ပရီးမီးယားလိဂ် (၃) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ မန်ယူ

ပရီးမီးယားလိဂ် (၃) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ မန်ယူ
Photos: Getty Images &  Reuters
Photos: Getty Images & Reuters
Published 31 August 2019

■ ဆောက်သမ်တန် ၁-၁ မန်ယူ

ရာသီအစပိုင်းမှာတင် ရုန်းကန်နေရတဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၄) မှာလည်း ဆောက်သမ်တန်အသင်းကို အနိုင်မကစားနိုင်ခဲ့ဘဲ (၁-၁) ဂိုးနဲ့ သရေကျခဲ့တာကြောင့် ဖိအားတွေ ပိုများလာခဲ့ပြီလို့ ဆိုရမှာပါ။ 

ရှေ့(၂) ပွဲမှာ ဝုလ်ဗ်ကို သရေ၊ ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့လို့ ဒီပွဲမှာတော့ မန်ယူနည်းပြ ဆိုးလ်ရှားဟာ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ ရပ်ရှ်ဖို့ဒ်၊ ဒီဟေးယားတို့ကို ပွဲထုတ်ခဲ့ကာ မာတာ၊ ပယ်ရေရားနဲ့ ဒန်နီယဲလ်ဂျိမ်းစ်တို့ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။ 

အိမ်ရှင် ဆောက်သမ်တန်အသင်းကတော့ ၄-၄-၂ ကစားကွက်မှာ ဒန်နီအင့်စ်နဲ့ အဒမ်တို့ကို တွဲပေးပြီး အဓိက ကစားသမားတွေနဲ့ မန်ယူအသင်းကို ရင်ဆိုင်ခဲ့တာပါ။

ရလဒ်ဆိုးတွေကြောင့် ဖိအားများနေတဲ့ မန်ယူဟာ ပွဲစကတည်းက ဆောက်သမ်တန်အသင်းကို ဖိကစားခဲ့ပြီး ဒန်နီယဲလ်ဂျိမ်းစ်ရဲ့ ဘယ်တောင်ပံကနေ အများဆုံးဖိအားပေးနိုင်ခဲ့ကာ စောစောစီးစီးပဲ ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပါတယ်။

ပွဲချိန် (၁၀) မိနစ်မှာတော့ မန်ယူအသင်းအတွက် အဖွင့်ဂိုးကို တွမ်မီနေးရဲ့ ပေးပို့မှုကနေ ဒန်နီယဲလ်က ဆောက်သမ်တန်ဧရိယာထဲကို ဆွဲဝင်ကာ လှလှပပကန်သွင်းယူခဲ့တာပါ။

ဒီဂိုးဟာ ဒန်နီယဲလ်ဂျိမ်းစ်အတွက် အခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲမှာ (၃) ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာလည်း ဒန်နီယဲလ်ဂျိမ်းစ်၊ ဝမ်ဘစ်ဆာကာတို့ ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိသလို၊ ဒန်နီယဲလ်ဂျိမ်းစ်ရဲ့ ကန်ချက်တစ်ကြိမ်ကိုလည်း ဆောက်သမ်တန်ဂိုးသမား အန်ဂတ်စ်ဂန်းက ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းအစောပိုင်းမှာ ဆောက်သမ်တန်အတွက် ဘူဖယ်လ် အခွင့်အရေးတစ်ကြိမ်ရခဲ့တာလွဲလို့ ရင်ခုန်စရာမရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့ပေမယ့် ပထမပိုင်းကလောက်တော့ ဂိုးသွင်းခွင့်တွေ မရတော့ဘဲ ဆောက်သမ်တန်အသင်းကလည်း ချေပဂိုးရဖို့အတွက် ကြိုးစားခဲ့ပါတယ်။ 

ပွဲချိန် (၅၈) မိနစ်မှာတော့ ဆောက်သမ်တန်တို့ ချေပဂိုးရသွားခဲ့ပါတယ်။ ဘယ်တောင်ပံကနေ ဒန်ဆို တင်ပေးတာကို ဗတ်စတာဂတ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ 

ချေပဂိုးပေးလိုက်ပြီးနောက်မှာတော့ မန်ယူတို့ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပြီး မာတစ်၊ လင်ဂတ်၊ ဂရင်းဝုဒ်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန် (၇၃) မိနစ်မှာ ဒန်ဆို (၂) ၀ါ (၁) နီနဲ့ ထုတ်ပယ်ခံရလို့ မန်ယူတို့ ပိုအသာရခဲ့ပါတယ်။

ဒါကြောင့် မန်ယူအသင်းဟာ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဆောက်သမ်တန်အသင်းက ခံစစ်ကို အကောင်းဆုံးကစားသွားခဲ့တာကြောင့် ပွဲအပြီးမှာတော့ မန်ယူတို့ သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ 

ရာသီအစ (၄) ပွဲမှာ (၃) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် မန်ယူအသင်းနဲ့ နည်းပြ ဆိုးလ်ရှားတို့ကတော့ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။ 

 

Most Read

Most Recent