မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်နှင့် တွေ့ဆုံခြင်း
Published 13 October 2019
သိင်္ဂီဝင်းထွန်း

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရွှေစျေးကွက် တည်ငြိမ်မှုမရှိသေးတဲ့ အခြေအနေတွေကို မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက ထိန်းချုပ်ဆောင်ရွက်နေတာနဲ့ တရားဝင် ရွှေဗဟိုစျေးကွက် ဘယ်လိုအကောင်အထည်ဖော်သွားမလဲဆိုတာကို မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်နဲ့ တွေ့ဆုံမေးမြန်းမှုကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

 

 

မေး - မြန်မာနိုင်ငံရဲ့ ရွှေစျေးကွက် အနေအထားလေး ပြောပြပေးပါဦး။

ဖြေ- မြန်မာနိုင်ငံရဲ့ ရွှေစျေးကတော့ အမြင့်ဆုံး ၁,၃၁၅,၀၀၀ ထိအောင် ရွှေစျေးကတက်ပါတယ်။ အခုလက်ရှိမှာတော့ ၁,၂၁၀,၀၀၀ ဝန်းကျင်ပြန်ဖြစ်သွားပါတယ်။ ရွှေစျေးက တစ်သိန်းဝန်းကျင် ကျသွားတာပေါ့။

မေး - ရွှေစျေးအတက်အကျက ဘယ်အရာကြောင့် အဓိကဖြစ်မလဲ။

ဖြေ - စျေးအတက်အကျကတော့ ကမ္ဘာ့ရွှေ စျေးပေါ် အဓိကမူတည်ပါတယ်။ ကမ္ဘာ့ရွှေစျေး မြင့်တက်ရင် ဦးတို့ မြန်မာ့ရွှေစျေးကလည်း သူ့အတိုင်း လိုက်လျောညီထွေ အချိုးကျ လိုက်တက်တယ်။ ကမ္ဘာ့ရွှေစျေး ကျတာ နဲ့ မြန်မာ့ရွှေစျေးကလည်း ကျသွားတယ်။ ဟိုတစ်လောကတော့ ပြည်တွင်းမှာလည်း ဘဏ်ဂယက် ရိုက်သွားတယ်။ ဒါက ပြည်သူလူထု အကုန်လုံးကို နည်းနည်းတုန်လှုပ်သွားစေတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ရွှေစျေး က ဖြစ်သင့်တာထက် ပိုတက်သွားတယ်။ အခုက ဗဟိုဘဏ်ကိုယ်တိုင်က ဒါတွေကို ပြန်လည်ဖြေရှင်းချက်တွေ ထုတ်တာဖြစ်လို့ ပြည်သူတွေလည်း စိတ်အေးချမ်းသွားတဲ့အတွက် မြန်မာ့ရွှေစျေးလည်း ပြန်ကျသွားပါတယ်။

မေး - အခုလို ရွှေစျေး အတက်အကျ မတည်ငြိမ်တာ တွေဖြစ်နေတော့ ရွှေက ရင်းနှီးမှုကောင်းတဲ့အရာတစ်ခု လို့ရော ဆိုနိုင်သေးလား။

ဖြေ - ရွှေကတော့ ဦးလုပ်လာတဲ့သက်တမ်းတစ်လျှောက် ၂၈၀၀၊ ၂၉၀၀ မှာကတည်းက ရွှေတစ်ကျပ်သားကို စပြီးလုပ်ခဲ့တာပါ။ ရွှေစျေးကလေ တက်သွားပြီဆိုရင် ရာခိုင်နှုန်းအားဖြင့် ပြန်ကျလာဖို့ကတော့ နည်းတယ်။ ဒါကလည်း နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုပေါ်လည်း မူတည်သေးတယ်။ ကမ္ဘာ့ရွှေစျေးကလည်း အတက်ဘက်ပဲ ဦးတည်နေတော့ ငွေပိုရင် ရွှေကို စုထားတာကောင်းပါတယ်။ ဦးတို့ကိုယ်တိုင်ကလည်း ရွှေချစ်တဲ့သူတွေဆိုတော့ ရွှေပဲ စုဖြစ်တယ်။

မေး - မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းအနေ နဲ့ ရွှေစျေးတည်ငြိမ်ဖို့ ဘာတွေဆောင်ရွက်ပေးနေလဲ။

ဖြေ - မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်ကနေ ရွှေစျေးကိုလည်း တတ်နိုင်သလောက် ထိန်းညှိပေးပါတယ်။ ဒါတွေက မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း တစ်ခုတည်းနဲ့တော့ ထိန်းညှိလို့ မရပါဘူး။ ဒီတော့ ညီနောင်အသင်းတွေဖြစ်တဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ဒီအသင်းနှစ်သင်းကတော့ အဓိကပါပဲ။ သူတို့တွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့ ထိန်းရတယ်။ ပြီးတော့ တိုင်းနဲ့ ပြည်နယ်အကုန်လုံးကို အစည်းအဝေးတွေ ခေါ်ယူတယ်။ တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် အစည်းအဝေးတွေလုပ်တယ်။ ပြီးတော့ တခြားကောလာဟလ သတင်းတွေဆိုရင်လည်း ဒါတွေက ကောလာဟလသတင်းပါ ဆိုတာကို လူတွေသိအောင် အသင်းချုပ်ကနေလည်း အကုန်လုံး ဖြန့်ဝေပေးပါတယ်။  တချို့နေရာတွေမှာ တစ်ခါတလေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ကောလာဟလတွေ အရမ်းဖောင်းပွသွားတယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့ အစည်းအဝေးတွေထိုင်ပြီး အသင်းတွေကို ပြန်ချပြပါတယ်။

မေး - မြန်မာနိုင်ငံမှာ တရားဝင်ရွှေဗဟိုစျေးကွက် ဖော်ဆောင်မယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။ ဆရာ့ရဲ့ အမြင်လေး ပြောပြပေးပါဦး။

ဖြေ - ရွှေဗဟိုစျေးကွက်ဖော်ဆောင်မယ်ဆို တာကတော့ ဒါက နိုင်ငံတကာနဲ့အညီ ရင် ပေါင်တန်းနိုင်အောင်ပါ။ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်အောင် လုပ်မယ်ဆိုတော့ အခက်အခဲကတော့ ရှိတာပေါ့။ မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ နိုင်ငံတကာကို လိုက်ရတဲ့အခါ မှာ အခုချက်ချင်းတော့ သူတို့ကို မမီပေမဲ့ နောက်သုံးနှစ်အတွင်း၊ နောက်ငါးနှစ်အတွင်း ဆိုပြီး ကြိုးစားပြီးရအောင်လိုက်ရမှာပဲလေ။

မေး - လက်ရှိပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ရွှေမှောင်ခိုစျေးကွက်တွေ ပပျောက်သွားအောင် ဆရာတို့အသင်း ချုပ်အနေနဲ့ ဘယ်လိုတွေလုပ်ဆောင်မှုတွေရှိလဲ ပြော ပြပေးပါဦး။

ဖြေ - မှောင်ခိုစျေးကွက်ဆိုတာကတော့ ပွင့် လင်းမြင်သာမှုမရှိသေးလို့၊ လုပ်ပိုင်ခွင့်တွေ မရသေးလို့ မှောင်ခိုစျေးကွက်ဆိုတာ ရှိလာတာ။ လုပ်ပိုင်ခွင့်တွေရလာရင်တော့ မှောင်ခိုစျေးကွက်က အလိုလိုပပျောက်သွားမှာပါ။ အခု နိုင်ငံတော်ဘက်ကလည်း တော်တော်များများ ဖြေလျှော့ပေးနေတာတွေ ရှိတဲ့အ တွက် မှောင်ခိုစျေးကွက်တွေလည်း နည်းနည်းပပျောက်နေပါပြီ။ အစိုးရကိုယ်တိုင်က တရားဝင် တင်သွင်းခွင့်တွေပြုမယ်၊ တင်ပို့ခွင့်တွေပြုမယ်ဆိုရင် ဘယ်သူမဆို တရားဝင်ပဲ လုပ်ချင်တာပဲလေ။ ခိုးကြောင်ခိုးဝှက်နဲ့တော့ ဘယ်သူမှမလုပ်ချင်ဘူးလေ။ အဲဒီတော့ နိုင်ငံတော်အစိုးရဘက်က ဖြေလျှော့လို့ရ တာတွေကို ဖြေလျှော့ပေးမယ်၊ ကုန်သည်တွေဘက်ကလည်း တရားဝင် အခွန်ဆောင် သင့်တာတွေ ဆောင်မယ်ဆိုရင် သူသူကိုယ် ကိုယ်ပွင့်လင်းမြင်သာစွာနဲ့ ဝယ်တာရောင်းတာ လုပ်ချင်တယ်ဆိုရင်တော့ ရွှေစျေးကွက်ကြီးကလည်း တစ်ရှိန်ထိုးအောင်မြင်တိုးတက်လာမှာပါ။

မေး - ရွှေဗဟိုစျေးကွက်ကိုရော ဘယ်အချိန်လောက် ဖွင့်ဖြစ်မလဲ။

ဖြေ - ရွှေဗဟိုစျေးကွက် ကျွန်တော်တို့ မြန် မာနိုင်ငံမှာ မူလရည်ရွယ်ထားတာကတော့ ဒီ ၂၀၁၉ အကုန်မှာ ဖွင့်မယ်ပေါ့။ လောလောဆယ်က ကျွန်တော်တို့ အကြောင်းအမျိုးမျိုးကြောင့် ဒီဟာကို တစ်နှစ်တန်သည် နှစ်နှစ် တန်သည် ဆက်စောင့်ပြီးတော့မှ ဆက်လုပ် ရမယ်။ သို့သော်လည်း မြန်မာနိုင်ငံ ရွှေလုပ် ငန်းရှင်အသင်းချုပ်ကနေ စီးပွားရေး စိတ်ဝင်စားတဲ့ ရွှေသမားတွေအားလုံး စုပေါင်းပြီး ကုမ္ပဏီတစ်ခု ထပ်ဖွင့်မယ်။ ပြီးရင် ဒီကုမ္ပဏီကနေ ဦးဆောင်ပြီးတော့ ရွှေဗဟိုစျေးကွက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများပိုင် ကုမ္ပဏီကြီးဖွင့်ပြီးတော့ ကျွန်တော်တို့ ဆက် သွားဖို့ရှိပါတယ်။

မေး - ဒီရွှေဗဟိုစျေးကွက်က အောင်မြင်မယ်လို့ ယူဆနိုင်ပါသလား။

ဖြေ- ရွှေဗဟိုစျေးကွက်လုပ်တယ်ဆိုတာကတော့ ချက်ချင်းကြီးအောင်မြင်ဖို့ဆိုတာကတော့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း သွားရတာဖြစ်တယ်။ ရွှေဆိုင်တွေတောင် နှစ်ကြာလာမှ လူသိပြီး တိုးတက်တာလေ။ ရွှေဗဟိုစျေးကွက်ဆိုတာကလည်း အခုချက်ချင်း အကောင်အထည်ဖော်ပြီး အခုချက်ချင်း အောင်မြင်မှာမဟုတ်ဘူးလေ။ ဒါကလည်းပဲ ဟောင်ကောင်စျေးကွက်တွေ ဘာတွေလည်း နှစ်နဲ့ချီရင်းပြီးမှ ဖြစ်လာတာ ပါ။ ဦးတို့လည်း အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရမှာပေါ့။

မေး - ရွှေကို ဝယ်ယူစုဆောင်းချင်တဲ့သူတွေအတွက်ကော ဘာများပြောချင်ပါသလဲ။

ဖြေ - ရွှေကတော့ ဝယ်ထားမယ်ဆိုရင် ငွေကြေးဖောင်းပွတဲ့ဒဏ်ကို မခံရဘူး။ အဲဒီအတွက်ကြောင့် ရွှေကတော့ ဝယ်ထားမယ်ဆိုရင် ကိုယ့်အတွက် အကျိုးအမြတ်ပဲရှိတာလေ။ ဆုံးရှုံးမှုတော့ မရှိပါဘူး။ ဥပမာ တခြားငွေကြေးက ဖောင်းပွသွားတယ်ဆိုရင် ရွှေဝယ်ထားတဲ့သူက ငွေကြေးဖောင်းပွတဲ့ဒဏ်ကို မခံရဘူး။ သို့သော်လည်း ရွှေစျေးပြန်ကျသွားတယ်ဆိုရင်လည်းပဲ သူ့ရဲ့ငွေကြေးက တခြားကုန်ပစ္စည်းတွေလောက် ဆုံးရှုံးမှုမရှိဘူး။ ရွှေက ပိုပြီးတော့ခိုင်မာတယ်။ ဦးတို့ကတော့ ရွှေကိုပဲ အဓိကထားတယ်။ ဦးတို့ ရွှေကုန်သည် လောကမှာဆိုရင် ဒီနှစ် ရွှေတစ်ကျပ်သားကို ၁၀ သိန်းနှုန်းနဲ့ ရွှေ ၁၀ သားကိုဝယ်ပြီး ခေါင်းအုံးအောက်မှာ ထားအိပ်လိုက်တယ်။ လာ မယ့်နှစ်မှာ ၁၃ သိန်း ဖြစ်သွားတဲ့အတွက်ကြောင့် ဥပမာ ရွှေ ၁၀ သားဆိုရင် သိန်း ၁၃၀ ဆိုတော့ သိန်း ၃၀ မြတ်တယ်ဆိုပြီး ရွှေသမား က အဲဒီလိုအမြတ်မခေါ်ဘူး။ သူက ရွှေ ၁၀ သားကနေ လာမယ့်နှစ် ဒီအချိန်မှာ စာရင်းချုပ်လိုက်လို့ ရွှေတစ်ဆယ်သားက ၁၁ ကျပ် ဖြစ်တယ်၊ ဆယ့်နှစ်ကျပ်ဖြစ်တယ်ဆို တက်လာတဲ့ရွှေကိုသာ သူက အမြတ်လို့ယူတယ်။ ရွှေကိုပဲ ပုံသေထားပြီး တွက်တယ်။ တခြား လောကတွေမှာတော့ ငွေကိုထားပြီး ငွေမြတ်ရင် မြတ်တယ်ပေါ့။ ရွှေလောကမှာတော့ ရွှေတိုးမှသာ မြတ်တယ်။

 

 

Most Read

Most Recent