စာဖတ်ပရိသတ်များအကြား ထင်ရှားသည့်ဝတ္ထုများကို ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြောင်းလဲဖန်တီးရန် ပြင်ဆင်လျက်ရှိ

စာဖတ်ပရိသတ်များအကြား ထင်ရှားသည့်ဝတ္ထုများကို ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြောင်းလဲဖန်တီးရန် ပြင်ဆင်လျက်ရှိ
Published 30 April 2019

၂၀၁၉ ခုနှစ်အတွင်းတွင် ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်သံဇာတ်လမ်းတွဲများစွာ ရိုက်ကူးလျက်ရှိသည့်အနက် စာဖတ်ပရိသတ်များအကြား ထင်ရှားသည့်လုံးချင်းဝတ္ထုများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြောင်းလဲရိုက် ကူးရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ပြောင်းလဲရိုက်ကူးရန်အတွက်လည်း မူရင်းစာရေးသူများထံမှ ခွင့်ပြုချက်ရယူဝယ်ယူကာ ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

စာဖတ်ပရိသတ်များကြားတွင် ထင်ရှားသည့် လုံးချင်းဝတ္ထုများဖြစ်သော ငြိမ်းကိုရှက်ပါ ဝတ္ထုကို ဒါရိုက်တာဏကြီးကလည်းကောင်း၊ ဆရာမခင်ခင်ထူး၏ တောမင်းသမီးဝတ္ထုနှင့် ဆရာမကြည်အေး၏ မောင်၊ ကိုကိုနှင့် မြနန္ဒာ ဝတ္ထုတို့ကို ဒါရိုက်တာခရစ်(စ်)တီးနားခီက လည်းကောင်း၊ စာရေးဆရာငြိမ်းကျော်၏ သမုဒယမော်ကွန်းတွင်ရစ်စေသတည်း ဝတ္ထု နှင့် ဆရာမခင်ခင်ထူး၏ အညာသူအညာသား ကျွန်မဆွေမျိုးများဝတ္ထုတို့ကို 7th Sense Production မှလည်းကောင်း စသည်ဖြင့် ရုပ်ရှင်ဇာတ်ကားနှင့် ဇာတ်လမ်းတွဲများ ဖန်တီးကြရန် အသီးသီးဝယ်ယူထားကြခြင်း ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားအဖြစ် မရိုက်ကူးမီတွင် လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“အခုရိုက်ဖို့စီစဉ်ထားတာကတော့ ငြိမ်းကိုရှက်ပါဝတ္ထုနဲ့ ဆရာနိုင်ဝင်းဆွေရဲ့ ဝတ္ထုထဲကတစ်ခုပါ။ ဘာကို အရင်ရိုက်ဖြစ်မလဲဆိုတာတော့ ပြင်ဆင်နေတုန်းပါပဲ။ ဒီနှစ်ထဲတော့ တစ်ကားရိုက်ပြီး ပြသနိုင်ဖို့ ကြိုးစားပါမယ်။ ဝတ္ထုကောင်းတစ်အုပ်ကို ရုပ်ရှင်အဖြစ်ဖန်တီးမယ်ဆိုရင် ဝတ္ထုထဲက နေရာဒေသနဲ့ ခေတ်ကာလ၊ သူရေးဖွဲ့ထားတဲ့ ခံစားမှုတွေကို ထင်ဟပ်ရတာဖြစ်လို့ အချိန်ယူပြင်ဆင်ရမှာပါ။ သေချာအချိန်ယူပြီး ရိုက်ကူးသွားမှာပါ” ဟု ဒါရိုက်တာဏကြီးက ဆိုသည်။

စာဖတ်ပရိသတ်များကြားတွင် ထင်ရှားသည့် အခြားသော လုံးချင်းဝတ္ထုများကိုလည်း ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲအဖြစ် ဝယ်ယူရိုက်ကူးနိုင်ရန် စီစဉ်လျက်ရှိသည်။ ထင်ရှားသည့်ဝတ္ထုများအား ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲများအဖြစ် ပြောင်းလဲဖန်တီးကာ ၂၀၁၈ ခုနှစ်အတွင်းပြသခဲ့ရာ၌ ‘မီ’ ရုပ်ရှင်ဇာတ်ကား၊ ‘ပျားရည်အိုင်’ ရုပ်သံဇာတ်လမ်းတွဲ၊ ‘အရိပ်’ ရုပ်သံဇာတ်လမ်းတွဲ၊ ‘ကြမ္မာနွံ’ ရုပ်သံဇာတ်လမ်းတွဲများမှာ ပရိသတ်များကြားတွင်ထင်ရှားခဲ့ကြောင်း သိရသည်။

Most Read

Most Recent