Iberian ဒါဘီမှာ စီရော်နယ်လ်ဒိုရဲ့ ဟက်ထရစ်ကြောင့် စပိန်ဆီက အမှတ်ခွဲယူနိုင်ခဲ့တဲ့ ပေါ်တူဂီ

Iberian ဒါဘီမှာ စီရော်နယ်လ်ဒိုရဲ့ ဟက်ထရစ်ကြောင့် စပိန်ဆီက အမှတ်ခွဲယူနိုင်ခဲ့တဲ့ ပေါ်တူဂီ
Published 16 June 2018

■ ပေါ်တူဂီ ၃-၃ စပိန်

Photo: AFP

Iberian ဒါဘီပွဲစဉ်ဖြစ်တဲ့ ပေါ်တူဂီနဲ့ စပိန်တို့အားရဲ့အားပြိုင်မှုကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ နှစ်သင်းစလုံး အဓိကကစားသမားတွေနဲ့ပွဲထုတ်ခဲ့ကြပြီး ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုနဲ့ စပိန်တိုက်စစ်မှူး
ဒီယေဂိုကော်စတာတို့ရဲ့ အားပြိုင်မှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
နည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ ပေါ်တူဂီအသင်းကို (၄-၄-၂) ပုံစံနဲ့ပွဲထွက်ခဲ့ပြီး ပတ်ထရီစီယို၊ စီဒရစ်၊ ပီပီ၊ ဖွန်တေ၊ ဂယ်ဟေရို၊
ဘရူနိုဖာနန်ဒက်စ်၊ မော်တင်ဟို၊ ဝီလီယံကာဗယ်လ်ဟို၊ ဘာနာဒိုဆေးလ်ဗား တို့နဲ့အတူ တိုက်စစ်မှာတော့ ဂယ်ဒက်စ်နဲ့
စီရော်နယ်လ်ဒိုတို့ကို တွဲဖက်အသုံးပြုခဲ့ပါတယ်။
စပိန်အသင်းကတော့ (၄-၂-၃-၁)ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး ဒီဟေးယား၊ နာချို၊ ရာမို့စ်၊ ပီကေး၊ အယ်လ်ဘာ၊ ဘူးစကွက်စ်၊ ကိုကေ၊
အင်နီယေစတာ၊ အစ္စကို၊ ဒေးဗစ်ဆေးလ်ဗားတို့နဲ့အတူ အထောင်တိုက်စစ်မှူးအဖြစ် ဒီယေဂိုကော်စတာကို အသုံးပြုခဲ့ပါတယ်။
ပေါ်တူူဂီအသင်းဟာ ပွဲအစ (၄)မိနစ်မှာပဲ အဖွင့်ဂိုးစတင်ရရှိခဲ့ပါတယ်။ ဒီဂိုးကတော့ စီရော်နယ်လ်ဒိုကို နာချိုက ပြစ်ဒဏ်ကျူးလွန်ခဲ့လို့
ပယ်နယ်တီရရှိခဲ့ပြီး စီရော်နယ်လ်ဒိုက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့ပါတယ်။

Photo: AFP

အဖွင့်ဂိုးပေးလိုက်ရတဲ့ စပိန်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တိုက်စစ်ဆင်ကစားလာခဲ့ပြီး ပွဲချိန် (၂၄)မိနစ်မှာ
ဒီယေဂိုကော်စတာက တစ်ဦးချင်းစွမ်းရည်နဲ့ နောက်ခံလူတွေကြားက ကန်သွင်းယူသွားခဲ့ပါတယ်။
ဆက်တိုက်ဆိုသလို၊ ပွဲချိန် (၂၅)မိနစ်မှာ တိုက်စစ်ကစားသမား အစ္စကိုရဲ့ ဂိုးဧရိယာအပြင်ဘက်က ကန်ချက် ဘားတန်းထိထွက်ခဲ့လို့
စပိန်တို့ နစ်နာခဲ့ရပါတယ်။
ပွဲချိန် (၄၄)မိနစ်မှာတော့ စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပြီး ဒီဂိုးကတော့ ဂိုးသမား
ဒီဟေးယားရဲ့ ပေါ့ဆမှုကြောင့် စပိန်အသင်းပေးလိုက်ရတာပါ။
ဒုတိယပိုင်းမှာ စပိန်တို့ ပိုမိုတိုက်စစ်ဆင်ကစားလာခဲ့ပြီး ပွဲချိန် (၅၅)မိနစ်မှာ ဘူးစကွက်စ် ခေါင်းတိုက်ချပေးတဲ့ဘောလုံးကို ဒီယေဂိုကော်စတာက ပိတ်သွင်းပြီး အသင်းအတွက် ဒုတိယမြောက်ချေပဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။
ပွဲချိန် (၅၈)မိနစ်မှာ စပိန်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဒီဂိုးကိုတော့ နောက်ခံလူနာချိုက အဝေးကန်ချက်နဲ့ သွင်းယူသွားခဲ့ပါတယ်။
နောက်ပိုင်းမိနစ်တွေမှာ စပိန်အသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် (၈၈)မိနစ်မှာတော့ ပေါ်တူဂီအသင်း ပြစ်ဒဏ်ဘောရရှိခဲ့ပြီး အသင်းခေါင်းဆောင် စီရော်လ်နယ်ဒိုကပဲ လှလှပပ ကန်သွင်းခဲ့လို့ ချေပဂိုးရရှိခဲ့ပါတယ်။

Photo: AFP

ဒီဂိုးဟာ စီရော်လ်နယ်ဒိုအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းယူတဲ့ ပထမဆုံးဟက်ထရစ်ဂိုးဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် သူ့အတွက် (၆)ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စီရော်နယ်လ်ဒိုသွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ်ဂိုးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်(၅၁)ကြိမ်မြောက်ဟက်ထရစ်ဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Most Read

Most Recent