ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဝင်အဖြစ် ဂိုးသမားဟောင်း အိုလီဗာခန်း ခန့်အပ်ခံရပြီး ၂၀၂၂ ခုနှစ်တွင် အမှုဆောင်ချုပ်ရာထူး ပြောင်းလဲရယူမည်

ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဝင်အဖြစ် ဂိုးသမားဟောင်း အိုလီဗာခန်း ခန့်အပ်ခံရပြီး ၂၀၂၂ ခုနှစ်တွင် အမှုဆောင်ချုပ်ရာထူး ပြောင်းလဲရယူမည်
Published 31 August 2019

ဂျာမနီလက်ရွေးစင်ဂိုးသမားဟောင်း အိုလီဗာခန်းသည် ဘိုင်ယန်မြူးနစ်အသင်း၏ ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရပြီး ၂၀၂၂ ခုနှစ်တွင် အမှုဆောင်ချုပ်ရာထူး ပြောင်းလဲရယူသွားမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက အတည်ပြုကြေညာသည်။

သြဂုတ် ၂၉ ရက်ကပြုလုပ်သည့် အစည်းအဝေးတွင် ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ အူလီဟိုးနက်စ်က နိုဝင်ဘာရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အတည်ပြုပြောကြားပြီး အိုလီဗာခန်းကိုလည်း ငါးနှစ် စာချုပ်ဖြင့် အမှုဆောင်ချုပ်အဖြစ်ခန့်အပ်ရန် ကန့်ကွက်သူမရှိ မဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။

အိုလီဗာခန်းသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး လက်ရှိအမှု ဆောင်ချုပ် ရူမင်နစ်ဂီ၏ စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အမှုဆောင်ချုပ်ရာထူးကိုပါ ပြောင်းလဲ ရယူသွားမည်ဖြစ်သည်။

အသက် ၅၀ ရှိပြီဖြစ် သည့် အိုလီဗာခန်းသည် ဘိုင်ယန်မြူးနစ်အသင်း၌ ၁၉၉၄ မှ ၂၀၀၈ ခုနှစ်အထိ ၁၄ နှစ်ကြာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၆၃၂ ပွဲကစားကာ အသင်းသမိုင်းတစ်လျှောက် ဒုတိယပွဲအများဆုံးကစားသမားအဖြစ် မှတ် တမ်းဝင်ထားသည်။

၎င်းသည် ဘိုင်ယန်မြူး နစ်အသင်းနှင့် ဘွန်ဒစ်လီဂါချန်ပီယံ ရှစ်ကြိမ်၊ ဂျာမန်ဖလား ခြောက်ကြိမ်၊ ဂျာမန်စူပါဖလား ငါးကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ UEFA ဖလား (ယခုယူရိုပါလိဂ်) နှင့် တိုက်ကြီးများဖလား တစ်ကြိမ်စီ ဆွတ်ခူးရယူနိုင်ခဲ့သည်။

ထို့အပြင် အိုလီဗာခန်းသည် ဂျာမနီလက်ရွေးစင်အသင်းအတွက်လည်း ၁၉၉၄ မှ ၂၀၀၆ ခုနှစ်အတွင်း ၈၆ ပွဲကစားကာ ယူရို-၉၆ ချန်ပီယံဆုနှင့် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမား (ရွှေဘောလုံး) ဆု ရရှိခဲ့သည်။

၎င်းသည် ကစားသမားဘဝမှအနားယူပြီးနောက် စီမံခန့်ခွဲမှုဆိုင်ရာ MBA ဘွဲ့ရရှိထားသလို ZDF ရုပ်သံတွင် ရုပ်သံဝေဖန်သူအဖြစ် လည်း ဆောင်ရွက်လျက်ရှိသည်။

''ဘိုင်ယန်မြူးနစ်အသင်းမှာ ဒီလိုရာထူးမျိုးထမ်းဆောင်ခွင့်ရတာ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုမှုပါပဲ။ ကျွန်တော့်ကိုယုံကြည်ပေးတဲ့ ဘုတ်အဖွဲ့ကိုလည်း ကျေးဇူူးတင်ပါတယ်''ဟု ၎င်းက ပြောကြားသည်။

ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌအဖြစ် ကာလရှည်ဆောင်ရွက်ခဲ့သည့် အူလီဟိုးနက်စ်၏နေရာတွင်မူ Adidas ကုမ္ပဏီအမှုဆောင်ချုပ်ဟောင်းဖြစ်သူ ဟားဘတ်ဟိုင်နာက အစားထိုးတာဝန်ယူရန် ရေပန်းစားနေကြောင်း သိရသည်။

 

Most Read

Most Recent