ဘဝ၌ ပညာရေးသည် အဘယ်ကြောင့် အရေးကြီးရသလဲ

ဘဝ၌ ပညာရေးသည် အဘယ်ကြောင့် အရေးကြီးရသလဲ
Published 4 June 2019

ဘဝ၌ ပညာရေးသည် အဘယ်ကြောင့် အရေးကြီးရသနည်းဆိုသော် ပညာရေးသည် ဘဝ၏ အစိတ်အပိုင်းတစ်ရပ်ပင် ဖြစ်သောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ ဘဝ၌ အောင်မြင်ရန်အတွက် ပညာရေးက အရေးကြီးသည်။ ပညာရေးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် အရေးကြီးသည်။ လူတစ်ဦးအနေဖြင့် ချမ်းသာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက်လည်း ပညာရေးက အရေးကြီးသည်။ ပညာရေး၏ အရေးပါပုံနှင့်ပတ်သက်၍ နားလည်ထားသင့်သည့် အချက် (၁၆)ချက် ရှိသည်။

(၁) ကောင်းမွန်သည့်ပညာရေးက လူတစ်ဦးကို ပုဂ္ဂိုလ်ရေးအရ၊ လူမှုရေးအရတို့အပြင် စီးပွားရေးအရပါ ဖွံ့ဖြိုးလာနိုင်စေသည်။ ပညာရေးက လူတို့အား နေ့စဉ်ဘဝ လုပ်ဆောင်ချက်များကို ဖြစ်နိုင်ဖွယ်အကောင်းဆုံးနည်းလမ်းဖြင့် လုပ်ကိုင်နိုင်စေရန် အထောက်အကူပြုသည်။ ပညာရေးကပင် တာဝန်သိစိတ်ကို ဖြစ်စေသည်။ ဘဝ၌ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်နိုင်သည့် ကျွမ်းကျင်မှုနှင့် ဗဟုသုတအသစ်များ ရရှိရန် ပညာရေးက အထောက်အကူပြုသည်။

(၂) လူတစ်ဦးအနေဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် ဝင်ငွေရရှိနိုင်ရန်နှင့်ပတ်သက်၍ လိုအပ်သောလက်နက်ကိရိယာများနှင့် သိမှုများအားလုံးကို ပညာရေးက ပေးနိုင်သည်။ မိမိ၏မိသားစု နေ့စဉ်လိုအပ်ချက်များကို ပြည့်မီအောင် ပြုလုပ်နေစဉ်အတွင်းမှာပင် မိမိ၏ လူနေမှုအဆင့်အတန်းကို မည်သို့မည်ပုံ မြင့်တက်အောင် ပြုလုပ်ရမည်ဟူသည့် အသိကိုလည်း ပညာရေးက ပေးနိုင်သည်။

(၃) ပညာရေးတစ်ရပ် ရရှိခြင်းဖြင့် မိမိ၏ အခွင့်အရေးနှင့် မိမိ၏တာဝန်ရှိမှုများကို ကောင်းမွန်စွာ သိနိုင်သည်။ ဥပမာအားဖြင့် မဲပေးကာ ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးကောက်တင်မြှောက်ပေးရခြင်းသည် မိမိ၏အခွင့်အရေးဖြစ်သကဲ့သို့ မိမိ၏ တာဝန်ယူမှုလည်းဖြစ်ကြောင်း ပညာရေးကြောင့် သိနိုင်သည်။

(၄) ကောင်းမွန်သော ပညာရေးတစ်ရပ်သည် လူတစ်ဦးအား ဘဝနေထိုင်ခြင်းအနုပညာကို အပြည့်အဝသင်ကြားပေးသည်။ တိုးတက်မှုရရှိရန်အတွက် နိုင်ငံ၏ ရင်းမြစ်များကို အကောင်းဆုံးဖြစ်အောင် မည်ကဲ့သို့ အသုံးချရမည်ကို ပညာရေးက သင်ကြားပေးသည်။

(၅) ပညာတတ်သည့် လူတစ်ဦးသည် အမှားနှင့်အမှန်ကို ကောင်းစွာခွဲခြားနိုင်သည်။

(၆) ဆိုးရွားသည့်ကာလများ၌ ပညာတတ်သူတစ်ဦးသည် ခက်ခဲသည့်အခြေအနေများနှင့် လိုက်လျောညီထွေပြုရန် မိမိ၏ပညာကို အသုံးပြုတတ်သည်။

(၇) ပညာရေးက လူတစ်ဦးကို ကောင်းမွန်သော စံတန်ဖိုးများ၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ရှိမှုများအကြောင်း အသိပညာပေးနိုင်သည်။

(၈) ပညာတတ်တစ်ဦးဖြစ်လာသည့်အခါ လူမှုရေးဆိုင်ရာ ဒုစရိုက်အမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်းရှိပြီး ယင်းကဲ့သို့သော ပြဿနာများကို ဖြေရှင်းရန် မိမိ၌ အစွမ်းအစရှိသည်ဟု ခံစားရစေသည်။

(၉) ပညာတတ်တစ်ဦးသည် ပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်ရှိပြီး မိမိ၏ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထိန်းသိမ်းခြင်းက အရေးကြီးပုံကိုလည်း သိရှိနိုင်သည်။

(၁၀) အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြင့် မိမိနှင့်အတူ ခရီးသွားသည့် အခြားသူများနှင့်ပတ်သက်၍ ကိုယ်ကျင့်တရားအရ တာဝန်ရှိကြောင်း ပညာတတ်များသာ သိနိုင်ပြီး မိမိရရှိထားသည့် ထိုင်ခုံကို သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအတွက် ထပေးရန် ဆန္ဒရှိကြသည်။

(၁၁) နိုင်ငံရေးသမားတစ်ဦးသည် ပညာတတ်မှသာ လူရှေ့သူရှေ့၌ မည်သို့မည်ပုံ ပြုမူရမည်ကိုလည်းကောင်း၊ မီဒီယာများကို သင့်တင့်လျောက်ပတ်စွာ မည်သို့မည်ပုံ ပြောဆိုရမည်ကိုလည်းကောင်း သိရှိမည်ဖြစ်သည်။ ပညာတတ်သူသာ လူထု၏ လိုအပ်ချက်များ နှင့် ရည်ရွယ်ချက်များကို သိနိုင်ပြီး မိမိ၌ ရှိသည့်အာဏာဖြင့် ပြုလုပ်သမျှ အရာရာ၌ ၎င်းတို့ ကျေနပ်အောင်  ပြုလုပ်နိုင်မည်ဖြစ်သည်။

(၁၂) အမှန်တကယ် ပညာတတ်သည့် ဆရာဝန်ဖြစ်မှသာ လူနာကို ရနိုင်သမျှနည်းလမ်းဖြင့် ကောင်းစွာကုသနိုင်ရုံမျှမက စာနာမှု၊ လူသားဆန်မှုတို့ဖြင့် ကုသကာလူနာ၏ ကောင်းကျိုးချမ်းသာအတွက် စစ်မှန်သော စောင့်ရှောက်မှုမျိုး ပေးနိုင်လိမ့်မည်ဖြစ်သည်။

(၁၃) ပညာတတ်သည့် ယာဉ်မောင်းဖြစ်မှသာ မိမိ၏ခရီးသည်များကိုလည်းကောင်း၊ လမ်းပေါ်၌ဆုံတွေ့ရသည့် အခြားယာဉ်မောင်းများကိုလည်းကောင်း ယဉ်ကျေးစွာပြောဆိုပုံကို သိရှိနိုင်မည်ဖြစ်သည်။

(၁၄) ကောင်းစွာပညာတတ်သော ဆရာတစ်ဦးအနေဖြင့် မိမိ၏ကျောင်းသားများအား စာသင်ကြားရာ၌ အောင်မြင်နိုင်မည်ဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် မိမိ၏ ကိုယ်ပိုင်အသိနှင့် ပညာကို အသုံးပြုနိုင်မည်ဖြစ်သည်။

(၁၅) ပညာတတ်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်မှသာ လူ့အဖွဲ့အစည်းဝင် အသီးသီးကို သက်ဆိုင်ရာနယ်ပယ်များ၌ ကောင်းစွာရင့်ကျက်လာရန်နှင့် ဖွံ့ဖြိုးလာရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

(၁၆) ပညာတတ်တစ်ဦးသည် မိမိထက် အသက်ကြီးသူတိုင်းကို လေးစားရကောင်း မှန်းသိပြီး သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအား အထူးဂရုပြု စောင့်ရှောက်ရကောင်းမှန်း သိရှိမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ပညာရေးသည် အရေးကြီးမှန်း သိရှိသည့် လူ့အဖွဲ့အစည်းဝင်များသည်သာ လူပီသစွာ ရင့်ကျက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၅ ရက်နေ့ထုတ် The Dailt Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent