ခသည်စခန်းများတွင် လူဆံ့သည့် ပမာဏထက် အဆပေါင်းများစွာကျော်ပြီး လက်ခံထားရသဖြင့် ခိုလှုံခွင့်တောင်းခံသူများသည် ကျွန်းစုများရှိ ရွက်ဖျင်တဲများနှင့် ယာယီတဲများတွင် အိပ်စက်ရသည်။
သန့်ရှင်းရေးအတွက် စိုးရိမ်ပူပန်မှုများအပြင် ရွှေ့ပြောင်းအခြေချများနှင့် ဒုက္ခသည်များသည် အစားအစာအတွက် နာရီများစွာ တန်းစီရမှုနှင့် ခိုလှုံခွင့်လျှောက်ထားမှုအတွက် ကာလကြာ စောင့်ဆိုင်းရမှုများနှင့် ရင်ဆိုင်ရသည့်အပြင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုလည်း ဖြစ်စေခဲ့သည်။
ယခုသီတင်းပတ်တွင် Samos ကျွန်းတွင် ဆီးရီးယားနှင့် အာဖဂန်ဒုက္ခသည်များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လူသုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းသို့ ဖြစ်ပြီးမကြာမီ ဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရွက်ဖျင်တဲဒါဇင်များစွာ လောင်ကျွမ်းခဲ့သည်။
ဇူလိုင်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် Mitsotakis က တူရကီနိုင်ငံသို့ လူ ၁၀၀၀၀ ပြန်ပို့ခြင်းဖြင့် ပြဿနာဖြေရှင်းရန်နှင့် ခိုလှုံခွင့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် စီစဉ်ထားသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ဥရောပအရှေ့ပိုင်းနိုင်ငံများက ဒုက္ခသည်အရေအတွက် အနည်းငယ်ကိုပင် လက်ခံရန် ငြင်းဆိုမှုကို Mitsotakis က ဝေဖန်ခဲ့သည်။














