သူပုန်အဖွဲ့ နောက်ဆုံးခြေကုပ်ယူထားသော အိုင်ဒလစ်မြို့နှင့်ပတ်သက်၍ ဆီးရီးယားအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်အပေါ် အဓိကအာရုံစိုက်မည့် ဆီးရီးယားအရေး ဆွေးနွေးမည့် နောက်ဆုံးထိပ်သီးတွင် တူရကီသမ္မတရီဆပ်တေယစ်အာဒိုဂန်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အီရန်သမ္မတ ဟက်ဆန်ရိုဟာနီတို့ကို စက်တင်ဘာ ၁၆ ရက်တွင် တူရကီမြို့တော် အင်ကာရာ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ပူတင်၊ ရိုဟာနီ၊ အာဒိုဂန်တို့သည် ၂၀၁၇ ခုနှစ်ကတည်းက ဆီးရီးယားပဋိပက္ခနှင့်ပတ်သက်၍ ထိပ်သီးဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးဖြစ်ကာ ၎င်းတို့၏ ငါးကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲအတွက် အင်ကာရာ၌ တွေ့ဆုံကြခြင်းလည်းဖြစ်သည်။
ဆီးရီးယားနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ဒုက္ခသည်များ မိမိတို့သဘော ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်သည့်အခြေအနေများကို သေချာစေရေး၊ နိုင်ငံရေးနည်းလမ်းဖြင့် ခိုင်မာသော အဖြေတစ်ရပ် ရှာတွေ့နိုင်ရေး မျှော်မှန်းချက်ဖြင့် အတူပူးပေါင်းဆောင်ရွက်ကြမည့် အကြောင်းများကို ထိုခေါင်းဆောင်များက ညှိနှိုင်းဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း တူရကီသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
ထိပ်သီးဆွေးနွေးပွဲမတိုင်မီတွင် ခေါင်းဆောင်သုံးဦးသည် သီးခြားစီတွေ့ဆုံဆွေးနွေးကြဦးမည်ဟု ခန့်မှန်းရပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ရန် ရည်ရွယ်ချက်ဖြင့် တံခါးပိတ်ဆွေးနွေးပွဲတစ်ရပ်လည်း ကျင်းပဦးမည်ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
အီရန်နှင့်ရုရှားသည် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်ကို အခိုင်အမာအား ပေးထောက်ခံထားသည့် နိုင်ငံများဖြစ်သော်လည်း တူရကီကမူ သမ္မတအာဆတ်ရာထူးမှ နုတ်ထွက်ရေးကို တောင်းဆိုထားပြီး ဆီးရီးယားအစိုးရကို ဆန့်ကျင်နေသော တိုက်ခိုက်ရေးသမားများအား ကျောထောက်နောက်ခံ ပေးထားသည်။
သို့သော် အာဆတ်၏ သမ္မတရာထူးမှာပို၍ လုံခြုံစိတ်ချရသည့်အနေအထားတွင် ရှိနေသည်ဟု ယူဆရခြင်းကြောင့် တူရကီ၏ ဦးစားပေးကိစ္စရပ်သည် ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒလစ်ဒေသမှ ထွက်ပြေးလာသော ဒုက္ခသည်များ တူရကီထဲသို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမည့်အရေးကို တားဆီးခြင်းဘက်သို့ လမ်းလွှဲလိုက်ခြင်းဖြစ်သည်။
အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မှုများ တစ်သီတစ်တန်းဆောင်ရွက်ထားသော်လည်း ရုရှားလေတပ် ကျောထောက်နောက်ခံပြု ဆီးရီးယားတပ်ဖွဲ့များက အိုင်ဒလစ်ဒေသတွင်းသို့ ပုံမှန်ချီတက်နေခြင်းကို တူရကီက စိုးရိမ်နေသည်။
ဆီးရီးယားတပ်ဖွဲ့များ၏ အင်တိုက်အားတိုက် ထိုးစစ်ဆင်မှုကို တားဆီးရန်ပြီးခဲ့သည့်နှစ်တွင် ရုရှားနှင့် တူရကီက အိုင်ဒလစ်၌ စစ်မဲ့ဇုန်ထူထောင်ရန် သဘောတူခဲ့ကြသည်။ ယင်းသဘောတူညီချက်ကို အကျိုးသက်ရောက်စေရန်အတွက် တူရကီက အိုင်ဒလစ်ဒေသတွင် စောင့်ကြည့်လေ့လာရေးစခန်း ၁၂ ခုကို တည်ထောင်ထားသည်။
သို့သော် စောင့်ကြည့်လေ့လာရေးစခန်းများမှာ တိုက်ခိုက်ခံရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး လွန်ခဲ့သောလက ဆီးရီးယားတပ်ဖွဲ့များ အိုင်ဒလစ်တွင် ထိုးစစ်ဆင်နေချိန်၌ စောင့်ကြည့်ရေးစခန်း ၁၂ ခုထဲမှ တစ်ခုမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
သြဂုတ် ၃၁ ရက်တွင် အင်ကာရာနှင့် မော်စကိုအကြား အပစ်အခတ်ရပ်စဲရန် နောက်ဆုံးအကြိမ် သဘောတူခဲ့ကြသော်လည်း ရုရှားသည် အိုဒလစ်၌ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။














