ရှုံးပွဲနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဖိအားဝင်သွားတဲ့ စပါး

ရှုံးပွဲနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဖိအားဝင်သွားတဲ့ စပါး
Photos: AP & Reuters
Photos: AP & Reuters
Published 4 May 2019

■ ဘုန်းမောက် ၁-၀ စပါး

ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ ဘုန်းမောက်အသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာတော့ ဘုန်းမောက်အသင်းက (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ရာသီကုန်ဆုံးဖို့လက်ကျန် (၂)ပွဲအလိုမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်ယူတို့နဲ့အပြိုင်ဖြစ်နေတဲ့ စပါးအသင်းအတွက် စိတ်ပျက်စရာရှုံးပွဲဖြစ်ခဲ့ပြီး၊ လာမယ့်ပွဲစဉ် (၃၈)မှာ လုံးဝအမှားလုပ်လို့မရတဲ့ အခြေအနေဖြစ်သွားခဲ့ပါတယ်။

ဒီပွဲအပြီး ချန်ပီယံလိဂ်အရေးကြီးပွဲစဉ်ယှဉ်ပြိုင်ဖို့ရှိပေမယ့် ဆွန်ဟောင်မင်၊ ဒိုင်ယာ၊ အယ်လီ၊ လူးကပ်စ်မော်ရာ၊ အဲရစ်ဆင်တို့နဲ့ စပါးအသင်း လူစုံခဲ့ပါတယ်။

ဘုန်းမောက်အသင်းကလည်း မျှော်လင့်ချက်တွေ၊ ဖိအားတွေမရှိပေမယ့် ဒီရာသီရဲ့အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ ရလဒ်ကောင်းဖို့ကြိုးစားခဲ့ပြီး စပါးအသင်းကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာပါ။

ပွဲစကတည်းက စပါးအသင်းကစားကွက်အသာစီးယူဖို့ကြိုးစားခဲ့ပေမယ့် ဘုန်းမောက်အသင်းရဲ့ခံစစ်စုဖွဲ့မှုနဲ့ တန်ပြန်တိုက်စစ်ကစားပုံက စပါးအသင်းကို အခက်တွေ့စေခဲ့ပါတယ်။

စပါးအသင်း ဂိုးရနိုင်တဲ့အခွင့်အရေးတချို့ကိုအသုံးမချနိုင်ခဲ့လို့လည်း ပထမပိုင်းမှာ ဂိုးရဖို့ခက်ခဲ့တာပါ။

ပွဲရဲ့အလှည့်အပြောင်းအစလို့ဆိုရမှာက ပွဲချိန် (၄၃)မိနစ်မှာ အသင်းရဲ့အဓိကတိုက်စစ်မှူး ဆွန်ဟောင်မင် တိုက်ရိုက်အနီနဲ့ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး၊ စပါးအသင်းရဲ့တိုက်စစ်ကစားပုံလည်း ဟန်ချက်ပျက်သွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပြီး၊ ဒုတိယပိုင်းမှာတော့ စပါးအတွက် ဂိုးရဖို့ပိုခက်သွားခဲ့သလို ဘုန်းမောက်အသင်းရဲ့ဖိအားပေးမှုကိုလည်းခံခဲ့ရပါတယ်။

ပိုဆိုးတာက ဒုတိယပိုင်းပွဲအစမှာပဲ လူစားဝင်လာတဲ့ စပါးလူငယ်ကစားသမားဖွိုက် ပွဲချိန် (၄၈)မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထပ်မံထုတ်ပယ်ခံခဲ့ရတာပါပဲ။

(၂)ယောက်လျော့သွားတဲ့အချိန်မှာတော့ စပါးအသင်းအတွက် အခွင့်အရေးမရှိသလောက်ဖြစ်သွားခဲ့ပြီး၊ ဘုန်းမောက်အသင်းက ဂိုးရဖို့ကြိုးစားလာလို့ ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာတော့ ပြိုင်ပွဲစုံ အိမ်ကွင်း (၂)ပွဲဆက်ရှုံးထားတဲ့ စပါးအသင်းရဲ့စကားပုံက ယုံကြည်မှုပျောက်နေတာကိုထပ်တွေ့ခဲ့ရပြီး၊ နည်းပြပိုချက်တီနိုအတွက်တော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ မတိုင်ခင် ပြင်ဆင်ရမယ့် အဓိကအကြောင်းအရာလို့ဆိုရပါမယ်။

ဘုန်းမောက်အသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ မိနစ် (၉၀)ပြည့်ပြီး နာကျင်အချိန်ပိုမှာ နောက်ခံလူ အကီက သွင်းယူပေးခဲ့တာပါ။

ဒီဂိုးကိုဖန်တီးပေးခဲ့တဲ့ ဖရေဇာအတွက်လည်း ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု (၁၄)ကြိမ်နဲ့ ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်ကိုကျော်ဖြတ်ကာ အများဆုံးဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဘုန်းမောက်အသင်းက ဒီရာသီအိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ နိုင်ပွဲနဲ့နှုတ်ဆက်နိုင်ခဲ့ပေမယ့် စပါးအသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးပွဲအထိဖိအားတွေနဲ့ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

Most Read

Most Recent