နာကျင်အချိန်ပိုသွင်းဂိုးနဲ့ ရမှတ် (၁)မှတ်ရရှိခဲ့တဲ့ စပိန်အသင်း အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်

နာကျင်အချိန်ပိုသွင်းဂိုးနဲ့ ရမှတ် (၁)မှတ်ရရှိခဲ့တဲ့ စပိန်အသင်း အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်
Published 26 June 2018

Photo : AFP

■ စပိန် ၂-၂ မော်ရိုကို

ဒီပွဲစဉ်မှာ စပိန်အသင်းဟာ ရမှတ် (၁)မှတ်ရရှိတာနဲ့ ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပေမယ့် ရုန်းကန်ခဲ့ရပြီး နာကျင်အချိန်ပိုသွင်းဂိုးရရှိခဲ့လို့ အုပ်စု ပထမနေရာ ရရှိခဲ့တာပါ။

စပိန်အသင်းဟာ (၄-၃-၃)ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး တောင်ပံတိုက်စစ်တွေမှာ ဒေးဗစ်ဆေးလ်ဗား၊ အစ္စကိုနဲ့ အထောင်တိုက်စစ်မှာ ဒီယေဂိုကော်စတာတို့ကိုပဲပွဲထွက်စေခဲ့သလို၊ ကွင်းလယ်မှာတော့ အင်နီယေစတာ၊ ဘူးစကွက်စ်တို့နဲ့အတူ အခုပြိုင်ပွဲမှာ ပထမဆုံးပွဲထွက်မှုအဖြစ် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုကို ကစားစေခဲ့ပါတယ်။ နောက်တန်းမှာလည်း အီရန်နဲ့ ပွဲကလူစာရင်းကိုပဲ ဆက်လက်အသုံးပြုသွားခဲ့ပါတယ်။

မော်ရိုကိုအသင်းကလည်း ရီးယဲလ်မာကစားနေတဲ့ လူငယ်ကြယ်ပွင့် ဟာကီမီ၊ ဥရောပအတွေ့အကြုံရှိကစားသမားတွေဖြစ်တဲ့ အမ်မရာဘတ်၊ ဒီရာ၊ ဇီယက်ရ်ှ စတဲ့ ကစားသမားတွေကိုပွဲထွက်စေခဲ့ပြီး (၄-၁-၄-၁)ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။

ပထမပိုင်းအစမှာပဲ မော်ရိုကိုအသင်းက ဂိုးစရခဲ့ပြီး စပိန်ကစားသမားတွေဖြစ်တဲ့ အင်နီယေစတာနဲ့ ရာမို့စ်တို့ နားလည်မှုလွဲရာကတစ်ဆင့် မော်ရိုကိုတိုက်စစ်မှူး ဘောက်တက်က ဂိုးဧရိယာထဲအထိ ဆွဲပြေးပြီး အပိုင်အသုံးချခဲ့တာပါ။

ဒါပေမဲ့ နောက် (၅)မိနစ်အကြာမှာပဲ စပိန်အသင်းချေပဂိုးပြန်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ အင်နီယေစတာရဲ့ ဖန်တီးမှုကတစ်ဆင့် အစ္စကိုက အနီးကပ် ကန်သွင်းယူခဲ့တာပါ။

ချေပဂိုးရပြီးနောက်ပိုင်း စပိန်အသင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မော်ရိုကိုခံစစ်ကိုတော့ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း စပိန်အသင်းဖိအားပေးဖို့ကြိုးစားပေမယ့် ဦးဆောင်ဂိုး ထပ်မံရရှိသွားတာကတော့ မော်ရိုကိုပါပဲ။

ဒီဂိုးကို မာလာဂါကစားသမားဖြစ်တဲ့ လူစားဝင်ကစားသမား အန်နက်ဆီရီက သွင်းယူသွားခဲ့တာပါ။

နာကျင်အချိန်ပိုအရောက်မှာတော့ စပိန်အသင်း ဒုတိယ ချေပဂိုးရရှိခဲ့ပြီး ကာဗာဟယ်လ်ရဲ့ ဖြတ်တင်ပေးပို့မှုကို လူစားဝင်ကစားသမား အက်စ်ပက်က အဆုံးသတ်ခဲ့ပါတယ်။

ဒီဂိုးဟာလည်း လူကျွံအနေအထားဖြစ်လို့ အငြင်းပွားဖွယ်ရာဂိုးဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီးမှ ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တာပါ။

ဒီပွဲစဉ်မှာ မော်ရိုကိုကစားသမား (၆)ဦးအထိ အဝါကတ် ပြသခံခဲ့ရသလို၊ ဒုတိယပိုင်း ပြီးဆုံးခါနီး အချိန်တွေမှာလည်း (၂)ဖက်ကစားသမားတွေ အချင်းများခဲ့ကြပါတယ်။

အခုပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ စပိန်တောင်ပံတိုက်စစ်ကစားသမား အစ္စကိုက ရရှိခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်မှာ စပိန်အသင်းဟာ ရုရှားအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး ဇူလိုင် (၁)ရက်မှာ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

 

 

Most Read

Most Recent