လက်ရှိတွင် မလေးရှားနိုင်ငံက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ အဆင့် (၈) နေရာတွင် ရပ်တည်နေသော်လည်း လာမည့်နှစ်များအတွင်း ရင်းနှီးမြှုပ်နှံမှု ထိပ်သီးငါးနိုင်ငံအတွင်း ပါဝင်နိုင်ရန် ဆောင်ရွက်သွားမည်

လက်ရှိတွင် မလေးရှားနိုင်ငံက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ အဆင့် (၈) နေရာတွင် ရပ်တည်နေသော်လည်း လာမည့်နှစ်များအတွင်း ရင်းနှီးမြှုပ်နှံမှု ထိပ်သီးငါးနိုင်ငံအတွင်း ပါဝင်နိုင်ရန် ဆောင်ရွက်သွားမည်
 သြဂုတ် ၃၀ ရက်က ကျင်းပသည့် Malaysia – Myanmar Connect အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
သြဂုတ် ၃၀ ရက်က ကျင်းပသည့် Malaysia – Myanmar Connect အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 30 August 2019
ဇေယျာငြိမ်း

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ အဆင့် (၈) နေရာတွင် ရပ်တည်နေသော်လည်း လာမည့်နှစ်များအတွင်း ရင်းနှီးမြှုပ်နှံမှု ထိပ်သီးငါးနိုင်ငံအတွင်း ပါဝင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ် ၃၀ ရက်က ရန်ကုန်မြို့ရှိ WYNDHAM GRAND ဟိုတယ်တွင် ကျင်းပသည့် Malaysia Myanmar အခမ်းအနားမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန MIFER နှင့် မလေးရှားပြည်ပဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း MATRADE တို့မှ ပံ့ပိုးပြီး မလေးရှားသံရုံးနှင့် မလေးရှား မြန်မာ စီးပွားရေးကုန်သည်ကြီးများအသင်း MMBC တို့မှ ဦးဆောင်ကာ Malaysia Myanmar Connect (MMC) ကို ပူးတွဲစီစဉ်ကျင်းပခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ရရှိသောစာရင်းများအရ  ၁၉၈၈ - ၁၉၈၉ ဘဏ္ဍာနှစ်မှ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၁ ဒသမ ၈၅ ဘီလျံဖြင့် ထိပ်ဆုံးမှရပ်တည်နေပြီး တရုတ်နိုင်ငံက ဒေါ်လာ ၂၀ ဒသမ ၈ဘီလျံကျော်ဖြင့် ဒုတိယ၊ ဟောင်ကောင်က ဒေါ်လာ၈ ဒသမ ၂၇၆ ဘီလျံဖြင့် တတိယ၊ U.K က ဒေါ်လာ ၄ ဒသမ ၅၂၈ ဘီလျံဖြင့် စတုတ္ထ၊ ကိုရီးယားက ဒေါ်လာ ၃ ဒသမ ၉၆၅ ဘီလျံဖြင့် ပဥ္စမနေရာတွင် ရပ်တည်နေပြီး မလေးရှားနိုင်ငံက ဒေါ်လာ ၁ ဒသမ ၉၆၃ ဘီလျံဖြင့် နံပါတ်ရှစ်နေရာတွင် ရပ်တည်နေသည်။

Malaysia Myanmar Connect (MMC) သည် မြန်မာနိုင်ငံအတွင်း စီးပွားရေး တိုးတက်ကြီးမားလာနိုင်သော အလားအလာကို လေ့လာသုံးသပ်ရန်နှင့် လမ်းဖွင့်ပေးရန် မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများကို ပြည်တွင်းသို့ ခေါ်ဆောင်လာနိုင်ခြင်းဖြစ်သည်။

နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများအချင်းချင်း အပြန်အလှန် အကျိုးပြုပူးပေါင်းနိုင်ရေး တာဝန်ခံဆောင်ရွက်ပေးရန်၊ မြန်မာနိုင်ငံအတွင်း စီးပွားရေးအခွင့်အလမ်းများ ဆက်လက်မြှင့်တင်နိုင်ရေး ကြိုးပမ်းချက်များကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန်မှာ Malaysia Myanmar Connect (MMC) ၏ ရည်ရွယ်ချက်လည်းဖြစ်ကြောင်း သိရသည်။

“Axiata, Berjaya, Maybank, Muhibbah Engineering, Nissan Tan Chong, Petronas and Texchem တို့အပါအဝင် မလေးရှားစီးပွားရေးလုပ်ငန်းတော်တော်များများ ဒီနိုင်ငံမှာရှိနေပါပြီ။ ဒီတော့ မြန်မာနိုင်ငံမှာ အဲဒီလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်သွားဖို့ကို ကျွန်တော်တို့ မျှော်လင့်တယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံ အမတ်မစ္စတာဇာဟိုင်းရီဘရာဟမ် Zahairi Baharim က ပြောကြားသည်။

လွန်ခဲ့သော လအနည်းငယ်ကာလကပင် မလေးရှား - မြန်မာစီးပွားရေးကုန်သည်ကြီးများအသင်း MMBC သည် မလေးရှားနိုင်ငံ၏ ဝန်ကြီးဌာနများ၊ ကုန်သွယ်ရေးအဖွဲ့အစည်းနှင့်အတူ ပူးပေါင်းကာမြန်မာနိုင်ငံကို မလေးရှားကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ရွေးချယ်မှုတစ်ရပ်ဖြစ်အောင် တက်တက်ကြွကြွ မြှင့်တင်အကောင်အထည်ဖော်လျက်ရှိသည်။ မလေးရှားနိုင်ငံအတွင်း MMBC ၏ နယ်လှည့်မြှင့်တင်ရေး ဆောင်ရွက်ချက်များအပေါ် ဒေသတွင်းလုပ်ငန်းအဖွဲ့အစည်းများက စိတ်ဝင်စားမှုများလာပြီး ယနေ့တွင် စက်မှုနယ်ပယ်အသီးသီးရှိ မလေးရှားကုမ္ပဏီများသည် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများ၊ အခွင့်အလမ်းများနှင့် ချိတ်ဆက်မိရန် ရောက်ရှိနေကြသည်။

ဆက်လက်ပြီး မစ္စတာဇာဟိုင်းရီဘရာဟမ်က “ဒီနေ့အခမ်းအနားဟာ မှန်ကန်တဲ့  ချိတ်ဆက်ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ဖို့အတွက် အစလေးပဲဖြစ်ပါတယ်။ ဒီအခမ်းအနားပြီးရင် ကျွန်တော်တို့အနေနဲ့ အခွင့်အလမ်းတွေရှိနေတဲ့ ရွှေနိုင်ငံမှာ မလေးရှားနဲ့ မြန်မာနိုင်ငံသားတွေအတွက် အဆင်ပြေလွယ်ကူစွာ အပြန်အလှန်အကျိုးပြုဆောင်ရွက်နိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။              

 

Most Read

Most Recent