နိုင်ငံကူးလက်မှတ်နှင့် CI ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးခြင်းအား နှစ်နှစ်စီ နှစ်ကြိမ်ဖြင့် စုစုပေါင်းလေးနှစ် ခွင့်ပြုမည်

နိုင်ငံကူးလက်မှတ်နှင့် CI ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးခြင်းအား နှစ်နှစ်စီ နှစ်ကြိမ်ဖြင့် စုစုပေါင်းလေးနှစ် ခွင့်ပြုမည်
Published 7 November 2024

နိုင်ငံကူးလက်မှတ်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးခြင်းအား နှစ်နှစ်စီ နှစ်ကြိမ်ဖြင့် စုစုပေါင်းလေးနှစ် ခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

အဆိုပါသက်တမ်းတိုးခွင့်ပြုခြင်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ထိဆောင်ရွက်ပေးမည်ဖြစ်ကာ သက်တမ်းတိုးရာတွင် နိုင်ငံကူးလက်မှတ်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) သက်တမ်းအနည်းဆုံး နှစ်နှစ်ကျော် ကျန်ရှိနေရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိစ္စနှင့် ပတ်သက်၍ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးချစ်ဆွေ ဦးဆောင်သည့် တာဝန်ရှိသူ များနှင့် ထိုင်းနိုင်ငံ၊ အလုပ် အကိုင်ဦးစီးဌာန (DOE) မှ ညွှန်ကြားရေးမှူးချုပ် Mr. Somchai Morakotsriwan  ဦးဆောင်သည့် လူဝင်မှုကြီးကြပ်ရေးဗျူရို (Immigration Bureau) နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများသည် ၅-၁၁-၂၀၂၄ ရက်တွင် မြန်မာသံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပါရှိသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ၁၃-၂-၂၀၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ယာယီ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားသူများအား ဆက်လက် သက်တမ်းတိုးဆောင်ရွက်မည့်ကိစ္စကို ထည့်သွင်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ၎င်းတို့အား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်း (၂) နှစ်စီ (၂)ကြိမ်ဖြင့်၊ စုစုပေါင်း (၄)နှစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကဲ့သို့ ခွင့်ပြုရာတွင် အဆိုပါ ၁၃-၂-၂၀၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိထားသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) သက်တမ်းအနည်းဆုံး (၂) နှစ်ကျော် ကျန်ရှိနေရန်လိုအပ်သည်ဖြစ်ရာ နိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး (၂) နှစ်ကျော် မကျန်ရှိသူများအနေဖြင့် မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၌ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လာရောက်ဆောင်ရွက်နိုင် သိရသည်။

ယင်းအပြင် CI မှ နိုင်ငံကူး လက်မှတ်သို့ လဲလှယ်လျှောက်ထားလိုသူများအနေဖြင့် မဟာချိုင်ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် (TDCC) ၌ သွားရောက်ဆောင်ရွက်နိုင်ကြောင်း၊ CI စာအုပ်အဟောင်းမှ CI စာအုပ်အသစ်သို့ လဲလှယ်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းမှုများလည်း ပြုလုပ်ပြီးဖြစ်ပြီး မကြာမီတရားဝင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများရှိ မြန်မာအလုပ်သမားများအား Passport မှ Passport သို့လည်းကောင်း CI မှ Passport သို့လည်းကောင်း Mobile Team ဖြင့် ဆောင်ရွက်လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက်ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

Most Read

Most Recent