ဥပဒေပြုအမတ်များက ဝေဖန်နှောင့်ယှက်ခဲ့ပြီးနောက် ဟောင်ကောင်အုပ်ချုပ်ရေးမှူးက မူဝါဒရေးရာမိန့်ခွန်း ပြောကြားမည့်အစီအစဉ်ကို ပယ်ဖျက်

ဥပဒေပြုအမတ်များက ဝေဖန်နှောင့်ယှက်ခဲ့ပြီးနောက် ဟောင်ကောင်အုပ်ချုပ်ရေးမှူးက မူဝါဒရေးရာမိန့်ခွန်း ပြောကြားမည့်အစီအစဉ်ကို ပယ်ဖျက်
 အောက်တိုဘာ ၁၆ ရက်တွင် ဟောင်ကောင်ဥပဒေပြုကောင်စီသို့ ရောက်ရှိလာသည့် အုပ်ချုပ်ရေးမှူးလမ်အား ဒီမိုကရေစီလိုလားသည့် အမတ်များက ဆန့်ကျင်အော်ဟစ်နေစဉ်
အောက်တိုဘာ ၁၆ ရက်တွင် ဟောင်ကောင်ဥပဒေပြုကောင်စီသို့ ရောက်ရှိလာသည့် အုပ်ချုပ်ရေးမှူးလမ်အား ဒီမိုကရေစီလိုလားသည့် အမတ်များက ဆန့်ကျင်အော်ဟစ်နေစဉ်
Published 16 October 2019

အတိုက်အခံ ဟောင်ကောင်ဥပဒေပြုအမတ်များက ဝေဖန်နှောင့်ယှက်ခဲ့ပြီးနောက်  အကျပ်အတည်းတွေ့နေသော ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်သည်  အောက်တိုဘာ ၁၆ တွင် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။ ကာရီလမ်က ပြောကြားမည့် မိန့်ခွန်းသည် ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများကို လေးလကျော်ကြာ ဖြတ်သန်းခဲ့ရသော ဟောင်ကောင်ပြည်သူတို့၏ စိတ်နှလုံးကို ဖမ်းစားရန် ကြိုးပမ်းမှုဟု သတ်မှတ်ခံရသည်။

သို့သော်လည်း ဆန္ဒပြမှုများ ရက်သတ္တပတ်များစွာ ကြုံနေရသော ဟောင်ကောင်တွင် အုပ်ချုပ်ရေးမှူး၏ မိန့်ခွန်းက သဘောထားကွဲစေမှုကို ပိုဆိုးစေရန်ဖြစ်လာနိုင်သည်။ လူထုထောက်ခံမှုနှုန်း စံချိန်တင် ကျဆင်းမှုကို ရင်ဆိုင်နေရသော ကာရီလမ်သည် ဥပဒေပြုကောင်စီတွင် မူဝါဒမိန့်ခွန်းကို ပြောကြားရန် နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သည်။ ဒီမိုကရေ စီလိုလားသော ဥပဒေပြုအမတ်များက လမ်၏ကြိုးပမ်းမှုကို ဟန့်တားခဲ့ကြသည်။

စင်မြင့်ထက်တွင် လမ်က နေရာယူနေစဉ် အမတ်တစ်ဦးက ဆန္ဒပြကြွေးကြော်သံများအား ပရိုဂျက်တာသုံး၍ ထိုးပြခဲ့သည်။ 

ထို့နောက် လမ်သည် ကြိုတင်ရိုက်ကူးထားသော ဗီဒီယိုမိန့်ခွန်းကို ထုတ်ပြန်ခဲ့ရသည်။ ၁၉၄၈ ခုနှစ်မှ စခဲ့သော အစဉ်အလာအရ ဟောင်ကောင်ခေါင်းဆောင်က ကိုယ်တိုင် မိန့်ခွန်းပြောကြားမှုကို ယခုနှစ်တွင် ပထမဆုံးအကြိမ် မဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုဗီဒီယိုမိန့်ခွန်းတွင် လမ်က အိုးအိမ်ချဲ့ထွင်ရေး အစီအစဉ်များကို ကြေညာခဲ့သည်။ ထို့ပြင် အစိုးရက စိုက်ထုတ်သုံးစွဲမည့် အစီအစဉ်များလည်း ကြေညာခဲ့သည်။

“ဟောင်ကောင်ဟာ ဒီမုန်တိုင်းထဲကနေ လွတ်မြောက်ပြီး ရှေ့ဆက်မယ်လို့ ကျွန်မ အခိုင်အမာ ယုံကြည်ပါတယ်” ဟု လမ်က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းကြေညာချက်တွင် ဆန္ဒပြသူများအား အလျှော့ပေးလိုက်လျောမှု မပါဝင်ခဲ့ပေ။ ဒီမိုကရေစီလိုလားသူများက ယင်းမိန့်ခွန်းကို ချက်ချင်းပယ်ချခဲ့သည်။

Chinese University of Hong မှ နိုင်ငံရေးကျွမ်းကျင်သူ ဝီလီလမ်က အုပ်ချုပ်ရေးမှူးလမ်၏ မိန့်ခွန်းသည် လွတ်လပ်ခွင့်များ ဆုတ်ယုတ်မှုကြောင့် နှစ်ပေါင်းများစွာ ဒေါသထွက်နေသော ဆန္ဒပြသူများအား စိတ်အေးစေရန် အနည်းငယ်သာ သက်ရောက်မှုရှိမည်ဟု ပြောကြားခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ဗြိတိန်ထံမှ ဟောင်ကောင်ကို ပြန်လည်ရယူစဉ်က ချမှတ်ခဲ့သော သဘောတူညီချက်အရ ဟောင်ကောင်က ရရှိခံစားနေရသော လွတ်လပ်ခွင့်များသည် ပေကျင်းကြောင့် ဆုတ်ယုတ်လာခဲ့သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ကို လွတ်လပ်သော စုံစမ်းစစ် ဆေးမှုပြုလုပ်ရေး၊ ဆန္ဒပြမှုများအတွင်း ဖမ်းဆီးခံထားရသော လူ ၂၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရေးအပါအဝင် အဓိက တောင်းဆိုမှုများ ရရှိပါက ဆန္ဒပြမှုများကို  အဆုံးသတ်မည်ဟု ဒီမိုကရေစီလှုပ်ရှားသူများက ပြောကြားထားသည်။

Most Read

Most Recent