တရုတ်နှင့် ဓာတ်ငွေ့ပူးတွဲရှာဖွေမည့် သဘောတူညီချက် ရရှိနိုင်ရန်အတွက် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ခုံရုံး၏ စီရင်ချက်အား လျစ်လျူရှုရန် စဉ်းစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးအား ဆင်ခြင်တုံတရားကင်းမဲ့သည်ဟု ဒုတိယသမ္မတ လီနီရိုဘရီဒိုက စက်တင်ဘာ ၁၂ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ဒူတာတေးက တရုတ်အား အလျှော့ပေးမှုသည် သိသာနေခဲ့ပြီး ဓာတ်ငွေ့ရှာဖွေရန် မနီလာတွင် အခွင့်အရေးရှိသည်ဟု အပြည်ပြည်ဆိုင်ရာခုံရုံးက စီရင်ချက်ချမှတ်ခဲ့သည့်နေရာ၌ ပေကျင်းနှင့် ပူးတွဲရှာဖွေရန် ကမ်းလှမ်းမှုကို လက်ခံလိုက်ခြင်းသည် အလွန်အမင်းတာဝန်ခံမှုမရှိခြင်းဖြစ်ကြောင်း ရိုဘရီဒိုက ပြောကြားခဲ့သည်။
တရုတ်နှင့် မည်သည့်သဘောတူညီချက်တွင်မဆို တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်၏ အခွင့်အရေးများအား အတည်ပြုမှုများကို ပေးဆပ်လိုက်ရသည့်အနေအထား မဖြစ်သင့်ကြောင်း ရိုဘရီဒိုက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရိုဘရီဒိုသည် ဒူတာတေးနှင့်အတူမဟုတ်ဘဲ သီးခြား ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး သမ္မတ၏ တွဲဖက်လည်း မဟုတ်ခဲ့ပေ။ ၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေးတင်းမာနေခဲ့ပြီး ဒူတာတေးက ရိုဘရီဒိုအား မိန့်ခွန်းများတွင် အမြဲတမ်း လှောင်ပြောင် ဝေဖန်လေ့ရှိသည်။
တောင်တရုတ်ပင်လယ်ရှိ Reed Bank တွင် ဓာတ်ငွေ့ပူးတွဲရှာဖွေမှု၌ ပေကျင်းက အသေးစား မိတ်ဖက်အဖြစ် ပါဝင်ရန် အသင့်ရှိနေကြောင်း တရုတ်သမ္မတ ရှီကျင်ပင်းက မိမိအား ပြောကြားခဲ့သည်ဟု ဒူတာတေးက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် သည်ဟိဂ်၏ အပြည်ပြည်ဆိုင်ရာ ခုံရုံးက ၂၀၁၆ ခုနှစ်တွင် ချမှတ်ခဲ့သော စီရင်ချက်ကို ဖိလစ်ပိုင်က ဦးစွာပယ်ချရမည်ဖြစ်ကြောင်း တရုတ်က တောင်းဆိုခဲ့သည်။
တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးအား ပိုင်ဆိုင်ကြောင်း တရုတ်၏ အခိုင်အမာထုတ်ပြန်ချက်သည် ကုလသမဂ္ဂ၏ ရေကြောင်းဆိုင်ရာ ဥပဒေအရ မည်သည့်ဥပဒေအခြေခံမျှမရှိကြောင်း စီရင်ချက် ချမှတ်ခဲ့မှုကြောင့် တရုတ်အတွက် ဧရာမထိုးနှက်ချက်ဖြစ်ခဲ့သည်။ တရုတ်ကလည်း ထိုစီရင်ချက်အား မည်သည့်အခါကမျှ အသိအမှတ်မပြုခဲ့ပေ။
ဒူတာတေး၏ ထိုမှတ်ချက်များသည် အလွန်အမင်း စိတ်ပျက်ဖွယ်ကောင်းကြောင်း ရိုဘရီဒိုက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ၏ အထူးစီးပွားရေးဇုန်အတွင်း ပြည်ပကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မှုကို ခွင့်ပြုထားပြီးဖြစ်ပြီး မည်သည့်အလျှော့ပေးမှုမျှ ပြုလုပ်ရန် မလိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ခုံရုံး၏ ထိုစီရင်ချက်သည် နှစ်နိုင်ငံအကြား ဆွေးနွေးပွဲများတွင် ဆွေးနွေးစရာ ဖြစ်နေဆဲဖြစ်ပြီး အပြန်အလှန် အကျိုးရှိနိုင်မည့်အရာများအား အာရုံစိုက်သင့်ကြောင်း ဒူတာတေး၏ ပြောခွင့်ရပုဂ္ဂိုလ် ဆယ်ဗာဒေါပါနယ်လိုက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်သမ္မတရာထူး ရယူခဲ့ပြီးနောက် ဒူတာတေးသည် တရုတ်နှင့် ဆက်ဆံရေး နွေးထွေးစေရန် ကြိုးစားခဲ့ပြီး ဒေါ်လာဘီလျံများစွာတန်ဖိုးရှိ ချေးငွေများနှင့် ရင်းနှီးမြှုပ်နှံမှုများ ရရှိနိုင်ရန် တရုတ်အား ဝေဖန်မှု သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်လွှဲခဲ့သည်။














