အဝေးကွင်းရှုံးပွဲနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားများသွားတဲ့ ချယ်လ်ဆီး

အဝေးကွင်းရှုံးပွဲနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားများသွားတဲ့ ချယ်လ်ဆီး
Photo: Reuters
Photo: Reuters
Published 18 March 2019

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ စပါး၊ အာဆင်နယ်၊ မန်ယူအသင်းတို့ထက် ပွဲစောကန်ရလို့ ချယ်လ်ဆီးအသင်း အနိုင်ရဖို့လိုအပ်ခဲ့ပေမယ့် ရလဒ်ကောင်းကိုမစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ပရီးမီးယားလိဂ်ပွဲစဉ် (၃၁) တနင်္ဂနွေညရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက အဝေးကွင်းမှာ (၀-၂) ဂိုးနဲ့ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားများသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ စပါး၊ အာဆင်နယ်၊ မန်ယူအသင်းတို့ထက် ပွဲစောကန်ရလို့ ချယ်လ်ဆီးအသင်း အနိုင်ရဖို့လိုအပ်ခဲ့ပေမယ့် ရလဒ်ကောင်းကိုမစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဆာရီဟာ ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲများစွာပြုလုပ်ခဲ့ပြီး တိုက်စစ်မှာ ဟီဂွါအင်၊ ဟာဇက်နဲ့ ပတ်ဒရိုတို့ကို တွဲဖက်အသုံးပြုခဲ့ပါတယ်။

အဲဗာတန်အသင်းကလည်း အိမ်ကွင်းမှာအမှတ်ရရှိရေးအတွက် ရစ်ချာလီဆန်၊ ဆီဂတ်ဒ်ဆန်၊ အန်ဒရေဂိုးမက်ဇ်၊ ကယ်လ်ဗတ်လူဝင်၊ ဘားနတ်တို့နဲ့လူစုံခဲ့ပြီး ချယ်လ်ဆီးအသင်းကို အကောင်းဆုံးတုံ့ပြန်ခဲ့တာပါ။

ဒီနေ့ပွဲမှာတော့ ချယ်လ်ဆီးအသင်းကို (၂)ပိုင်းခွဲတွေ့ခဲ့ရပြီး ပထမပိုင်းမှာ ကစားပုံကောင်းခဲ့ပေမယ့်၊ ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ခံစစ်ကစားပုံဟာ ဆိုးရွားလွန်းခဲ့ကာ အထူးသဖြင့် ရစ်ချာလီဆန်ကို မားကို့စ်အလွန်ဆို ထိန်းဖို့မတတ်နိုင်ခဲ့တာပါ။

ပထမပိုင်းမှာ ချယ်လ်ဆီးအသင်းဂိုးရနိုင်တဲ့အခွင့်အရေးများစွာရှိခဲ့ပေမယ့် ဟီဂွါအင်၊ ပတ်ဒရိုတို့အသုံးမကျနိုင်ခဲ့သလို အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် အကောင်းဆုံးပုံစံရှိနေလို့ ဂိုးတွေမရခဲ့ပါဘူး။

အဲဗာတန်အသင်းကတော့ ပထမပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်ကို ခုခံရင်းနဲ့အချိန်ကုန်ခဲ့ပြီး ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကစားပုံဟာ သိသိသာသာဆိုးရွားလွန်းခဲ့ပြီး အဲဗာတန်ရဲ့ အမြန်နှုန်းအားပြုတဲ့တိုက်စစ်ကို ခံစစ်အစွန်ကစားသမားတွေဖြစ်တဲ့ မားကို့စ်အလွန်ဆိုနဲ့ အက်ဇ်ပီလီကွယ်တာတို့ ထိန်းဖို့ခက်ခဲ့ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးအသင်းကွင်းလယ်ပိုင်းကလည်း ဘောလုံးဆုံးရှုံးမှုများနေလို့ အဲဗာတန်အသင်းရဲ့တိုက်စစ်လမ်းကြောင်းတွေကို ပိုမြန်ဆန်စေခဲ့တာပါ။

အဲဗာတန်အသင်းအတွက်အဖွင့်ဂိုးကို ပွဲချိန် (၄၉)မိနစ်မှာ ရစ်ချာလီဆန်က မထင်မှတ်ဘဲရတဲ့အခွင့်အရေးကို အမိအရအသုံးချပြီး ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။

ဒါဟာ ရစ်ချာလီဆန်အတွက် ဒီရာသီ (၁၂)ဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရလို့ ချယ်လ်ဆီးအသင်း ချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် တကယ်ကိုကစားကွက်စီးခဲ့တာက အဲဗာတန်ပါပဲ။

ရစ်ချာလီဆန်ဟာ ချယ်လ်ဆီးအသင်းခံစစ်ကို တစ်ချိန်လုံးအခက်တွေ့စေခဲ့ပြီး အဲဗာတန်ရဲ့ဒုတိယဂိုးကလည်း သူ့ကြောင့်ပဲရရှိခဲ့တာပါ။

ပွဲချိန် (၇၂)မိနစ်မှာ ရစ်ချာလီဆန်ကို ဂိုးဧရိယာအတွင်း ချယ်လ်ဆီးကစားသမားတွေ ဖျက်ထုတ်ပုံကြမ်းခဲ့လို့ အဲဗာတန်အသင်းပယ်နယ်တီရရှိခဲ့ပါတယ်။

ဒီပယ်နယ်တီကို ဆီဂတ်ဒ်ဆန်က (၂)ဆင့်ကန်သွင်းယူခဲ့ပြီး အဲဗာတန်အသင်းအတွက် ဒုတိယဂိုးကိုရယူပေးခဲ့တာပါ။

လက်ကျန်မိနစ်မှာတော့ ချယ်လ်ဆီးအသင်းချေပဂိုးအတွက် တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် အဲဗာတန်အသင်းက ပွဲကိုထိန်းကစားသွားခဲ့ပြီး လိုအပ်တဲ့အနိုင်ရလဒ်ကိုရယူသွားခဲ့ပါတယ်။

ဒီရှုံးပွဲဟာ ချယ်လ်ဆီးအသင်းအတွက် ၂၀၁၉ ခုနှစ်အတွင်း ပရီးမီးယားလိဂ်အဝေးကွင်း (၅)ပွဲမှာ (၄)ပွဲမြောက်ရှုံးပွဲကြုံခဲ့တာဖြစ်ပြီး (၆)ပွဲရှုံးထားတဲ့ ဖူလ်ဟမ်အသင်းအပြီး အများဆုံးအရေအတွက်လည်းဖြစ်ခဲ့ပါတယ်။

ဒီရှုံးပွဲကြောင့် ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်တွေကလည်း ပိုပြီးဝေ၀ါးသွားခဲ့တယ်လို့ပဲဆိုရမှာပါ။

Most Read

Most Recent