ဂျပန်နိုင်ငံမှ ဆူဇူကီးနှင့် တိုယိုတာကုမ္ပဏီတို့ လာရောက် ရင်းနှီးမြှုပ်နှံနေပြီဖြစ်သည့် သီလဝါ အထူးစီးပွားရေးဇုန်သည် အနာဂတ် မော်တော်ယာဉ်ထုတ်လုပ်မှု စျေးကွက်တွင် အရေးပါသည့် အထူးစီးပွားရေးဇုန်တစ်ခု ဖြစ်လာနိုင်မည်ဟု မျှော်လင့်ထား

ဂျပန်နိုင်ငံမှ ဆူဇူကီးနှင့် တိုယိုတာကုမ္ပဏီတို့ လာရောက် ရင်းနှီးမြှုပ်နှံနေပြီဖြစ်သည့် သီလဝါ အထူးစီးပွားရေးဇုန်သည် အနာဂတ် မော်တော်ယာဉ်ထုတ်လုပ်မှု စျေးကွက်တွင် အရေးပါသည့် အထူးစီးပွားရေးဇုန်တစ်ခု ဖြစ်လာနိုင်မည်ဟု မျှော်လင့်ထား
သီလဝါ အထူးစီးပွားရေးဇုန်ရှိ Suzuki Thilawa Motor Co.,Ltd ၏ စက်ရုံအား တွေ့ရစဉ်(ဓာတ်ပုံ-သီဟအောာင်)
သီလဝါ အထူးစီးပွားရေးဇုန်ရှိ Suzuki Thilawa Motor Co.,Ltd ၏ စက်ရုံအား တွေ့ရစဉ်(ဓာတ်ပုံ-သီဟအောာင်)
Published 15 October 2019
ရွှန်းလဲ့ဝင်း

ဂျပန်နိုင်ငံမှ ဆူဇူကီးနှင့် တိုယိုတာ ကုမ္ပဏီတို့ လာရောက် ရင်းနှီးမြုပ်နှံနေပြီဖြစ်သည့် သီလဝါ အထူးစီးပွားရေးဇုန်သည် အနာဂတ် မော်တော်ယာဉ် ထုတ်လုပ်မှု စျေးကွက်တွင် အရေးပါသည့် အထူးစီးပွားရေးဇုန်တစ်ခု ဖြစ်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း Myanmar Japan Thilawa Development Ltd (MJTD) ၏ President & CEO ဖြစ်သူ Mr. Tomoyasu SHIMIZU က ပြောကြားသည်။

“ဂျပန်နိုင်ငံမှာ အောင်မြင်နေတဲ့ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ ဆူဇူကီးနဲ့ တိုယိုတာ ကုမ္ပဏီနှစ်ခုက ဝင်ရောက်နေပြီဖြစ်ပြီး ဆူဇူကီးစက်ရုံက သီလဝါမှာ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်မှုတွေပါ လုပ်ဆောင်နေတာဖြစ်လို့ အနာဂတ်မှာ မော်တော်ယာဉ် ထုတ်လုပ်မှု စျေးကွက်မှာ အရေးပါတဲ့ အထူးစီးပွားရေးဇုန်တစ်ခု ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်” ဟု MJTD ၏ President & CEO ဖြစ်သူ Mr. Tomoyasu SHIMIZU က ပြောကြားသည်။

ဆူဇူကီးမှ မြန်မာနိုင်ငံ စျေးကွက်တွင် ၂၀၁၉ သြဂုတ်လကုန်ထိ မော်တော်ယာဉ် အစီးရေ ၁၀၄၂၈ စီး ထုတ်လုပ်ရောင်းချခဲ့ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မော်တော်ယာဉ် အစီးရေ ၁၅၀၀၀ အထိ ထုတ်လုပ်ရောင်းချ နိုင်မည်ဟု ခန့်မှန်းထားကြောင်း Suzuki Thilawa Motor Co.,Ltd ၏ Managing Director ဖြစ်သူ KEIICHI ASANO က စက်တင်ဘာ ၂၆ ရက်က ပြောကြားသည်။

ဆူဇူကီးမှ တစ်ရက်လျှင် မော်တော်ကား ၄၈ စီး တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ စျေးကွက်တွင် မော်တော်ယာဉ် အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ်ရောင်းချခဲ့ပြီး ၂၀၁၉ သြဂုတ်လကုန်ထိ မော်တော်ယာဉ်စီးရေ ၁၀၄၂၈ စီး ထုတ်လုပ်ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ Suzuki Thilawa Motor Co.,Ltd အနေနဲ့ ၂၀၁၉ သြဂုတ်လကုန်အထိ မော်တော်ယာဉ်အစီးရေ ၁၀၄၂၈ စီး ထုတ်လုပ်ခဲ့ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်မှာတော့ မော်တော်ယာဉ်စီးရေ ၁၅၀၀၀ အထိ ထုတ်လုပ်ရောင်းချနိုင်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု  Suzuki Thilawa Motor Co.,Ltd ၏ Managing Director ဖြစ်သူ KEIICHI ASANO က စက်တင်ဘာ ၂၆ ရက်က ပြောကြားသည်။

Suzuki Thilawa Motor Co.,Ltd ၏ မော်တော်ကား တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းသည် ဂျပန်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကာ လက်ရှိတွင် စုစုပေါင်း လုပ်သားအင်အား ၃၀၀ ကျော်၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၅ သန်းဖြင့် တစ်ရက်လျှင် မော်တော်ကား ၄၈ စီး တပ်ဆင်ထုတ်လုပ်ပြီး ပြည်တွင်းစျေးကွက်သို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း  ဆူဇူကီးမှ မြန်မာနိုင်ငံ စျေးကွက်တွင် မော်တော်ယာဉ်အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ်ရောင်းချခဲ့ရပြီး ယင်းပမာဏမှာ သတ်မှတ်ရည်မှန်းချက်ထက် ကျော်လွန်ရောင်းချခဲ့ရခြင်းဖြစ်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံ အနေဖြင့် ယာဉ်အစီးရေ တစ်သန်းအထိ ဝယ်ယူသုံးစွဲနိုင်မည့် စျေးကွက်ရှိနေကြောင်း Suzuki Motor Corporation ၏ President ဖြစ်သူ Toshihiro Suzuki ၏ ပြောကြားချက်အရ သိရသည်။

တိုယိုတာက ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံကာ သီလဝါ အထူးစီးပွားရေးဇုန်၌ စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ အား SKD စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း တိုယိုတာ မော်တော်ကော်ပိုရေးရှင်းမှ ပြီးခဲ့သည့် မေလက သတင်းထုတ်ပြန်ထားသည်။

သီလဝါ အထူးစီးပွားရေးဇုန် (B) ၌ တိုယိုတာက စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်မြေ ၂၁ ဟက်တာအား ရယူထားကြောင်း Myanmar-Japan Thilawa Development ကုမ္ပဏီလီမီတက်မှ သတင်းရရှိသည်။

 

 

Most Read

Most Recent