ဆီနီဂေါကို သရေကစားပြီး နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ပိုအားကောင်းခဲ့တဲ့ ဂျပန်

ဆီနီဂေါကို သရေကစားပြီး နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ပိုအားကောင်းခဲ့တဲ့ ဂျပန်
Published 25 June 2018

Photo:AFP

ဂျပန်အသင်းရဲ့ မာကျောတဲ့ စိတ်ဓာတ်နဲ့ ကစားအားကိုတွေ့ခဲ့ရတဲ့ပွဲပါပဲ။ ဂျပန်အသင်းဟာပြိုင်ပွဲမစခင် ဆီနီဂေါ၊ ပိုလန်၊ ကိုလံဘီယာတို့ ပါဝင်တဲ့ ဒီအုပ်စုမှာ အားအနည်းဆုံးအသင်းအဖြစ်သတ်မှတ်ခံထားရပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဂျပန်အသင်းဟာ အဖွင့်ပွဲမှာ ကိုလံဘီယာကို အနိုင်ယူခဲ့သလို၊ ဒုတိယပွဲမှာလည်း ကိုယ့်ထက် ကစားသမား၊ ကစားအား၊ နည်းဗျူဟာ ပိုမိုကောင်းမွန်တဲ့ အာဖရိကထိပ်သီး ဆီနီဂေါကို (၂-၂)ဂိုးနဲ့ သရေကစားပြီး အုပ်စုဗိုလ်အဖြစ်ရပ်တည်နေကာ နောက်တစ်ဆင့်အတွက် အလားအလာပိုကောင်းသွားခဲ့ပါတယ်။

ဆီနီဂေါအသင်းကတော့ ပွဲစကတည်းက အနိုင်ရဖို့ ဂျပန်အသင်းဘက်ကိုဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်အသင်းကလည်း ဆီနီဂေါရဲ့ ကစားအားကို ရှိန်မနေဘဲ တန်ပြန်တိုက်စစ်တွေက တစ်ဆင့်ဂိုးရဖို့ကြိုးစားခဲ့ပါတယ်။ ဆီနီဂေါအသင်းအတွက် အဖွင့်ဂိုးကတော့ (၁၁)မိနစ်မှာ ဂျပန်ဂိုးသမား ကာဝါရှီးမားရဲ့ ပုတ်ထုတ်ပုံမသေသပ်မှုကနေ မာနေနဲ့ထိပြီး ဂိုးဝင်သွားခဲ့ပါတယ်။

Photo:AFP

ဂိုးပေးရပြီးနောက်မှာ ဂျပန်အသင်း ချေပဂိုးအတွက်ကြိုးစားခဲ့ပြီး ပွဲချိန် (၃၄)မိနစ်မှာတော့ နာဂါတိုမိုရဲ့ ပေးပို့မှုတစ်ဆင့် လူငယ်တိုက်စစ်မှုး အီနူအီက လှလှပပ ထောင့်ဖြတ်ကန်သွင်းယူခဲ့ပါတယ်။ ချေပဂိုးရရှိပြီးနောက်မှာ ဂျပန်တို့ စိတ်ဓာတ်အားပိုကောင်းလာခဲ့ပါတယ်။

ပွဲချိန်ဒုတိယပိုင်းမှာတော့ ဂျပန်အသင်းရော၊ ဆီနီဂေါအသင်းပါ အပြောင်းအလဲတွေလုပ်ခဲ့ပြီး အနိုင်ရလဒ်အတွက် ကြိုးစားခဲ့ကြပါတယ်။ ဂျပန်အသင်းအခွင့်အရေးတွေရခဲ့ပေမယ့် တိုက်စစ်မှူးတွေအဆုံးသတ်မသေချာခဲ့သလို ပွဲချိန် (၆၄)မိနစ်မှာ အီနူအီရဲ့ ကန်သွင်းမှု တိုင်ထိထွက်ခဲ့လို့ လည်း ဂျပန်တို့နစ်နာခဲ့ရပါတယ်။ ဆီနီဂေါအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် (၇၁)မိနစ်မှာ နောက်ခံလူ ဝယ်ဂီကသွင်းယူပေးခဲ့ပါတယ်။

Photo:AFP

ဂိုးပေးလိုက်ရပေမယ့် ဂျပန်တို့ စိတ်ဓာတ်မကျခဲ့ဘဲ ချေပဂိုးအတွက်ကြိုးစားခဲ့ပြီး ပွဲချိန် (၇၈)မိနစ်မှာတော့ ကာဂါဝါအစားလူစားဝင်လာတဲ့ ဟွန်ဒါက အီနူအီရဲ့ ပေးပို့မှုကနေ ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ ဟွန်ဒါအတွက် (၄)ဂိုးမြောက်ကမ္ဘာ့ဖလားသွင်းဂိုးဖြစ်ပြီး ဂျပန်အသင်းသမိုင်းမှာသာမကကမ္ဘာ့ဖလားသမိုင်းမှာ ဂိုးအများဆုံးသွင်းတဲ့ အာရှကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ နှစ်သင်းစလုံး ထိန်းကစားခဲ့ကြပြီး (၂-၂)ဂိုးရလဒ်နဲ့ ပွဲပြီးဆုံးကာ သရေတစ်မှတ်စီခွဲယူခဲ့ကြပါတယ်။

Most Read

Most Recent