ကမ္ဘာ့ဖလားပြိုင်ပွဲ (၄)ကြိမ်စီ ကစားခဲ့သော်လည်း မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ နှစ်ဦးစလုံး ရှုံးထွက်အဆင့်ပွဲစဉ်များတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိ

ကမ္ဘာ့ဖလားပြိုင်ပွဲ (၄)ကြိမ်စီ ကစားခဲ့သော်လည်း မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ နှစ်ဦးစလုံး ရှုံးထွက်အဆင့်ပွဲစဉ်များတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိ
Published 2 July 2018

 

Photos: AFP

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုများကို (၁၀)နှစ်ဆက် ရယူနိုင်ခဲ့ကြသည့် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၄)ကြိမ်စီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ကမ္ဘာ့ဖလားရှုံးထွက်အဆင့် ပွဲစဉ်များတွင် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စနေညက ယှဉ်ပြိုင်ခဲ့သော ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များတွင် မက်ဆီ၏ အာဂျင်တီးနားအသင်းက ပြင်သစ်ကို (၄-၃)ဂိုးဖြင့် လည်းကောင်း၊ စီရော်နယ်လ်ဒို၏ ပေါ်တူဂီအသင်းက ဥရုဂွေး အသင်းကို (၂-၁)ဂိုးဖြင့် လည်းကောင်း အသီးသီးရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ နှင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ပါဝင်ကစားခဲ့ကြပြီး မက်ဆီက ကမ္ဘာ့ဖလားပွဲစဉ်ပေါင်း (၁၉)ပွဲ ကစားခဲ့ကာ စီရော်နယ်လ်ဒိုက (၁၇)ပွဲ ကစားခဲ့ကြောင်း သိရှိရသည်။

မက်ဆီသည် ယင်းကမ္ဘာ့ဖလားပွဲစဉ် (၁၉)ပွဲတွင် (၆)ဂိုး သွင်းယူနိုင်ခဲ့ပြီး စီရော်နယ်လ်ဒိုက (၁၇)ပွဲတွင် (၇)ဂိုး သွင်းယူနိုင်ခဲ့သည်။ သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် အဆိုပါဂိုးများကို ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအ ဆင့်များတွင် သွင်းယူခဲ့ကြခြင်း ဖြစ်ပြီး ရှုံးထွက်အဆင့်ပွဲစဉ်များတွင် လုံးဝဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်များတွင် (၈)ပွဲ (၇၅၆ မိနစ်)အထိ ကစားခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသလို စီရော်နယ်လ်ဒိုမှာလည်း (၆)ပွဲ (၅၁၄ မိနစ်)အထိ ပါဝင်ကစားခွင့်ရခဲ့သော်လည်း လုံးဝဂိုးသွင်းနိုင်ခြင်း မရှိပေ။

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စီရော်နယ်လ်ဒိုသည် အုပ်စုအဆင့် ပွဲစဉ်များတွင် (၄)ဂိုးသွင်းယူနိုင်ခဲ့ပြီး မက်ဆီမှာ (၁)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ သို့သော် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မက်ဆီသည် ဗိုလ်လုပွဲအထိ တက် ရောက်နိုင်ခဲ့သော်လည်း စီရော်နယ်လ်ဒို၏ ကမ္ဘာ့ဖလားအမြင့်ဆုံးအောင်မြင်မှုမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခြင်းသာ ဖြစ်သည်။

Most Read

Most Recent