တရားဥပဒေစိုးမိုးမှုနှင့် တန်းတူညီမျှခြင်း

တရားဥပဒေစိုးမိုးမှုနှင့် တန်းတူညီမျှခြင်း
Published 6 June 2019

ဥပဒေစိုးမိုးမှုဟူသည် အစိုးရအနေဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုချင်းအပေါ်တွင် ဖြစ်စေ အထူးအခွင့်အရေး မပေးဘဲ တစ်ပြေးညီ ဆက်ဆံ၍ လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးအတွက် ဘက်လိုက်မှု ကင်းသော ဥပဒေများ ဖြစ်ရေးသည် အရေးကြီးသည်။ မည်သို့သော ဆောင်ရွက်ချက်များတွင်မဆို အစိုးရအနေဖြင့် တရားမျှတသော ဥပဒေများကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ခြင်းသည် တရားဥပဒေ စိုးမိုးရေးကို ဖြစ်ထွန်းစေသည်။ တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေသော အကြောင်းတရားများတွင် အဂတိသည် အဓိကပင် ဖြစ်သည်။ အဂတိနည်းသော အဖွဲ့အစည်း တစ်ရပ်၊ နိုင်ငံတစ်ခုတွင် တရားဥပဒေစိုးမိုးရေး အားကောင်းပေလိမ့်မည်။ အဂတိလိုက်စားမှု များသော နိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည်ကို တွေ့ရပေလိမ့်မည်။ အာဏာရ ပုဂ္ဂိုလ်တို့၏ အဂတိသည် ပိုမို၍ ကြောက်စရာ ကောင်းသည်။ လူ့အဖွဲ့အစည်းနှင့် နိုင်ငံကို ပိုမို၍ သက်ရောက်စေသည်။ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏ အခွင့်အာဏာနှင့် အရင်းအမြစ်များကို အလွဲအသုံးပြုသော အဂတိလိုက်စားမှုသည် အကြီးမားဆုံးသော တရားဥပဒေ ချိုးဖောက်မှု တစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အာဏာပိုင် အဖွဲ့အစည်းများ၊ အာဏာရ ပုဂ္ဂိုလ်များ၏ အဂတိကို ပိုမို၍ သတိပြုကိုင်တွယ် ရှင်းလင်းရန် လိုအပ်ခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ၏ အပိုဒ် (၇) ၌ “လူသားတိုင်းသည် ဥပဒေ၏ ရှေ့မှောက်၌ တန်းတူညီမျှမှုရှိပြီး ခွဲခြားဆက်ဆံမှု တစ်စုံတစ်ရာမရှိဘဲ ဥပဒေ၏ ညီမျှသော ကာကွယ် စောင့်ရှောက်မှုကို ရရှိရမည်”ဟု ဖော်ပြထားသည်။ ထို့ကြောင့် လူတိုင်းအနေဖြင့် လူမျိုး၊ ကျား၊ မ၊ မူရင်းနိုင်ငံ၊ အသားအရောင်၊ လူမျိုးစု၊ ကိုးကွယ်သည့် ဘာသာ၊ မသန်စွမ်းမှုနှင့် အခြား စရိုက်လက္ခဏာများနှင့် မဆိုင်ဘဲ၊ အထူးအခွင့်အရေး ပေးခြင်း၊ ခွဲခြား ဆက်ဆံခြင်းနှင့် ဘက်လိုက်ခြင်းတို့ မရှိစေရဘဲ တရားဥပဒေ၏ အောက်၌ ညီမျှစွာ ဆက်ဆံခံရမှု ရှိရမည် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အများစု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသီးသီးတွင် အဆိုပါ တန်းတူညီမျှမှုကို အာမခံထားကြသည်။ သို့သော် ယင်းအာမခံချက်ကို အကောင်အထည်ဖော်မှုများ၌ အမျိုးမျိုး ကွဲပြားကြသည်။ ဥပမာအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အများအပြား၌ လူမျိုးနှင့် မဆိုင်ဘဲ တန်းတူညီမျှမှုကို အာမခံထားပြီး နိုင်ငံ အနည်းငယ်မျှကသာ နိုင်ငံသားဖြစ်မှုနှင့် မဆိုင်ဘဲ တန်းတူ ညီမျှခွင့်ကို ဖော်ပြထားသည်။

သမိုင်းတွင် တရားဥပဒေ၏ ရှေ့မှောက်၌ တန်းတူညီမျှမှု သဘောတရားကို အစောဆုံးအဖြစ် ဘီစီ ၆၀၀ ကျော်ခန့် ကတည်းက တွေ့ရှိရသည်ဟု ဆိုနိုင်သည်။ ဥပဒေပညာရှင် တစ်ဦးဖြစ်သော ဂွမ်ကျုံး (၇၂၀-၆၄၅ ဘီစီ) က အုပ်စိုးသူ၏ တရားစီရင်မှုအောက်ရှိ လူအားလုံးသည် တရားဥပဒေ၏ ရှေ့မှောက်၌ တန်းတူညီမျှမှု ရှိသည်ဟု ကြေညာခဲ့သည်။ အင်ပါယာခေတ် ရောမ၌လည်း ရောမ ဥပဒေအောက်တွင် အုပ်စိုးသူများမှလွဲ၍ နိုင်ငံသား အားလုံးသည် တရားဥပဒေ၏ ရှေ့မှောက်၌ တန်းတူညီမျှ ရှိခဲ့ကြသည်။ သို့သော် ယင်းသဘောတရားကို ကမ္ဘာကြီး၏ များစွာသော အစိတ်အပိုင်း၌ အကောင်အထည်ဖော်ခဲ့ခြင်း မရှိဘဲ ဥရောပတိုက်၌ပင်လျှင် မင်းမျိုးမင်းနွယ် အထက်တန်းလွှာ လူတန်းစားများနှင့် မှူးမျိုးမတ်နွယ် လူတန်းစားများ ထွန်းကားလာခြင်းကြောင့် တရားစီရင်ရေး စနစ်များ၌ မညီမျှမှုများကိုသာ ဖန်တီးခဲ့ပြီး ယင်းက ခေတ်သစ် ကာလသို့တိုင် ရှည်ကြာခဲ့သည်။

သို့ဖြစ်ရာ ယနေ့ခေတ် ဒီမိုကရေစီ လူ့အသိုက်အဝန်းတွင် တရားဥပဒေ၏ ရှေ့မှောက်၌ ပြည်သူအားလုံး တန်းတူညီမျှမှု ရရှိရေးသည် မဖြစ်မနေ လိုအပ်ချက်တစ်ရပ် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန် ၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent