နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီကို နိုင်ငံတကာ အဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ်ရေးထိုးရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီကို နိုင်ငံတကာ အဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ်ရေးထိုးရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
သြဂုတ်လ ၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ်
သြဂုတ်လ ၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ်
Published 6 August 2019
စိုးမင်းထိုက်၊ စည်သူ

နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ (International Anticorruption Academy - IACA) ကို နိုင်ငံတကာ အဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

သြဂုတ် ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး၏ ဆွေးနွေးချက်များအား ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက ပြန်လည် ရှင်းလင်းပြီးနောက် ကန့်ကွက်သူ မရှိသည့်အတွက် အတည်ပြုခဲ့သည်။

နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီကို နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂ ရက်တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ချုပ်ဆိုခဲ့ကြောင်း၊ ယခုအချိန်တွင် အာဆီယံ ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံများ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၇၄ နိုင်ငံနှင့် အဖွဲ့အစည်း လေးခု၊ စုစုပေါင်း ၇၈ ခုမှ အဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း ဦးစန်းဝင်းက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် IACA ကို နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးရာ၌ ယင်းသဘောတူစာချုပ်၏ အပိုဒ်-၁၉ အငြင်းပွားမှုများ ဖြေရှင်းခြင်းဆိုင်ရာ သတ်မှတ်ချက်ကို ခြွင်းချက် (Reservation) အဖြစ် ထားရှိ၍ လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ သဘောတူစာချုပ်သို့ အဖွဲ့ဝင်အဖြစ်ပါဝင်ရန် ယင်းသဘောတူစာချုပ်၏ အပိုဒ်-၁၈ ပါ သတ်မှတ်ချက်အရ စာချုပ်တွင် နောက်မှ သဘောတူပါဝင်ခြင်း စာလွှာ ပေးပို့ရမည်ဖြစ်ပြီး စာလွှာပေးပို့သည့်နေ့မှ ရက်ပေါင်း ၆၀ ပြည့်သည့်နေ့တွင် သဘောတူစာချုပ်အဖွဲ့ဝင် ဖြစ်မည်ဖြစ်ကြောင်း ဦးစန်းဝင်းက ဆိုသည်။

နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် အသိပညာနှင့် လုပ်ငန်းစဉ်များအပေါ် ပိုမို အမြင်ကျယ်ပြန့်စေနိုင်ခြင်း၊ IACA မှ စီစဉ်သည့် ကာလတို နှင့် ဘွဲ့လွန်သင်တန်းများသို့ စေလွှတ်နိုင်ခြင်းဖြင့် နိုင်ငံတကာမှ ကျင့်သုံးသည့် စံချိန်စံညွှန်းများ၊ အတွေ့အကြုံများအပြင် လက်တွေ့လေ့ကျင့်မှုများ ရရှိနိုင်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပညာရပ်တစ်ရပ်အနေဖြင့် လေ့လာဆည်းပူးနိုင်ရန် အခွင့်အလမ်းများရရှိ၍ ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာပြီး ရေရှည်ပြုလုပ်ရမည့် နိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စေနိုင်ခြင်း၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ဦးစန်းဝင်းက ပြောကြားခဲ့သည်။

ထို့အတွက် နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီကို နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြကြောင်း ဇူလိုင်လ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent