ယနေ့ည ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ည ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 22 June 2018

ဘရာဇီးလ် Vs ကော်စတာရီကာ
သောကြာည (၆း၃၀) နာရီ

ဘရာဇီးလ်ရဲ့အဖွင့်ပွဲကလည်း အားရစရာမရှိခဲ့ဘူး။ အရမ်းညံ့တာမျိုးမဟုတ်ပေမယ့် စိတ်ဝင်စားလောက်တဲ့ ကစားပုံ၊ စွဲမက်စရာ ပုံစံမဟုတ်တာတော့ သေချာတယ်။ ဝီလီယံ ပုံမှန်၊ ဂျေးဆူပုံမှန်၊ ကော်တင်ဟို ပုံမှန်ထက်ကောင်းရုံသာရှိပြီး နေမာဆီ က ဘာမှမတွေ့ခဲ့ရတဲ့ တိုက်စစ်ပိုင်းကစားပုံက စိတ်ပျက်စရာပါ။ ကွင်းလယ်မှာတော့ ကက်စမဲရိုး-ပေါ်လင်ဟိုအတွဲ ကစားချိန် မှာရော၊ ရီနာတို-ဖာနန်ဒင်ဟိုအတွဲကစားချိန်မှာရော အမှားသိပ်မရှိပါဘူး။ ဘရာဇီးလ်ရဲ့ ကွင်းလယ်လူတွေအားလုံးက တစ်ဦး ချင်းစွမ်းဆောင်ရည်အရလည်း Creative ပုံစံထက်၊ Foundation ပိုင်း၊ Controlling ပိုင်းကို သွားတဲ့သူတွေဖြစ်လို့ သူတို့ဆီက ဖန်တီးမှုကိုတော့ မျှော်လင့်လို့မရဘူး။ သူတို့က အသင်းကို တစ်ပွဲလုံးဟန်ချက်ညီအောင်၊ တိုက်စစ်က စိတ်ကြိုက်ကစား လို့ရအောင်၊ တန်ပြန်တိုက်စစ်တွေကနေ ဂိုးပြန်မပေးရအောင် ကစားမယ့်သူတွေဖြစ်နေတယ်။ အဓိက ပြဿနာက တိုက်စစ် ကစားသမား (၄)ဦး ပုံစံကောင်းပျောက်ဆုံးနေတာပဲ။ ဒီပွဲမှာတော့ ဘရာဇီးလ်ပြန်လာသင့်ပါပြီ။ သူတို့ရဲ့အကောင်းဆုံးပုံစံကို ဒီပွဲမှာ ပြန်မြင်ရဖို့များတယ်။ နောက်ဆုံးပွဲက ဆားဘီးယားနဲ့ ပွဲကျပ်ကစားရမှာဖြစ်လို့ ဒီပွဲမှာ အမှားကင်းဖို့တင်မဟုတ်ဘဲ ပေါက် ကွဲပြပြီး ဂိုးတွေသွင်းဖို့လည်း လိုအပ်နေတယ်။ ဒီပွဲတော့ ဘရာဇီးလ် စိတ်ကြိုက်ကစားလိမ့်မယ်။

နိုင်ဂျီးရီးယား Vs အိုက်စလန်
သောကြာည (၉း၃၀) နာရီ

ဒီနှစ်သင်းရဲ့ ခြေစွမ်းက သိပ်မကွာဘူး။ တစ်ဦးချင်းကျွမ်း ကျင်မှုမှာ နိုင်ဂျီးရီးယားသာပေမယ့် အိုက်စလန်က စုစည်းမှုအား ကောင်းပြီး မာကျောပါတယ်။ အိုက်စလန်ခံစစ်ကို ဂိုးရအောင်သွင်းဖို့က နိုင်ဂျီးရီးယားအတွက် အခက်အခဲရှိနိုင်တယ်။ သရေကျနိုင်တယ်။ (ဝ-ဝ၊ ၁-၁)ရလဒ်တွေဖြစ်နိုင်တယ်။

ဆားဘီးယား Vs ဆွစ်ဇာလန်
စနေနံနက် (၀၀း၃၀) နာရီ

ဘရာဇီးလ်ကိုကစားသွားတဲ့ ဆွစ်ဇာလန်ရဲ့ ခြေစွမ်းကအားရစရာပါ။ မာကျောပြီး ခံစစ်လုံတယ်။ ပုံမှန်အားဖြင့် ဆားဘီးယားထက် ပိုကောင်းတဲ့အသင်းလို့လည်းပြောလို့ရတယ်။ ဒါပေမဲ့ဆားဘီးယားက တစ်ဦးချင်းထူးချွန်တဲ့ ကြယ်ပွင့်ကစားသမားတွေနဲ့ စုဖွဲ့ထားပြီး ကစားပုံကောင်းတယ်။ ဆားဘီယားကိုကြိုက်တယ်။

Most Read

Most Recent