၃၁ နှစ်အတွင်း မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁ ဘီလျံနီးပါးဝင်ရောက်ထားပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အဆင့် (၄) နေရာတွင် ရပ်တည်နေ

၃၁ နှစ်အတွင်း မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁ ဘီလျံနီးပါးဝင်ရောက်ထားပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အဆင့် (၄) နေရာတွင် ရပ်တည်နေ
နိုင်ငံတကာမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
နိုင်ငံတကာမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
Published 16 October 2019
ဇေယျာငြိမ်း

နှစ်ပေါင်း ၃၁ နှစ်အတွင်း မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁ ဘီလျံနီးပါးဝင်ရောက်ထားပြီး  စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အဆင့်လေးနေရာတွင် ရပ်တည်နေကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၁၉၈၈ - ၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၀၈ ဘီလျံ တန်ဖိုးရှိ လုပ်ငန်းပေါင်း ၆၀ အထိ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

အဆိုပါပမာဏသည် မြန်မာနိုင်ငံအတွင်း စုစုပေါင်းလာရောက်ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၁၃ ဒသမ ၃၂ ရာခိုင်နှုန်းရှိသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိကဝင်ရောက်ထားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၂ ဘီလျံကျော်ရှိပြီး စုစုပေါင်းပမာဏ၏ ၂၇ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်မှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး စုစုပေါင်းပမာဏ၏ ၂၅ ရာ ခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီီးမြှုပ်နှံမှုပမာဏ ၁၁ ဘီလျံကျော်ရှိပြီး စုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းကျော်ဖြင့် တတိယအများဆုံး ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသည် စတုတ္ထအများဆုံး ဖြစ်သည်။

နှစ်ပေါင်း ၃၁ နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၇၃၆ ဘီလျံအထိရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မီးရထားလမ်းနှင့် အဝေးပြေးလမ်းမများ၏ ရာခိုင်နှုန်း ၆၀ သည် အရည်သွေးနိမ့်ကျနေပြီး ဒေါ်လာဘီလျံ ၆၀ ခန့်အထိ အကုန်ကျခံကာ ရင်းနှီးမြှုပ်နှံကာ ပြုပြင်မှသာ လက်ရှိသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၃၀ ခန့်အထိ ကျဆင်းသွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်သည့် Myanmar – Korea Investment Promotion Seminar အခမ်းအနားမှ သိရသည်။

ယင်းကဲ့သို့ ပို့ဆောင်ဆက်သွယ်ရေး လမ်းပိုင်းဆိုင်ရာများကို ရင်းနှီးမြှုပ်မှုများ ဝင်ရောက် မီးရထားလမ်းများနှင့် အဝေးပြေးလမ်းမကြီးများ ရာနှုန်းပြည့်ကောင်းမွန်လာပါက လက်ရှိသယ်ယူပို့ဆောင်ရေးကုန်ကျ စရိတ်ကို  ရာခိုင်နှုန်း ၃၀ ခန့်အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ GDP တွက်ချက်မှုမှာလည်း ၁၃ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။    

 

 

Most Read

Most Recent