အနုပညာလောကထဲသို့ စီစဉ်တင်ဆက်သူကောင်းတစ်ဦးအဖြစ် ပရိသတ်ကြိုက်နှစ်သက်ခဲ့သည့် ကျော်ထက်အောင်မှာ သရုပ်ဆောင်အဖြစ်သို့ အနုပညာလောကအတွင်း ဝင်ရောက်လာချိန်မှာလည်း သရုပ်ဆောင်ကောင်းသူအဖြစ် ပရိတ်သတ်အားပေးမှု ရရှိထားသူဖြစ်သည်။ လတ်တလောတွင် မေ ၃၀ ရက်၌ ရုံတင်မည့် စရိုက်ရုပ်ရှင်ကားတွင် ကားစပယ်ယာလူလည် တင်မောင်ဝင်းအဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် ကျော်ထက်အောင်နှင့် တွေ့ဆုံ၍ သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။
■မေး - တင်မောင်ဝင်းဇာတ်ကောင်ကို သရုပ်ဆောင်ရမယ်လို့ သိတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။
■ဖြေ - အောင်ခေတ်မင်းက ကိုစည်သူက ဒီဇာတ်လမ်းရိုက်မယ်လို့ စစီစဉ်ကတည်းက ကျွန်တော်ကိုယ်တိုင် ဒီဇာတ်ကောင်နေရာကို ပူဆာတာပါ။
■မေး - ကာရိုက်တာအပေါ်မှာကော စိုးရိမ်မှုရှိလား။
■ဖြေ - စိုးရိမ်တာထက်ကို ပီပြင်မှုမရှိမှာကို ပိုကြောက်ပါတယ်။
■မေး - ဒီကားမရိုက်ခင် ဘယ်လိုတွေကြိုတင်ပြင်ဆင်ခဲ့ရလဲ။
■ဖြေ - တင်မောင်ဝင်း ဖြစ်လာဖို့အတွက် ကိုယ့်ကိုယ်ကိုယ့် ဦးအရင်ချိုးရပါတယ်။ ကိုယ့်ရဲ့ပုံစံတွေ၊ အပြုအမူတွေ အကုန်ပြောင်းလဲပစ်ရတယ်။
■မေး - အရမ်းတာဝန်ကြီးတယ်လို့ ခံစားရလား။
■ဖြေ - အရမ်းတာဝန်ကြီးပါတယ်။ ဗီလိန်ဆိုပေမယ့် ဗီလိန်ပုံစံ အပြည့်လုပ်ရတာလည်း မဟုတ်ဘူး။ ကိုယ်နဲ့လုံးဝဆန့်ကျင်ဘက် ဇာတ်ကောင်ကို မုဒ်သွင်းရတော့ တော်တော်တာဝန်ကြီးပါတယ်။
■မေး - ကားစပယ်ယာပုံစံဖြစ်အောင်ကော ဘယ်လိုလေ့လာခဲ့ရလဲ။
■ ဖြေ - ဒီကားက လွန်ခဲ့တဲ့နှစ်နှစ်လောက်က ရိုက်ထားတာဆိုတော့ အဲဒီအချိန်က စပယ်ယာတွေရှိသေးတယ်။ တာမွေအဝိုင်းထိပ်မှာ နေ့စပယ်ယာတွေ ဘယ်လိုလုပ်တယ်။ ညစပယ်ယာတွေ ဘယ်လိုလုပ်တယ်ဆိုတာကို သွားပြီးလေ့လာဖြစ်ပါတယ်။
■မေး - အစ်ကိုကော လိုင်းကားစီးတဲ့ အတွေ့အကြုံရှိလား။
■ဖြေ - ရှိပါတယ်။ ကျွန်တော်ငယ်ငယ်က လိုင်းကားပဲစီးခဲ့ရတာပါ။
■ မေး - စရိုက်ဇာတ်ကားထဲက တင်မောင်ဝင်းစပယ်ယာနဲ့ အပြင်ကစပယ်ယာတွေ ဘယ်လိုကွာခြားမှုရှိတယ်ထင်လဲ။
■ဖြေ - ကျွန်တော်ကတော့ နှာဘူးစပယ်ယာလုပ်ရတာပါ။ အပြင်လောကထဲမှာ ရှိရင်လည်း ရှိမယ်။ မရှိရင်လည်း မရှိဘူးပေါ့။
■ မေး - နှာဘူးကျတဲ့ပုံစံလုပ်ရတဲ့အခါ ရှက်စိတ်တွေဘာတွေ ဖြစ်မိလား။
■ ဖြေ - နှာဘူးကျခံရတဲ့ ကောင်မလေးတွေကိုပဲ အားနာတာပါ။ ကိုယ်ကကိုင်ရ ထိရမှာဆိုတော့လေ။ ကျွန်တော်ကတော့ ရှက်တာမဖြစ်ပါဘူး။
■မေး - မခိုင်လေးနဲ့ တွဲဖက်လုပ်ရတဲ့အပေါ်မှာကော ဘယ်လိုရှိလဲ။
■ဖြေ - မခိုင်လေးက စနစ်တကျနဲ့ အကုန်ကြိုပြောပေးပါတယ်။ အစ်မက ရှုတင်ရောက်တာနဲ့ ကျွန်တော်ဆံပင် ဘေးကွဲနေတာမြင်ရင်တောင်သူကိုယ်တိုင် လာဖွပစ်တယ်။ မခိုင်လေးက အကုန်ကိုသင်ပေးပါတယ်။
■မေး - ဒီဇာတ်ကားက အစ်ကို့ကို ကာရိုက်တာအသစ်အနေနဲ့ မြင်ရမယ်လို့ပြောလို့ရလား။
■ဖြေ - ဟုတ်ကဲ့။ အကြာကြီးကနေမှ တင်မောင်ဝင်းဖြစ်လာတာမို့ အသစ်တစ်ခုအနေနဲ့ ခံစားရမှာပါ။
■မေး - ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အမှတ်တရလေးပြောပေးပါဦး။
■ဖြေ - မေ ၃၀ ရက် ရုံတင်ရင် လာပြီးအားပေးကြပါလို့။