ပိုလန်ကို ဂိုးပြတ်အနိုင်ယူပြီး ရှုံးထွက်အဆင့်အတွက် မျှော်လင့်ချက်ရှိလာတဲ့ ကိုလံဘီယာ

ပိုလန်ကို ဂိုးပြတ်အနိုင်ယူပြီး ရှုံးထွက်အဆင့်အတွက် မျှော်လင့်ချက်ရှိလာတဲ့ ကိုလံဘီယာ
Published 25 June 2018

Photo:AFP

အဖွင့်ပွဲစဉ်မှာ ဂျပန်အသင်းကို မထင်မှတ်ဘဲအရှုံးပေးခဲ့ရတဲ့ ကိုလံဘီယာတို့ ပိုလန်နဲ့ကစားတဲ့အုပ်စုဒုတိယပွဲမှာတော့ (၃-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

(၂)ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ ပိုလန်အသင်းကတော့ အုပ်စုအဆင့်ကနေ လက်ပြခဲ့ရပြီး ကိုလံဘီယာအသင်းကတော့ နောက်တစ်ဆင့်တက်ရောက်ဖို့ ဆီနီဂေါအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အဆုံးအဖြတ်ယှဉ်ပြိုင်ရတော့မှာပါ။

ကိုလံဘီယာနည်းပြ ပယ်ကာမန်ဟာ ဂျပန်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ လူစာရင်းကို (၅)နေရာပြောင်းလဲခဲ့ပြီး ရလဒ်ကောင်းဖို့ပြင်ဆင်လာခဲ့ပါတယ်။

ခြေစစ်ပွဲစဉ်တွေမှာ အကောင်းဆုံးပုံစံပြခဲ့တဲ့ ပိုလန်အသင်းဟာ ပြိုင်ပွဲကြီးမှာတော့ ပုံစံကောင်းမရခဲ့ဘဲ ကိုလံဘီယာအသင်းကို အဖက်ဖက်ကမယှဉ်နိုင်ခဲ့ပါဘူး။

အထူးသဖြင့်ကိုလံဘီယာအသင်းရဲ့ ဟာမီးစ်၊ ကွာဒရာဒို၊ ဖယ်လ်ကာအို၊ ကင်တယ်ရိုတို့ရဲ့ တိုက်စစ်ပိုင်းဟာ ပိုလန်အသင်းရဲ့ ခံစစ်ပိုင်းကို အချိန်ပြည့်ဖိအားပေးနိုင်ခဲ့ပြီး ကစားကွက်အသာစီးနိုင်ခဲ့တာပါ။

Photo: AFP

ကိုလံဘီယာအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် မိနစ် (၄၀)မှာ ဟာမီးစ်စ်ရဲ့ လှပတဲ့ပေးပို့မှုကနေ မီနာက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

အဖွင့်ဂိုးပေးလိုက်ရပြီးနောက်ပိုင်း ပိုလန်တို့ ကစားအားသိသိသာသာကျသွားခဲ့ပြီး ကိုလံဘီယာအသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ထိန်းချုပ်ရင်းနဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။

ကိုလံဘီယာအသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန်မိနစ် (၇၀)မှာ ကင်တယ်ရိုရဲ့ ပေးပို့မှုကို ဖယ်လ်ကာအိုက ကန်သွင်းယူခဲ့ပြီး၊ နောက်ဆုံးဂိုးကိုတော့ ဟာမီးစ်ရဲ့ပေးပို့မှုကနေ ကွာဒရာဒိုက ပိုလန်ဂိုးသမား ဆဆက်ဇနီနဲ့ တစ်ဦးချင်းရင်ဆိုင်အတွေ့မှာ အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမိနစ်တွေမှာ ပိုလန်အသင်း ဂိုးရနိုင်တဲ့အခွင့်အရေးအချို့ရခဲ့ပေမယ့် ကိုလံဘီယာနောက်တန်းနဲ့ ဂိုးသမား အော့စ်ပင်နာတို့ရဲ့ အကောင်းဆုံးပုံစံကိုတော့ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

Most Read

Most Recent