မက်ဆီ၏အသင်းကို ဂိုးသွင်းနေကျဖြစ်သည်ဟု မူဆာ ကြုံးဝါး

မက်ဆီ၏အသင်းကို ဂိုးသွင်းနေကျဖြစ်သည်ဟု မူဆာ ကြုံးဝါး
Published 25 June 2018

အိုက်စလန်အသင်းနှင့်ပွဲတွင် နိုင်ဂျီးရီးယားအသင်းအတွက် အနိုင်ဂိုး(၂)ဂိုးစလုံးကိုသွင်းယူခဲ့သည့် တိုက်စစ်မှူး မူဆာက မိမိသည် မက်ဆီ၏အသင်းကို ဂိုးသွင်း နေကျဖြစ်သည်ဟု ကြုံးဝါးပြောကြားခဲ့သည်။

မူဆာသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့် ဆုံတွေ့ခဲ့စဉ်က (၂) ဂိုးသွင်းယူနိုင် ခဲ့သူဖြစ်သလို၊ ၂၀၁၆ ခုနှစ်က လက်စတာနှင့် ဘာစီ လိုနာအသင်းတို့ International Champions Cup ပြိုင်ပွဲတွင် ဆုံတွေ့ခဲ့စဉ်ကလည်း (၂)ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် မူဆာက ''လွန်ခဲ့တဲ့ (၄) နှစ်က ကျွန်တော် (၂) ဂိုးသွင်းခဲ့ပါတယ်။ လက်စတာကို ပြောင်းပြီးလို့ ဘာစီလိုနာနဲ့တွေ့တော့ လည်း (၂) ဂိုးထပ်သွင်းခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ပွဲ မှာလည်း (၂) ဂိုးထပ်သွင်းနိုင်မယ့်အလားအလာရှိပါ တယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ဂျီးရီးယားပရိသတ်များကလည်း ''ငါတို့ GOAT က မင်းတို့ GOAT ထက် ပိုကောင်းတယ်''ဟု မက်ဆီကို လှောင်ပြောင်နေကြကြောင်း သိရှိရသည်။

မူဆာသည် ခရိုအေးရှားနှင့်ကစားသည့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် ဒုတိယပိုင်းရောက်မှ အီဝိုဘီအစား လူစားဝင်ကစားခဲ့ရပြီး အိုက်စလန်နှင့်ကစားသည့် အုပ်စုဒုတိယပွဲစဉ်တွင် ၎င်းမှာ ခြေစွမ်းပြကာ အသင်းအတွက် အနိုင်ဂိုး(၂)ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့သည်။

၎င်းမှာ နိုင်ဂျီးရီးယားအသင်းအတွက် နိုင်ငံတကာပွဲ (၇၄)ပွဲ ကစားပေးထားပြီး (၁၅)ဂိုးသွင်းယူထားသည်။

နိုင်ဂျီးရီးယားအသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် နာမည်ကြီး အာဂျင်တီးနားအသင်းကို သရေကစားနိုင်လျှင်ပင် နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းလျက်ရှိသည်။

 

 

Most Read

Most Recent