မန်စီးတီးနည်းပြ ဂွါဒီယိုလာက လက်ရှိအသင်းနဲ့ ဘယ်တော့လမ်းခွဲမလဲဆိုတာ မသိသေးကြောင်းနဲ့ မယုံနိုင်လောက်တဲ့ စွမ်းအင်တွေ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
စပိန်နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ၂၀၁၆ နွေရာသီမှာ စတင်လက်တွဲခဲ့တာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးမှာပါ။
ဒါပေမဲ့ လာမယ့်နွေရာသီမှာပဲ မန်စီးတီးအသင်းနဲ့ လမ်းခွဲဖွယ်ရှိနေပြီး ချယ်လ်ဆီးနည်းပြဟောင်း မာရက်စကာက သူ့နေရာကို အစားဝင်ဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။
ဒါပေမဲ့ ဂွါဒီယိုလာက မယုံနိုင်လောက်တဲ့ စွမ်းအင်တွေ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့တာကြောင့် စာချုပ်သက်တမ်းပြည့်တဲ့အထိ မန်စီးတီးမှာ ဆက်ရှိနိုင်ကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
''ကျွန်တော့်မှာ မယုံနိုင်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ရှိမနေခဲ့ဘူးဆိုရင် ဆုဖလားတွေ ရရှိနေရင်တောင် ကျွန်တော် (၁၀)နှစ်ကြာအောင် ရှိိနေမှာမဟုတ်ပါဘူး။ ကျွန်တော် ပျော်ရွှင်လား၊ မပျော်ရွှင်ဘူးလားဆိုတာ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ မယုံနိုင်လောက်တဲ့ စွမ်းအင်တွေ ရှိနေတုန်းပါပဲ။ အားလပ်ရက်ကနေ အလုပ်လုပ်ဖို့ ပြန်လာချိန်မှာ အရမ်းကောင်းမွန်တဲ့ ခံစားချက်လည်း ရရှိနေပါတယ်'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီကလောက် ဖိအားမရှိကြောင်းနဲ့ ဖလားသုံးလုံးအောင်ပွဲအတွက် တည်တည်ငြိမ်ငြိမ်နဲ့ တိုက်ပွဲဝင်နိုင်စွမ်းရှိနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။















