ကမ္ဘာ့ဖလားချန်ပီယံဆုမရမချင်း အာဂျင်တီးနားလက်ရွေးစင်အဖြစ်မှ အနားမယူလိုသေးဟု မက်ဆီ ထုတ်ဖော်ပြောကြား

ကမ္ဘာ့ဖလားချန်ပီယံဆုမရမချင်း အာဂျင်တီးနားလက်ရွေးစင်အဖြစ်မှ အနားမယူလိုသေးဟု မက်ဆီ ထုတ်ဖော်ပြောကြား
Published 26 June 2018

Photo: The Sun

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်တိုက်စစ်မှူး မက်ဆီက မိမိအနေဖြင့် ကမ္ဘာ့ဖလားချန်ပီယံဆုမရမချင်း လက်ရွေးစင်အဖြစ်မှ အနားမယူလိုသေးကြောင်း (၃၁)နှစ်ပြည့်မွေးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မက်ဆီသည် ဇွန်လ(၂၄)ရက်နေ့တွင် အသက် (၃၁)နှစ်ပြည့်မြောက်ခဲ့ပြီး ဆွာရက်ဇ်၊ နေမာ၊ ပူယိုးလ်စသည့် ကစားသမားများအပါအဝင် အသင်းဖော်များက မွေးနေ့ဆုတောင်းမှုများ ပြုလုပ်ပေးခဲ့ကြသလို၊ အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ ဆမ်ပါအိုလီကလည်း လေ့ကျင့်ရေးအစီအစဉ်မစမီ မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မွေးနေ့ရှင် မက်ဆီအား Mirror သတင်းစာက မေးမြန်းခဲ့ရာ မက်ဆီက " ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်ခွင့်ရဖို့ဆိုတာ ကျွန်တော် အမြဲ တမ်းအိပ်မက်မက်ခဲ့တဲ့အရာပါ။ ကျွန်တော် အရေးအပါဆုံးပြိုင်ပွဲတိုင်းမှာ ဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ရည်မှန်းချက်က အဆုံးမသတ်သေးပါဘူး။ ကျွန်တော့်နိုင်ငံနဲ့အတူ ကမ္ဘာ့ ချန်ပီယံမဖြစ်မချင်း ကျွန်တော် အနားမယူချင်သေးပါဘူး။ ကမ္ဘာ့ဖလားက အာဂျင်တီးနားအသင်းအတွက် အရေးကြီးသလို၊ ကျွန်တော့်အတွက်လည်း အတူတူပါပဲ။ ကမ္ဘာပေါ်က သန်းပေါင်းများစွာသော အာဂျင်တီးနားပရိသတ်တွေကို ပျော်ရွှင်စေမယ့်အရာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်လျှော့အရှုံးပေး သွားမှာမဟုတ်ပါဘူး " ဟု ပြောကြားခဲ့သည်။

သို့သော် အာဂျင်တီးနားအသင်းသည် လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုမှ နောက်တစ်ဆင့်တက်ရောက်နိုင်ရန်ပင် ရုန်းကန်နေရပြီး မက်ဆီမှာလည်း ဝေဖန်ပြစ်တင်မှုများ၊ လှောင်ပြောင်ရှုတ် ချမှုများနှင့် ရင်ဆိုင်နေရသည်။

Most Read

Most Recent