စီးပွားရေးတရားမျှတမှု

စီးပွားရေးတရားမျှတမှု
Published 3 June 2019

စီးပွားရေးတရားမျှတမှုသည် လူမှုရေးတရားမျှတမှု၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။ ယင်းသည် စီးပွားရေးအင်စတီကျူးရှင်းများ တည်ဆောက်ရန်အတွက် ကိုယ်ကျင့်တရားဆိုင်ရာ သဘောတရားစည်းမျဉ်းဖြစ်ပြီး ယင်း၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ဂုဏ်သိက္ခာရှိသော၊ ထုတ်လုပ်မှုရှိသောနှင့် ဖန်တီးမှုရှိသော ဘဝကို ရရှိရန်အတွက် လုံလောက်သည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်တစ်ရပ်ကို ဖန်တီးရန် လူတိုင်းအတွက် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးရေးဖြစ်သည်။

စီးပွားရေးတရားမျှတမှု သဘောတရားသည် အထွေထွေစီးပွားရေး ကြွယ်ဝမှုသဘော နှင့် ပေါင်းဆုံလျက်ရှိသည်။ ယင်း၌ ရှင်သန်ရပ်တည်နိုင်သည့် လုပ်ခများရရှိရန် လူ့အဖွဲ့အစည်းဝင်အားလုံးအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးခြင်းသည် စဉ်ဆက်မပြတ် စီးပွားရေးကြီးထွားမှု၌ ပါဝင်သည်ဟူသည့် ယုံကြည်ချက်တစ်ရပ်ရှိသည်။ မိမိကိုယ်မိမိ ထောက်ပံ့နိုင်ပြီး လိုအပ်သလောက် အသုံးပြုနိုင်သည့်ဝင်ငွေကို တည်မြဲအောင် ထိန်းထားနိုင်သော နိုင်ငံသားများ ပိုမိုများပြားလာသည့်အခါ ၎င်းတို့အနေဖြင့် ကုန်ပစ္စည်းများ ဝယ်ယူရာ၌ ငွေကြေးပိုမိုသုံးစွဲနိုင်ပြီး ယင်းကစီးပွားရေး၌ ဝယ်လိုအားကို မောင်းနှင်နိုင်သည်။

စီးပွားရေးတရားမျှတမှုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း၌ လုပ်ခကွာဟမှုများနှင့် တစ်ဦးချင်းဝင်ငွေရှိ အခြားချို့တဲ့မှုများကို ကိုင်တွယ်နိုင်ခြင်း ပါဝင်သည်။ ဥပမာအားဖြင့် လုပ်သားအင်အားစုဝင်များအား ၎င်းတို့၏ ကျွမ်းကျင်မှုကို အပြည့်အဝ အသုံးမပြုရသည့် အလုပ်များ၌ ခန့်ထားခြင်းမျိုး ရှိနိုင်သည်။ ယင်းသည် လုပ်သားများအား ၎င်းတို့၏ ပရော်ဖက်ရှင်နယ်ဆိုင်ရာ အရည်အချင်းများ၏ အလားအလာကို အပြည့်အဝ ထင်ဟပ် မပြနိုင်သည့် လုပ်ခဝင်ငွေသာ ရရှိခြင်းဆီသို့ ဦးတည်သွားစေသည်။ အကျိုးတရားအနေဖြင့် ၎င်းတို့သည် အရည်အချင်းရှိသလောက်၊ လုပ်နိုင်ကိုင်နိုင်သလောက် မြင့်မားသည့် ဝင်ငွေကို ရရှိခြင်းမရှိမှု ဖြစ်စေသည်။

ယင်းကဲ့သို့ ဖြစ်နိုင်ဖွယ်ရှိသော လုပ်ခဆုံးရှုံးမှုက စီးပွားရေး၌ အားနည်းချက်များကို ဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းလုပ်သားများသည် ၎င်းတို့အနေဖြင့် အပြည့်အဝပါဝင်လျှင် ရရှိမည့် ဝင်ငွေမျိုးမရသောကြောင့် ဖြစ်သည်။ ယင်းအားနည်းချက်သည် တစ်စုံတစ်ရာ အတိုင်းအတာသို့ ရောက်ရှိလာပါက လူဦးရေ၏ ကြီးမားသော အစိတ်အပိုင်းသည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ၎င်းတို့ ဝယ်သင့်သလောက် မဝယ်ယူနိုင်ခြင်းကို ဖြစ်လာစေပြီး ယင်းက စီးပွားရေးနှေးကွေးမှုကို ဖြစ်စေသည်။

စီးပွားရေး တရားမျှတမှု ရရှိရန် ကြိုးပမ်းချက်တစ်ရပ်မှာ အခွန်များကို အဆင့်လိုက် တိုးမြှင့်ကောက်ခံခြင်း ဖြစ်သည်။ အဆင့်လိုက် တိုးမြှင့်ကောက်ခံခြင်းဆိုသည်မှာ အခြေခံ ဝင်ငွေပမာဏ မြင့်တက်လာသည်နှင့်အမျှ အခွန်ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။ ယင်းကဲ့သို့ အခွန်ကောက်ပုံ၏ ရည်မှန်းချက်မှာ ဝင်ငွေမညီမျှမှုကို ကုစားရန်နှင့် လူဦးရေဝန်ဆောင်မှုများ၊ အများပြည်သူသုံး အခြေခံအဆောက်အအုံများနှင့် ပညာရေးတို့အတွက် ရန်ပုံငွေထောက်ပံ့ရန် ဖြစ်သည်။ ဝင်ငွေအလိုက် အကြွေးယူစနစ်၊ တန်ဖိုးနည်း အိမ်ရာစီမံကိန်းနှင့် တက္ကသိုလ်ကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေးပေးခြင်း အစရှိသည်တို့သည် စီးပွားရေးတရားမျှတမှု တည်ဆောက်ခြင်း၏ အခြားနမူနာများ ဖြစ်ကြသည်။ စီးပွားရေးတရားမျှတမှု ဖြစ်စေနိုင်သည့် လုပ်ဆောင်ချက်များ၌ ကျား / မ အလိုက် လစာကွာဟချက်ကို အဆုံးသတ်ရန် ကြိုးပမ်းမှုများ၊ ပိုမိုစေ့စပ်သော အသက်မွေးလုပ်ငန်းအတွက် ပြင်ဆင်မှုများကို ထောက်ပံ့ခြင်း၊ ဝင်ငွေနိမ့်ပါးသူများနှင့် လူ့အဖွဲ့အစည်း၏ အားနည်းသောအစိတ်အပိုင်းများကို ပညာပေးခြင်း အစရှိသည်တို့လည်း ပါဝင်နိုင်သည်။ လုပ်ခနည်းပါးသူတို့၏ ဝင်ငွေကို မြှင့်တင်ပေးခြင်းသည်လည်း စီးပွားရေးတရားမျှတမှုပြုရေး နည်းလမ်းတစ်ရပ်ဖြစ်သည်။

မည်သို့ပင်ဆိုစေ နိုင်ငံတစ်နိုင်ငံအား စဉ်ဆက်မပြတ် စီးပွားရေးကြီးထွားမှုရှိအောင် ပြုလုပ်ရာ၌ စီးပွားရေးတရားမျှတမှုသည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန် ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent