■စုံ/မ စနစ်နဲ့ ပတ်သက်ပြီးလာမယ့် အစိုးရသစ် ပြည်သူ့အသံကို နားထောင်ပါ၊ ပြည်သူ့ဒုက္ခကို ကိုယ်ချင်းစာပါ။

■စုံ/မ စနစ်နဲ့ ပတ်သက်ပြီးလာမယ့် အစိုးရသစ် ပြည်သူ့အသံကို နားထောင်ပါ၊ ပြည်သူ့ဒုက္ခကို ကိုယ်ချင်းစာပါ။
Published 23 March 2026

စုံ/မ စနစ်ကြောင့် EV ကားရောင်းအား သုံးဆကျော်တက်၊ ရာခိုင်နှုန်း ၅၀ မှ ၁၀၀ အထိ စျေးတက်ရောင်း ချနေပြီး EV တင်သွင်းမှုများပြား၍ တည်ငြိမ်နေသော ဒေါ်လာစျေး ကျပ် ၄၀၀၀ မှ ၄၄၅၀ သို့ မြင့်တက်

EV  စျေး မတန်တဆစျေးမြင့်မှုနှင့် စုံ/မ စနစ် မဖြေရှင်းနိုင်လျှင် သင်္ကြန်အကျော်၌ ယခင်စံချိန်တင် ဒေါ်လာစျေး ၇၀၀၀ ကျော်အထိ ဖြစ်နိုင်

စုံ/မ စနစ်ကို ခုနစ်ရက်အစား လျှော့ချ၍ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်သာ သတ်မှတ်ခြင်းနှင့် စက်သုံးဆီချွေတာနိုင်သည့်အခြားသောနည်းလမ်းများကို ကျင့်သုံးသင့်

Written by- ကျော်ဇောလင်း၊ ဇော်မင်းနိုင်

“ကျွန်တော်ရောင်းလိုက်တဲ့ Leap EV ကားကို နေ့တောင်မဆိုင်းဘူး။ အမြတ် သိန်း ၂၀၀ လောက်တင်ရောင်းတယ်။ တစ်ရက်မကြာဘူး။ အရောင်းအဝယ်ဖြစ်သွားတယ်ဗျာ” လို့ မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပါ တယ်။

စက်သုံးဆီအခက်အခဲကြောင့် ကန့်သတ်မှုများမရှိမီက အဆိုပါယာဉ်ပိုင်ရှင်မှာ Leap အမှတ်တံဆိပ် To3 အမျိုးအစား EV ယာဉ်ကို ကျပ်သိန်း ၈၀၀ နီးပါးခန့်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီကန့်သတ်ပြီးတဲ့ နောက်ပိုင်းမှာ ပြန်လည်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

သူ ဝယ်ယူစဉ်က ကျပ်သိန်း ၈၀၀ ခန့်သာ ပေးခဲ့ရပေမယ့် သူပြန်ရောင်းတဲ့အချိန် မှာ ကျပ်သိန်း ၁၁၀၀ နဲ့ ပြန်လည်ဝယ်ယူခဲ့သူ ရှိခဲ့ပါတယ်။

သူ့ဆီက ပြန်ဝယ်ပြီး နေ့မကူးမီမှာပဲ အမြတ်ကျပ်သိန်း ၂၀၀ ခန့်တင်ပြီးရောင်းချခဲ့တာကို လူမှုကွန်ရက် စာမျက်နှာမှာ တွေ့ခဲ့ရပါတယ်။ တစ်ရက်အကြာမှာတော့ အဲ့ဒီ EV ကားက အရောင်းအဝယ်တည့်သွားတယ်လို့ သိရပါတယ်။

စက်သုံးဆီအခက်အခဲ မဖြစ်မီကာလက EV Showroom တွေမှာ အရောင်းအဝယ် သိပ်မဖြစ်လို့ ဖုန်သုတ်နေ ရတဲ့ EV ကားတွေက အခုချိန်မှာ Showroom တွေမှာ လက်ကျန်မရှိသလောက်ဖြစ်အောင် ရောင်းချခဲ့ရ တယ်လို့ EV စျေးကွက်အတွင်းက သိရပါတယ်။

စျေးတွေခုန်တက်တဲ့ EV ကားနဲ့ နစ်နာခဲ့တဲ့ ငွေကြေးတွေ ဘယ်လောက်ရှိသလဲ

စက်သုံးဆီ အခက်အခဲမဖြစ်မီကာလတုန်းက Leap To3 အမျိုးအစား EV ကားဟာ ကျပ်သိန်း ၈၀၀ ခန့်သာရှိခဲ့ပေမယ့် အခု အဲ့ဒီကားရဲ့ ပေါက်စျေးက ကျပ်သိန်းတစ်ထောင်ကျော်မှာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ကျပ်သိန်းတစ်ထောင်ကျော်ပေးရတဲ့ Leap To3 အမျိုးအစား EV ကားဟာ တရုတ်နိုင်ငံမှာတော့ ၂၀၂၅ ခုနှစ် နဲ့ ၂၀၂၆ ထုတ်မော်ဒယ်တွေဆိုရင် ဒေါ်လာ ၈၂၀၀ ကနေ ဒေါ်လာ တစ်သောင်းကြားပဲရှိတယ်။ လက်ရှိ ဒေါ်လာပေါက်စျေးနဲ့တွက်မယ်ဆို ကျပ်သိန်း ၅၀၀ အောက်မှာပဲရှိတာပါ။

Leap Motor SUV Type ဖြစ်တဲ့ C 10 ဆိုရင် ဒေါ်လာ ၁၇၀၀၀ နဲ့ နှစ်သောင်းကြား၊ C 11 ဆိုရင် ဒေါ်လာ နှစ်သောင်းကနေ ဒေါ်လာ ၂၃၀၀၀ ကြားမှာပဲရှိပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ ကားအရွယ်အစားလည်း သိပ်မကြီး၊ သွားလာရလွယ်ကူတဲ့ Leap To3 အမျိုးအစား EV ကားကတော့ လူကြိုက်များပါတယ်။

ဒါ့အပြင် အခြား EV အမျိုးအစားတွေဖြစ်တဲ့ Atto 3 ဆိုရင် မူလကကျပ်သိန်း ၁၃၀၀ ကျော်သာရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ်သိန်း ၂၅၀၀ အထက်၊ BZ4 X ဆိုရင်မူလက ကျပ်သိန်း ၁၅၀၀ သာရှိပေမယ့် လက်ရှိ မှာတော့ ကျပ်သိန်း ၃၀၀၀ နီးပါး၊ BZ3 X ဆိုရင် မူလက ကျပ်သိန်း ၁၃၀၀ လောက်ပဲရှိပေမယ့် လက်ရှိမှာတော့ ကျပ်သိန်း ၂၅၀၀ အထက်၊ Ariya ဆိုရင် မူလကကျပ်သိန်း ၁၆၀၀ သာရှိပေမယ့် လက်ရှိမှာဆို ကျပ်သိန်း ၂၇၀၀ ကျော်မှာရှိနေပါတယ်။

အခုဖော်ပြထားတဲ့ EV ကားစျေးနှုန်း တွေက Showroom မှာရောင်းချနေတဲ့ စျေးနှုန်းတွေမဟုတ်ဘဲ စျေးကွက်အတွင်းမှာ ရောင်းချနေတဲ့ တပတ်ရစ် EV ကားစျေးနှုန်းတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် SKD  ကားတွေဖြစ်တဲ့ KIA လိုကားမျိုးတွေကလည်း စျေးတွေမြင့်တက်နေပါတယ်။

အရင်တုန်းက မော်တော်ယာဉ်အရောင်းအဝယ်စျေးကွက်မှာ EV ဆိုလှည့်မကြည့်တဲ့ ဝယ်ရောင်းသမားတွေ လည်း EV စျေးကွက်မှာ ဝင်ကစားနေကြပါပြီ။

EV ကားစျေးနှုန်းတွေက အဟောင်းစျေးကွက်မှာ ပျမ်းမျှအားဖြင့် ကျပ်သိန်းတစ်ထောင်ကျော်အထိကို ခုန်တက်ခဲ့ပြီးတော့ တချို့ကားတွေဆိုရင် နှစ်ဆနီးပါးအထိ မြင့်တက်သွားခဲ့တာပါ။

ဒါ့အပြင် EV Showroom တွေမှာဆိုရင်လည်း အခုနှစ်ကုန်ပိုင်းအထိ ပရီအော်ဒါ ပြည့်နေတယ်လို့လည်း သိရပါတယ်။

“ပြီးခဲ့တဲ့ရက်ကမှ Leap လေးမှာချင်လို့ စုံစမ်းလိုက်တာ အရင်ကတော့ ဇွန်၊ ဇူလိုင်လောက်အထိ တင်လို့ရတယ်။ အခုနှစ်ကုန်ပိုင်းအထိ မရတော့ဘူး”လို့  EV မော်တော်ယာဉ်ဝယ်ယူရန် စုံစမ်းခဲ့သူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ EV မော်တော်ယာဉ်စျေးကွက်မှာ EV မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုတဲ့ အချိန်ကစပြီး ပထမဆုံးတင်သွင်း ခွင့်ရရှိတဲ့ ကုမ္ပဏီကိုးခုရှိပြီး လက်ရှိမှာတော့ EV ကုမ္ပဏီပေါင်း ၈၀ နီးပါးခန့် ရှိပါတယ်။ အဲ့ဒီထဲမှာ အမှန်တကယ်တင်သွင်းတဲ့ ကုမ္ပဏီက တစ်ဝက်နီးပါးခန့်သာရှိပြီးတော့ တင်သွင်းခွင့်ရတဲ့ ကုမ္ပဏီတွေက တစ်နှစ်ကို အစီးရေ ၅၀၀ တင်သွင်းခွင့် ရပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ လူစီး EV ကားအစီးရေ တစ်သောင်းနှစ်ထောင်ကျော်ရှိပြီးတော့ အခုပုံစံအရဆိုရင် မှတ်ပုံတင် EV ကားအရေအတွက်က နှစ်ကုန်ပိုင်းမှာဆို နှစ်သောင်းနီးပါးလောက်အထိ ရှိလာနိုင်ပါတယ်။

အခု စျေးကွက်ထဲမှာ အစီးရေတစ်သောင်းလောက် လှည့်လည်ရောင်းဝယ်နေကြတာပါ။ လတ်တလောမှာ အရောင်းအဝယ်ဖြစ်သွားတဲ့ Leap To3 အမျိုးအစား EV ကားဟာဆိုရင် မူလ Showroom မှာတုန်းက ကျပ်သိန်း ၇၇၀ သာရှိပါတယ်။ ဒါတောင်မှ အရစ်ကျစနစ်နဲ့ဆို ကနဦးပေးသွင်းငွေ ၂၀ ရာခိုင်နှုန်းနဲ့ ဝယ်ယူလို့ ရပါတယ်။

ဒါပေမဲ့ စက်သုံးဆီ စုံ/မ စနစ်အပြီးမှာတော့ ကျပ်သိန်း ၁၃၀၀ ကျော်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

အဲ့ဒီလိုပဲ တခြား EV ကားအမျိုးအစားတွေဆိုရင် ကျပ်သိန်းတစ်ထောင်ကနေ ကျပ်သိန်း ၁၅၀၀ ကျော်အထိ မြင့်တက်ခဲ့တာပါ။

ပျမ်းမျှအနေနဲ့ဆိုရင် တစ်စီးကို ကျပ်သိန်း တစ်ထောင်လောက် မြင့်တက်သွားမယ်ဆိုရင် ကျပ်ဘီလျံတစ်ထောင် အထိရှိပါတယ်။ ဒေါ်လာနဲ့ တွက်မယ်ဆိုရင် ဒေါ်လာ သန်း ၂၅၀ အထိရှိပါတယ်။ ဥပမာအနေနဲ့ TO3 တစ်စီး ဆိုရင် တရုတ်နိုင်ငံမှာ ဒေါ်လာ ရှစ်ထောင်ကျော်ပဲရှိပေမယ့် မြန်မာနိုင်ငံမှာတော့ End User မှာ ကျပ်သိန်း တစ်ထောင့်သုံးရာနဲ့ အရောင်းအဝယ်ဖြစ်သွားတယ်။

စုံ/မ ပြသာနာနောက်ပိုင်းမှာ EV အရောင်းအဝယ်တွေက ကားအစီးရေ တစ်သောင်းနဲ့ တစ်သောင်းခွဲအကြား ရှိမယ်ဆိုရင် ခန့်မှန်းတွက်ချက်မှုတွေအရ EV ရောင်းဝယ်မှုတွေကနေ ကားလိုအပ်တဲ့ လူလတ်တန်းစားတွေက ဒေါ်လာသန်း ၂၅၀ နဲ့ ၅၀၀ ကြား ကုန်ကျသွားမယ့် သဘောဖြစ်နေပါတယ်။

“စုံ/ မ စနစ်ကြောင့် EV ကားအရောင်းအဝယ်ဖြစ်မှုက သုံးဆကျော်မြင့်တက်သွားတယ်ဆိုတာကို စျေးကွက်အတွင်း စုံစမ်းသိရှိရတယ်။ EV ကားစျေးနှုန်းက ၁၀၀ ရာခိုင်နှုန်း စျေးတက်သွားတယ်။ Preorder အပါအဝင် EV ကား တစ်သောင်းနဲ့ တစ်သောင်းခွဲလောက် အရောင်းအဝယ်ဖြစ်သွားတယ်။ Market Value အရဆိုရင် သူတို့ရရှိသွားတဲ့ငွေက ဒေါ်လာသန်း ၂၅၀ နဲ့ ၅၀၀ ကြားလောက်ဖြစ်နေတယ်။ ကားတင်သွင်းမှု အတွက် ငွေက အနည်းဆုံး ကျပ်သန်း ၄၀၀၀ ဖိုးလောက် ကြို တင်မှာလို့ရတယ်။ အဲဒီအတွက် ဒေါ်လာစျေး က တက်သွားတယ်။ စုံ/မ စနစ်ကို ဆက်ပြီးထားမယ်ဆိုရင် ဒေါ်လာစျေးက သင်္ကြန်မတိုင်ခင်မှာ ၅၀၀၀ လောက်ဖြစ်သွားလိမ့်မယ်။ စုံ/မ စနစ်ကို ဆက်ထားမယ်ဆိုရင် သင်္ကြန်ပြီးရင် ၆၀၀၀၊ ၇၀၀၀ လောက်အထိ စျေးတက်သွားမယ်။ ဒါက ဆီပြဿနာကြုံနေချိန်မှာ ဆီပြဿနာ ဆက်ထားရင် ဒေါ်လာစျေးတက်သွားတယ်။ ပြည်သူပိုကျပ်တည်းမယ်။အကျပ်အတည်းဖြစ်နေတဲ့ ပြည်သူလူထုကို ပိုကျပ်တည်းစေလိမ့်မယ်။ တရုတ်နိုင်ငံမှာဆိုရင် သိန်း ၄၀၀ လောက်ပဲ ကျသင့်မယ့် ဒီလိုကားသေးသေးတစ်စီးတောင်မှ မြန်မာနိုင်ငံမှာ စျေးကွက်ပေါက်စျေး ၁၃၀၀ လောက်ပေါက် စျေးရှိတယ်။ အဲဒါမလို့ EV တင်သွင်းခွင့်ရတဲ့ လူတွေ ဘယ်လောက်မြတ်မလဲ တွေးကြည့်လို့ရတယ်။ ဒေါ်လာစျေးတက်ပြီဆိုရင် ကားဝယ်စီးတဲ့ လူတွေတင်မဟုတ်ဘဲ အောက်ခြေလူထုအထိ ထိခိုက်တယ်။ အကျပ်အတည်းဖြစ်နေတဲ့ ပြည်သူလူထုကို ပိုကျပ်တည်းစေလိမ့်မယ်။ စုံ/မ စနစ်ကို ဆက်ကျင့်သုံးပြီး EV ကားတွေက တင်သွင်းခွင့်ပြုနေမယ်ဆိုရင် ဒေါ်လာစျေးက ၅၀၀၀ ကျော်သွားနိုင်တယ်။ ၇၀၀၀/၈၀၀၀ အထိ တက်သွားနိုင်တာကို သတိပြုသင့်တယ်”လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပါတယ်။

ထို့အတူပဲ EV ကားတွေကို ပြည်ပကနေ မှာယူတင်သွင်းကြတဲ့အတွက်ကြောင့် ဒေါ်လာစျေးတွေကလည်း ခုန်တက်သွားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းအရေးကြောင့် ရေနံစျေးနှုန်းသာ မြင့်တက်နေပေမယ့် ကမ္ဘာ့ဒေါ်လာစျေးနှုန်းကတော့ အကျဘက်ကိုလည်း ဦးတည်နေတဲ့အပြင် စျေးလည်းငြိမ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာတော့ ဒေါ်လာစျေးက EV ဂယက်အပါအဝင်စတဲ့ အခြေအနေတွေကြောင့် တစ်ဒေါ်လာကို ကျပ်လေးထောင် ပတ်ချာလည်သာ ရှိခဲ့ပေမယ့် မတ် ၂၃ ရက် မွန်းလွဲပိုင်းမှာတော့ တစ်ဒေါ်လာကို ကျပ် ၄၄၅၀ ကျော်အထိ ရောက်နေတယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။

EV ကားအဟောင်းရော ကားအသစ်ရော တွက်မယ်ဆိုရင် ဒေါ်လာသန်း ၂၅၀ နဲ့ ဒေါ်လာသန်း ၅၀၀ အကြားမှာ ရှိပါတယ်။

EV ကားမှာယူမှုတွေကလည်း များလာတဲ့အတွက်ကြောင့် ပြည်တွင်းမှာ ဒေါ်လာစျေးတက်လာရင် အထိနာမှာ ကတော့ အခြေခံလူတန်းစားတွေပဲ ဖြစ်ပါတယ်။

လက်ရှိမှာ တစ်ဒေါ်လာကို ကျပ် ၄၄၅၀ ခန့် ဖြစ်နေတဲ့အတွက်ကြောင့် သင်္ကြန်မတိုင်ခင်မှာ ဒေါ်လာလဲနှုန်းက ကျပ် ၅ဝဝဝနဲ့ ၆၀၀၀ အကြားရောက်ရှိလာမယ်ဆိုရင် ပြည်သူတွေ ပိုကြပ်တည်းလာနိုင်ပါတယ်။

“ဒီပုံစံအတိုင်း ဆက်သွားရင် ဒေါ်လာစျေးက သင်္ကြန်မတိုင်ခင်မှာ ၅၀၀၀ လောက် ဖြစ်သွားနိုင်တယ်။ သင်္ကြန်ပြီးရင် ဒီအတိုင်းပဲ ဆက်သွားမယ်ဆို ၆၀၀၀၊ ၇၀၀၀ လောက်အထိ ဖြစ်သွားနိုင်တယ်။ ဒါက ဆီ ပြဿနာကြုံနေချိန်မှာ။ ဆီပြဿနာဆက်သွားရင် ဒေါ်လာစျေးတက်သွားတယ်။ ပြည်သူ ပိုကျပ်တည်းမယ်။ အကျပ်အတည်းဖြစ်နေတဲ့ ပြည်သူလူထုကို ပိုကျပ်တည်းစေလိမ့်မယ်။ စုံ/မ စနစ်ကို ဆက်ကျင့်သုံးပြီး EV ကားတွေက တင်သွင်းခွင့်ပြုနေမယ်ဆိုရင် ဒေါ်လာစျေးက ၅၀၀၀ ကျော်သွားနိုင်တယ်။ ၇၀၀၀ /၈၀၀၀ အထိ တက်သွားနိုင်တာကို သတိပြုသင့်တယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။

ရက်လျှော့သင့်တဲ့ စုံ/မ စနစ်နဲ့ တင်သွင်းခွင့်ပိုပေးသင့်တဲ့ ဘက်ထရီစက်ဘီး၊ ဆိုင်ကယ်

လက်ရှိမှာတော့ စက်သုံးဆီချွေတာရေးနဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ရာမှာတော့ ဆီဆိုင်တွေမှာ စုံ/မ စနစ်နဲ့ ဆီဝယ်ယူခွင့်အပြင် စုံ/မစနစ်နဲ့ သွားလာခွင့်လည်း ပါဝင်ပါတယ်။

လူအများစုဝေဖန်နေကြတဲ့ စုံ/မ စနစ်ကိုတော့ ဖျက်သိမ်းပယ်ဖျက်ခြင်း မပြုနိုင်သေးတဲ့ကာလအတွင်းမှာ တစ်ပတ်လုံးလုံး သတ်မှတ်မယ့်အစား စနေ၊ တနင်္ဂနွေလိုရက်မျိုးမှာပဲ စုံ/မ သတ်မှတ်သင့်တယ်လို့ မှတ်ချက်ပြုမှု တွေလည်း ရှိနေပါတယ်။

“တပတ်လုံး သတ်မှတ်ထားတာထက်စာရင် စနေ၊ တနင်္ဂနွေ နှစ်ရက်ကို သတ်မှတ်ပေးသင့်တယ်လို့ မြင်တယ်။ ကျန်တဲ့ တနင်္လာကနေ သောကြာအထိတော့ ဆီဝယ်ရက်ကိုပဲ စုံ/မ သတ်မှတ်ပြီး အပြင်ထွက်ရတာကိုတော့ ငါးရက်သတ်မှတ်ပေးလိုက်ရင် အဆင်ပြေနိုင်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သွားတာ၊ ကျောင်းသွားကြတာ အများစုက တပတ်လုံးတော့ရှိနေတယ်။ ကျန်တဲ့ရက်ကတော့ ဆီကုန်မှာစိုးလို့ရယ် ဆီစျေးကလည်း တက်လာတော့ တော်တော်များများ မသွားကြတော့ဘူး။ ကျန်တဲ့ရက်မှာလည်း လို အပ်တဲ့ရက်လောက်ပဲ အပြင်ထွက်ကြတော့တာ။ အခုဆိုလမ်းတွေမှာ ကားရှင်းနေတာ သိသာတယ်လေ”လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီအပြင် ဘက်ထရီစက်ဘီး၊ ဘက်ထရီဆိုင်ကယ်ကဲ့သို့ အရာတွေကိုလည်း ပိုမိုတင်သွင်းခွင့်ပြုသင့်တယ်လို့ ပြည်သူအချို့က ပြောပါတယ်။

ရန်ကုန်မြို့မှာဆိုရင် ဆင်ခြေဖုံးမြို့နယ်အတော်များများမှာ ဘေးတွဲဆိုင်ကယ် အသုံးပြုမှုတွေကလည်း များပြားနေတဲ့အချိန်ဖြစ်ပြီးတော့ ဘေးတွဲဆိုင်ကယ်တွေရဲ့ စက်သုံးဆီသုံးစွဲမှုကလည်း များပြားတယ်လို့ ဆိုရမှာပါ။

“အခုက ဘေးတွဲဆိုင်ကယ်တွေကလည်း အများကြီးပဲ။ ဆီမရတော့ ဆီမှောင်ခိုဝယ်ရတော့ အရင်တုန်းက တစ်ထောင်နဲ့သွားလို့ရတဲ့ခရီးက အခုနှစ်ထောင်ဖြစ်သွားတယ်။ အရင်က သုံးထောင်ပဲပေးရတဲ့ခရီးက အခု ငါးထောင်ဖြစ်နေပြီ။ စျေးတွေက နှစ်ဆလောက်အထိ တက်သွားတာ” လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

အဲ့ဒါကြောင့် EV မော်တော်ယာဉ်ကို ဝယ်မစီးနိုင်တဲ့ အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားတွေအတွက် ဘက်ထရီဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီးလိုဟာမျိုးတွေကို တရားဝင်အသုံးပြုနိုင်ဖို့ စီစဉ်ဆောင်ရွက် သင့်ပါတယ်။

လျှပ်စစ်စက်ဘီးနဲ့ လျှပ်စစ်မော်တော် ဆိုင်ကယ်တွေကို အခွန်ကောက်ခံပြီးတော့ စီးနင်းခွင့်ကိုလည်း တရားဝင်သတ်မှတ်လိုက်မယ်ဆိုရင် အခြေခံလူတန်းစားတွေအတွက်  တော်တော်အဆင်ပြေသွားနိုင်ပါတယ်။

“အခုက ဘက်ထရီတစ်လုံးကို တစ်သိန်းခုနစ်သောင်းလောက် ဖြစ်နေတယ်။ ဒါတောင် အသစ်ရဖို့ မနည်းရှာရတယ်။ ပစ္စည်းတွေက သွင်းလို့မရတာများတော့ စျေးတက်တာလို့ ပြောတာပဲ။ အမှန်က အခုလိုကာလမှာ ဘက်ထရီစက်ဘီးတွေ၊ ဘက်ထရီဆိုင်ကယ်တွေ ပေါပေါများများ တင်သွင်းခွင့်ပြုသင့်တယ်။ ပစ္စည်းအဝင်များလာရင် စျေးကျသွားမယ်။ အခုအိမ်တွေမှာ ဘက်ထရီဖိုး မတတ်နိုင်လို့ ချောင်ထိုးထားရတဲ့ စက်ဘီးတွေ ရှိကြတယ်။ အရင်ကလို စျေးမျိုးပြန်ဖြစ်သွားရင် လူတိုင်းက ဘက်ထရီဘီးတွေ ပြန်စီးကြမှာပဲ”လို့ ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပါတယ်။

စက်သုံးဆီချွေတာရေးအတွက် စုံ/မ စနစ်နဲ့ မော်တော်ယာဉ်အသုံးပြုခွင့်မှာ စက်သုံးဆီ ဘယ်လောက်အထိ ချွေတာနိုင်တယ်ဆိုတာကို အတိအကျမသိရသေးပေမယ့်  လတ်တလောမှာတော့ EV မော်တော်ယာဉ် စျေးတွေကတော့ ထိုးတက်သွားတာ မျက်မြင်ပဲဖြစ်ပါတယ်။

“အခုအချိန်မှာ ဆီချွေတာတယ်ဆိုပေမဲ့ ဆီဘယ်လောက် ချွေတာနိုင်လဲ မပြောနိုင်ပေမဲ့ ကားစျေး တက်သွားတယ်။ ဆင်းရဲမွဲတေနေတဲ့ လူလတ်တန်းစားတွေ ဒုက္ခရောက်ကုန်တယ်” လို့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိအစိုးရအနေနဲ့ စက်သုံးဆီချွေတာရေးအတွက် အစိုးရဝန်ထမ်းတွေကို ဗုဒ္ဓဟူးနေ့တိုင်း ရုံးတက်စရာ မလိုဘဲ အိမ်ကနေ အလုပ်လုပ်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

အဲ့ဒီဟာကိုလည်း တပတ်နှစ်ရက်အဖြစ် ထပ်တိုးသတ်မှတ်ပြီးတော့ ပုဂ္ဂလိကလုပ်ငန်းတွေဆိုရင်လည်း မဖြစ်မနေရုံးတက်လုပ်ရမယ့် သူတွေကလွဲရင် ကျန်တဲ့ဝန်ထမ်းတွေကို နေအိမ်ကနေ အလုပ်လုပ်ကြဖို့ ဆော်သြလုပ်ဆောင်သင့်ပါတယ်။

ကိုဗစ်ကာလတုန်းကလည်း အခုလိုမျိုး Work From Home လုပ်ကိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေရှိခဲ့တဲ့ အတွက်ကြောင့် ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့လည်း စက်သုံးဆီချွေတာရေးအတွက် ဆောင်ရွက်ပေးကြဖို့ လိုပါ တယ်။

လာမယ့်လွှတ်တော်နဲ့ အစိုးရသစ်ထဲမှာ စက်သုံးဆီချွေတာရေး နမူနာလုပ်ပြဖို့ လိုအပ်ပြီ

၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအရ လက်ရှိမှာလည်း လွှတ်တော်တွေကို စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ အခုချိန်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ အစရှိတာတွေကိုလည်း ရွေးချယ်ပြီးစီးသွားပြီ ဖြစ်ပြီးတော့ လာမယ့် မတ် ၃၀ ရက်မှာဆိုရင် သမ္မတကိုလည်း ရွေးချယ်တော့မှာ ဖြစ်ပါတယ်။

ပြည်သူ့အသံ ပြည်သူ့စကားကိုနားထောင်မယ့် လွှတ်တော်တွေအနေနဲ့ကတော့ ပထမဆုံးဆွေးနွေး လုပ်ကိုင်သင့်တဲ့ အရာကတော့ စက်သုံးဆီနဲ့ပတ်သက်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ အများပြည်သူကို ထိခိုက်နေတဲ့ စုံ/မ စနစ်ကြောင့် ထိခိုက်နေတဲ့ အခြေအနေတွေကို လွှတ်တော်မှာ မေးခွန်းမေးတာတွေ၊ အစိုးရအဖွဲ့ကို ထောက်ပြတာတွေ လုပ်ဆောင်ရတော့မှာပဲဖြစ်ပါတယ်။

ဒါ့အပြင် တက်လာမယ့်အစိုးရအဖွဲ့အနေနဲ့ကလည်း စက်သုံးဆီချွေတာရေးနဲ့ ပတ်သက်ပြီးတော့ စံနမူနာအဖြစ် လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ- အစိုးရအဖွဲ့တွေအနေနဲ့ ရုံးတက်ရုံးဆင်းချိန်တွေမှာ စက်ဘီးစီးတာတွေ၊ ဘက်ထရီစက်ဘီးစီးတာတွေ လုပ်ဆောင်ပြဖို့လည်း လိုအပ်သလို အစိုးရအဖွဲ့ဝင်တွေကို ပေးအပ်နေတဲ့ စက်သုံးဆီ Quota ကိုလည်း  လျှော့ချတာတို့ လုပ်ဆောင်သင့်ပါတယ်။

၁၉၇၃ အာရပ်-အစ္စရေးစစ်ပွဲကြောင့် အာရပ်နိုင်ငံတွေက ရေနံတင်ပို့မှု ရပ်ဆိုင်းလိုက်တဲ့အခါ နယ်သာလန်ဟာ အဆိုးရွားဆုံး ထိခိုက်ခဲ့ပါတယ်။

အဲဒီအချိန်က နယ်သာလန်ဝန်ကြီးချုပ် Joop Den Uyl ဟာ တနင်္ဂနွေနေ့တိုင်း ကားမောင်းခွင့်ပိတ်ပင်တဲ့ စနစ်ကို ကျင့်သုံးခဲ့ပြီး သူကိုယ်တိုင်လည်း စက်ဘီးစီးပြီး ရုံးတက်ပြခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျင်မီကာတာဟာလည်း အမေရိကန်သမိုင်းမှာ စွမ်းအင်ချွေတာရေးကို အလေးအနက်ဆုံး လုပ်ဆောင်ခဲ့တဲ့ သမ္မတတစ်ဦးဖြစ်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ် နှောင်းပိုင်းကာလတွေမှာ စွမ်းအင်ချွေတာရေးကို အားပေးလှုံ့ဆော်တဲ့အနေနဲ့ အိမ်ဖြူတော်ဝင်းအတွင်းနဲ့ အနီးအနားတွေမှာ စက်ဘီးစီးပြလေ့ရှိပါတယ်။

ဒါ့အပြင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာလည်း စွမ်းအင်ချွေတာဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အားပေးလှုံ့ဆော်လေ့ရှိပါတယ်။

၂၀၁၇ ခုနှစ်က နယ်သာလန်ခရီးစဉ်တုန်းကလည်း နယ်သာလန်ဝန်ကြီးချုပ် ရူတေးက မိုဒီကို စက်ဘီးတစ်စီး လက်ဆောင်ပေးခဲ့ပြီး မိုဒီကလည်း အဲဒီစက်ဘီးကို ချက်ချင်းစီးပြခဲ့ပါတယ်။

“ဒေါ်လာစျေးတက်တာကို ရပ်တန့်နိုင်ဖို့ စုံ/မ စနစ်ကို အမြန်ဆုံး လျှော့ချသင့်တယ်။ ကားစျေးတက်သွားတဲ့ အတွက် ဒေါ်လာစျေးပါ တက်လာတယ်။ ကားရှိတဲ့ လူနှစ်သိန်းမှာ လူတစ်သိန်းက စုံ/မ စနစ်ကြောင့် ကားလို အပ်ချက် ရှိလာနိုင်တယ်။  အဲဒီတစ်သိန်းထဲက ပိုက်ဆံရှိတဲ့ လူငါးသောင်းလောက်က ကားဝယ်ရတော့မယ်။ မဖြစ်မနေ ကားဝယ်ယူမယ့် လူငါးသောင်းလောက်က သုံးရမယ့် ပိုက်ဆံက အနည်းဆုံး ဒေါ်လာ ၂ ဘီလျံ လောက်ရှိတယ်။ အဲဒီပမာဏကိုသာ ခြောက်လလောက်အတွင်း ဖြည့်ဆည်းရမယ်ဆိုရင် အကုန်လုံး ဒုက္ခရောက်ဖွယ်ရှိတယ်။ အရာရာခပ်သိမ်းကို စက်သုံးဆီတစ်ခုတည်းနဲ့ ကြည့်လို့မရဘူး။ တချို့ EV ကားကုမ္ပဏီတွေ အရမ်းမြတ်လို့ သူတို့ကို အရေးယူရမယ်လို့ ပြောတာတွေရှိတယ်။ အဲ့ဒီလို အရေးယူတာ ထက် စနစ်တစ်ခုကို ဖော်ဆောင်ပေးဖို့ လိုအပ်တယ်။ နောက်တက်လာမယ့် အစိုးရ၊ သမ္မတကြီးကတော့ အမျှော်အမြင်ရှိမယ်လို့ မျှော်လင့်ပါတယ်။ လွှတ်တော်အမတ်တွေအနေနဲ့လည်း ဒီကိစ္စကို ဦးစားပေး ဆွေးနွေးမယ်လို့ ယူဆတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။

အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် စက်သုံးဆီအခက်အခဲတွေကြောင့် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲအခြေအနေ တွေကိုလည်း အစိုးရအနေနဲ့ ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။

မော်တော်ယာဉ်မောင်းနှင်ခွင့်ကို စုံ/မ သတ်မှတ်ထားတဲ့အတွက် လူလတ်တန်းစားတွေမှာ မော်တော်ယာဉ် လိုအပ်ချက်တွေ ရှိလာတဲ့အတွက်ကြောင့် ဘယ်နေ့ဖြစ်ဖြစ်စီးလို့ရတဲ့ EV ကားကို အရေးတကြီးလိုအပ်ချက် အနေနဲ့ ဝယ်ယူနေရပါတယ်။ အရင်က ပြည်တွင်းမှာ တမဟုတ်ချင်း ဝယ်လက်မြင့်တက်လာတဲ့ EV ကားစျေးနှုန်းတွေကလည်း အရင်ကထက် အနည်းဆုံး ကျပ်သိန်းတစ်ထောင် ကျော်လောက်အထိကို မြင့်လာတာပါ။ ဒါ့အပြင် ပြည်တွင်းစျေးကွက်မှာ မလုံလောက်တဲ့အတွက်ကြောင့် ပြည်ပကနေ EV မော်တော် ယာဉ်တင်သွင်းရတဲ့အတွက်ကြောင့် ဒေါ်လာစျေးကလည်း တက်လာပါတယ်။ ဒေါ်လာစျေးက မြင့်တက် လာတာနဲ့အတူ အခြေခံလူတန်းစားကိုလည်း ထိခိုက်နစ်နာမှုတွေ ဖြစ်လာတာပါ။

အခုဆိုရင် လွှတ်တော်လည်းပေါ်လာပြီ ဖြစ်သလို အစိုးရအဖွဲ့ကလည်း တက်လာတော့မှာပါ။ ပြည်သူ့အသံကို နားထောင်တဲ့ လွှတ်တော်၊ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်အနေနဲ့ စုံ/မ ကိစ္စကို ဦးစားပေးဆွေး နွေးပြီးတော့ နောက်တက်လာမယ့် အစိုးရအဖွဲ့ကလည်း စုံ/မ စနစ်ကို အမြန်ဆုံးပြုပြင် သတ်မှတ်နိုင်မယ်လို့ ယူဆရပါတယ်။

 

Most Read

Most Recent