အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု

အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု
Published 31 May 2019

ဘုံရည်မှန်းချက်တစ်ရပ် ရယူရန် သို့မဟုတ် တာဝန်တစ်ရပ်ကို အထိရောက်ဆုံး၊ အကျိုးအရှိဆုံး နည်းလမ်းဖြင့် ပြီးမြောက်စေရန် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုကို Teamwork ဟု ခေါ်သည်။ တစ်ဦးကိုတစ်ဦး အပြန်အလှန် အမှီပြုနေရသူများ ဘုံရည်မှန်းချက်တစ်ခုအတွက် အတူတကွ လုပ်ဆောင်ကြခြင်းဖြစ်သည်။ ထိရောက်သော အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံလိုအပ်ချက်များမှာ လုံလောက်သော အဖွဲ့ အရွယ်အစား (အဖွဲ့ဝင်ဦးရေ)၊ အသုံးပြုနိုင်သည့် ရနိုင်ဖွယ် ရင်းမြစ်များ (ဥပမာ။ ။ တွေ့ဆုံနိုင်သည့် နေရာနှင့် အချိန်၊ ကြီးကြပ်သူ၏ ညွှန်ကြားမှု၊ အဖွဲ့အစည်းထံမှ ထောက်ပံ့မှု  အစရှိသဖြင့်) နှင့် ရှင်းလင်းသည့် ရည်ရွယ်ချက် တစ်ရပ်ရှိရန် အဖွဲ့ဝင်အသီးသီးတို့အတွက် ရှင်းရှင်းလင်း အခန်းကဏ္ဍ သတ်မှတ်ထားမှုတို့ဖြစ်ကြသည်။

လူအုပ်စုတစ်ခု ဘုံရည်မှန်းချက်တစ်ရပ်အတွက် အတူတကွလုပ်ကိုင်ကြရာ အဝန်းအဝိုင်းတစ်ရပ်၌ Teamwork တည်ရှိသည်။ ယင်းအဝန်းအဝိုင်းများထဲ၌ လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်း (တရားဝင် အလုပ်အဖွဲ့) ၊ အားကစားအဖွဲ့အစည်းများ၊ ကျောင်းများ (စီမံချက်တစ်ခုကို ၀ိုင်းဝန်းလုပ်ဆောင်ကြသည့် အတန်းဖော်များ)နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် (အော်ပရေးရှင်းခန်းထဲမှ အဖွဲ့များ) အစရှိသည်တို့ ပါဝင်သည်။ ယင်းအဝန်းအဝိုင်းတို့၏ ဆက်တင်သဘောအရ Teamwork အဆင့်နှင့် အပြန်အလှန် မှီခိုရမှုသဘောသည်   အနိမ့် (ဥပမာ ။ ။ ဂေါက်ရိုက်ခြင်း)၊ အလယ်အလတ် (ဥပမာ ။ ။ ဘေ့စ်ဘောနှင့် အမေရိကန် ဘောလုံး) နှင့် အမြင့် (ဥပမာ ။ ။ ဘတ်စကက်ဘောနှင့် ဘောလုံး) ဟူ၍ အဆင့်အမျိုးမျိုး ရှိသည်။ ယင်းအဆင့်သည် အဖွဲ့ဝင်အချင်းချင်းအကြား ဆက်သွယ်ဆောင်ရွက်မှု၊ အပြန်အလှန်လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်ရမှုတို့အပေါ် မူတည်နေသည်။  အဖွဲ့လိုက် လုပ်ဆောင်မှုနှင့်ပတ်သက်၍ ကြုံတွေ့ရလေ့ရှိသည့် ပြဿနာ ရှစ်ရပ်ရှိသည်။

အဖွဲ့၏ကိုယ်ပိုင်လက္ခဏာရပ်မရှိခြင်း - အဖွဲ့၏ ရည်ရွယ်ချက်များအတွက် အဖွဲ့ဝင်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တာဝန်ခံရသည့် ခံစားမှုမရှိခြင်း ဖြစ်သည်။ အဖွဲ့ဝင်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်မှန်းချက်နှင့် အဖွဲ့၏ ရည်မှန်းချက်တို့အကြား ပဋိပက္ခဖြစ်နေခြင်း၊ အဖွဲ့ဝင်များအနေဖြင့် အဖွဲ့အပေါ် ပေးဆပ်မှုနှင့် အားထုတ်မှု မရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု ညံ့ဖျင်းခြင်းတို့ ဖြစ်နိုင်သည်။

ဆုံးဖြတ်ချက် ချမှတ်ရာ၌ အခက်အခဲရှိခြင်း - အဖွဲ့ဝင်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ဆုံးဖြတ်ချက်ချရာ၌  ဝင်ရောက် ကြားဖြတ်နှောင့်ယှက်ခြင်း သို့မဟုတ် စကားများခြင်းဖြစ်နိုင်သည်။ တွေ့ဆုံဆွေးနွေးရာ၌ အဖွဲ့ဝင်အချို့က  အမြဲတမ်းတိတ်ဆိတ်နေခြင်း၊ ပြဿနာများရှိသည်ဟု ယူဆသော်လည်း တရားဝင် ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခြင်းနှင့် သဘောတူညီမှုအတုများသာ ရရှိခြင်း (လူတိုင်းက သဘောတူချက်အပေါ် ခေါင်းညိတ်သော်လည်း အမှန်တကယ် သဘောမတူခြင်း ) တို့ ဖြစ်နိုင်သည်။

ပဋိပက္ခများကို ဖြေရှင်းနိုင်မှုမရှိခြင်း - တင်းမာမှုများ မြင့်မားလာချိန်၌ ပဋိပက္ခများကို ဖြေရှင်းနိုင်မှု မရှိခြင်းနှင့် အဖွဲ့ဝင်များအနေဖြင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ သို့မဟုတ်   ရန်လိုသည့် အပြုအမူများ ပြုလုပ်ခြင်းတို့ ဖြစ်နိုင်သည်။

ပါဝင်ဆောင်ရွက်မှု နည်းပါးခြင်း - အဖွဲ့ဝင်များအနေဖြင့် အပြည့်အဝ ဝင်ရောက်လုပ်ကိုင်ရန် ပျက်ကွက်ခြင်း ဖြစ်သည်။ အဖွဲ့လိုက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာ၌ တက်ရောက်မှု နည်းပါးခြင်း သို့မဟုတ် တွေ့ဆုံဆွေးနွေးစဉ်အတွင်း အားမစိုက်ခြင်းတို့ ဖြစ်နိုင်သည်။

ဖန်တီးနိုင်စွမ်း နည်းပါးခြင်း - အဖွဲ့အနေဖြင့် လတ်ဆတ်သစ်လွင်သော စိတ်ကူးများနှင့် အမြင်များ ထုတ်လုပ်နိုင်စွမ်းမရှိခြင်းနှင့် မမျှော်လင့်သော ဖြစ်ရပ်များကို အခွင့်အလမ်းများအဖြစ်သို့ ပြောင်းလဲနိုင်စွမ်း မရှိခြင်းတို့ ဖြစ်နိုင်သည်။

အုပ်စုဖွဲ့လိုစိတ်သာရှိခြင်း -အဖွဲ့အနေဖြင့် အခြားသော စိတ်ကူးများ သို့မဟုတ် ချဉ်းကပ်ပုံများကို စဉ်းစားရန် မစွမ်းနိုင်ခြင်း သို့မဟုတ် ဆန္ဒမရှိခြင်းတို့ ဖြစ်နိုင်သည်။ စိတ်ကူးများအပေါ် ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် ငြင်းခုုံဆွေးနွေးနိုင်စွမ်း မရှိခြင်းလည်းဖြစ်နိုင်သည်။ အဖွဲ့၏သဘောတူညီမှုနှင့် သွေးစည်းညီညွတ်မှုအပေါ်သာ အလွန်အမင်း အာရုံစိုက်သည့်အခါ ဖြစ်တတ်သည်။

ခေါင်းဆောင်မှု မထိရောက်ခြင်း - ခေါင်းဆောင်သည် အဖွဲ့အတွက် ဆွဲဆောင်မှုရှိသော ရှုမြင်မှုများ မသတ်နိုင်ခြင်း၊ အဖွဲ့ကို ကိုယ်စားမပြုနိုင်ခြင်း သို့မဟုတ် ပါဝင်သည့် ဘက်အသီးသီးတို့အပေါ် သြဇာလွှမ်းမိုးမှုမရှိခြင်းတို့ကြောင့် ၎င်းအနေဖြင့် အဖွဲ့ကို  ကျရှုံးစေနိုင်သည်။

မည်သို့ပင်ဆိုစေ၊ ရည်မှန်းချက်အသီးသီးအတွက် လုပ်ငန်းဆောင်ရွက်မှုများ၌ အဖွဲ့ လိုက်လုပ်ဆောင်မှုများ မဖြစ်မနေလိုအပ်ပြီး ရင်ဆိုင်ရသည့် ပြဿနာများကို ကျော်လွှားနိုင်စွမ်းမရှိပါက ၎င်းအဖွဲ့အနေဖြင့် ရည်ရွယ်ချက်များ ပေါက်မြောက် အောင်မြင်နိုင်မည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent