အင်္ဂလန်သို့ အရှုံးသမားတစ်ဦးအဖြစ် မပြန်လိုကြောင်း ကော်တိုအာပြောကြား

အင်္ဂလန်သို့ အရှုံးသမားတစ်ဦးအဖြစ် မပြန်လိုကြောင်း ကော်တိုအာပြောကြား
Published 26 June 2018

ဘယ်လ်ဂျီယံအသင်းဂိုးသမား ကော်တိုအာက မိမိအနေဖြင့် လာမည့်အင်္ဂလန်အသင်းနှင့်ပွဲစဉ်တွင် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပြီး အရှုံးသမားတစ်ဦးအဖြစ် အင်္ဂလန်သို့မပြန်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

Photo: AFP

ဘယ်လ်ဂျီယံအသင်းသည် အုပ်စုပွဲစဉ် (၂)ပွဲကစားပြီးချိန်၌ အင်္ဂလန်အသင်းနှင့်အတူ နောက်တစ်ဆင့်သို့  တက်ရောက်နိုင်ခဲ့ပြီဖြစ်သော်လည်း ရမှတ်၊ ရဂိုးပေးဂိုး အားလုံးတူညီနေရာ လာမည့်ပွဲစဉ်တွင် အနိုင်ရသည့်အသင်းက အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မည်ဖြစ်သည်။ ကော်တိုအာက '' ကျွန်တော်တို့အနေနဲ့ အုပ်စုပထမပဲရရ၊ ဒုတိယပဲရရ သိပ်တော့အရေးမကြီးပါဘူး။ ဒါပေမဲ့ အနိုင်ရလဒ်ကိုရယူနိုင်မယ်ဆိုရင် အဲဒီခံစားချက်က နောက်ထပ်နိုင်ပွဲတွေအတွက် အကောင်းဆုံးတွန်းအားဖြစ်စေမှာပါ။ ကျွန်တော်ကတော့ အဲဒီပွဲအတွက် ရည်မှန်းထားတာတစ်ခုရှိပါတယ်။ အဲဒါက လာမယ့်ဇူလိုင်လမှာ အင်္ဂလန်ကိုရှုံးနိမ့်ခဲ့တယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ ချယ်လ်ဆီးအသင်းဆီ မပြန်ချင်ပါဘူး။ နောက်တစ်ချက်က သူတို့ အသင်းမှာ ကျွန်တော်တို့သိတဲ့ကစားသမားတွေရှိနေသလို ကျွန်တော်တို့အသင်းမှာလည်း သူတို့သိတဲ့ကစားသမားတွေ ရှိနေပါတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ နိုင်ပွဲရဖို့ ရည်မှန်းထားပါတယ်'' ဟု ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ်ကမူ ယင်းးပွဲစဉ်တွင်လူကာကူကိုအနားပေးမည်ဟု သတင်းများထွက်ပေါ်နေသလို ကစားသမား (၁၀)ဦးအထိ အပြောင်းအလဲပြုလုပ်သွားမည်ဟုလည်း သိရသည်။ ထို့အပြင် အဝါကတ်ပြသခံထားရသည့် ဒီဘရိုင်းနား၊ မြူနီယာနှင့် ဗာတွန်ဂန်တို့ကိုလည်း ပွဲထွက်အသုံးပြုရန်မသေချာကြောင်း  သတင်းများထွက်ပေါ်နေသည်။ဘယ်လ်ဂျီယံနှင့် အင်္ဂလန်တို့သည် (၁၆)သင်းအဆင့်တွင် ကိုလံဘီယာ၊ ဆီနီဂေါ၊ ဂျပန်တို့အနက် တစ်သင်းသင်းနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 

Photo: AFP

 

Most Read

Most Recent