နာပိုလီကိုအနိုင်ရလျှင် စီးရီးအေချန်ပီယံဆုရရှိရန် သေချာသွားမည်ဟု ချီလီနီ ပြောကြား

နာပိုလီကိုအနိုင်ရလျှင် စီးရီးအေချန်ပီယံဆုရရှိရန် သေချာသွားမည်ဟု ချီလီနီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 1 March 2019

ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ချီလီနီက တနင်္ဂနွေနေ့ကစားမည့် စီးရီးအေပွဲစဉ်တွင် နာပိုလီအသင်းကို အနိုင်ရရှိခဲ့ပါက ချန်ပီယံဆုရရှိရန်သေချာသွားမည်ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေပွဲစဉ် (၂၅) အပြီးတွင် လုံးဝရှုံးပွဲမရှိသေးဘဲ ရမှတ် (၆၉)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေပြီး ဒုတိယနေရာမှ နာပိုလီအသင်း (၅၆ မှတ်)ကို (၁၃) မှတ်အထိ ဖြတ်ထားသည်။

ဂျူဗင်တပ်စ်အသင်းအနေဖြင့် လာမည့် တနင်္ဂနွေနေ့ ကစားမည့်ပွဲစဉ်တွင် နာပိုလီအသင်းကို အနိုင်ရရှိခဲ့မည်ဆိုပါက ၎င်းတို့နှစ်သင်းကြား အမှတ်ကွာဟမှုမှာ (၁၆) မှတ်အထိ ရှိလာမည်ဖြစ်သည်။

ချီလီနီက နာပိုလီအသင်းနှင့် အဝေးကွင်းတွင် ကစားရမည့်ပွဲစဉ်မှာ ခက်ခဲမည်ဖြစ်သော်လည်း အနိုင်ရရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု ဆိုခဲ့သည်။

ချီလီနီက "နာပိုလီနဲ့ပွဲစဉ်က ပွဲကောင်းတစ်ပွဲဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နာပိုလီအသင်းက ကျွန်တော်တို့ကို ဒုက္ခပေးခဲ့ပါတယ်။ နာပိုလီအသင်းရဲ့ အိမ်ကွင်း ဆမ်ပါအိုလီမှာ ကျွန်တော်တို့ (၂) ကြိမ်ပဲ အနိုင်ရခဲ့ဖူးပါတယ်။ ပြီးတော့ သူတိုရဲ့ နည်းပြ အန်ဆယ်လော့တီက အသင်းကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။ ဒါကြောင့် နာပိုလီနဲ့ ကစားမယ့်ပွဲက ကျွန်တော်တို့အတွက် ခက်ခဲမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကြိုးစားပြီး ရလဒ်ကောင်းတွေ ရယူသွားမှာပါ။ ဒီပွဲမှာသာ နိုင်ခဲ့ရင် စီးရီးအေချန်ပီယံဆုကို ကျွန်တော်တို့ ရဖို့ သေချာသလောက်ဖြစ်မှာပါ"ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေချန်ပီယံဆုကို (၇) နှစ်ဆက်ရယူထားပြီး ယခုရာသီတွင် ဒုတိယနေရာမှ နာပိုလီအသင်းကို (၁၃)မှတ်အထိ ဖြတ်ထားရာ ချန်ပီယံဆုကို (၈) နှစ်ရရှိရန် အခြေအနေကောင်းနေသည်။

Most Read

Most Recent