မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်း၏လက်ရှိတိုက်စစ်ပိုင်းနှင့်ပတ်သက်ပြီး ကျေနပ်မိသည်ဟု သြဂုတ် ၃၀ ရက်က ပြုလုပ်ခဲ့သည့် ဆောက်သမ်တန်အသင်းနှင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် လူကာကူ၊ အလက်ဆစ်ဆန်းချက်ဇ်တို့မှာ အသင်းမှထွက်ခွာသွားပြီး မန်ယူအသင်းမှာ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းတိုက်စစ်ပိုင်းအတွက် ကစားသမားသစ်ခေါ်ယူမှုလည်းမရှိခဲ့ကြောင်း သိရသည်။
မာစီယဲလ်မှာ ဒဏ်ရာကြောင့် ဆောက်သမ်တန်နှင့်ပွဲကို လွဲချော်မည်ဖြစ်ပြီး အသင်းတိုက်စစ်ပိုင်းတွင် ရပ်ရှ်ဖို့ဒ်နှင့် ဂရင်းဝုဒ်တို့သာ ကျန်ရှိတော့ခြင်းဖြစ်သည်။
'' အန်သိုနီ(မာစီယဲလ်)နဲ့ မားကပ်စ်(ရပ်ရှ်ဖို့ဒ်)တို့ဟာ အသင်းတိုက်စစ်တာဝန်ကို ထမ်းရွက်နိုင်သူတွေပါ။ သူတို့မစွမ်းဆောင်နိုင်ဘူးထင်ထားရင် ကျွန်တော်တို့ အစောပိုင်းကတည်းက တစ်စုံတစ်ယောက်ကို ခေါ်ယူမှု၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ချန်ထားမှုတွေလည်း လုပ်ကောင်းလုပ်ခဲ့ပါလိမ့်မယ်။ ကျွန်တော်တို့ သူတို့အပေါ် ယုံကြည်မှုရှိပါတယ်။ သူတို့ကလည်း တာဝန်ယူမှုရှိသလို၊ အားကိုးနိုင်တဲ့အနေအထားပါပဲ။ ဒီမှာက အပေးအယူသဘောမျိုးဖြစ်ပြီး ကျွန်တော်တို့ ယုံကြည်မှုနဲ့ထိုက်တန်တာကို သူတို့ပြန်ပေးရမှာပါ။ ဒါပေမဲ့ ဒီအရာအတွက် သူတို့ အသင့်ရှိနေပြီဆိုတာ သက်သေပြပြီးသားပါ။ ကျွန်တော်တို့ သူတို့အပေါ် အပြည့်အဝယုံကြည်ပါတယ်'' ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။