အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာလုံးဆိုင်ရာကပ်ဘေးနှင့် အလွန်နီးကပ်လျက်ရှိပြီး တတိယကမ္ဘာစစ်သို့ အိပ်ပျော်နေစဉ် ယောင်၍ လမ်းထလျှောက်သည့်ပုံစံ ဖြစ်လာနိုင်သည်ဟု ဒေါ်နယ်ထရန့် ပြောကြား

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာလုံးဆိုင်ရာကပ်ဘေးနှင့် အလွန်နီးကပ်လျက်ရှိပြီး တတိယကမ္ဘာစစ်သို့ အိပ်ပျော်နေစဉ် ယောင်၍ လမ်းထလျှောက်သည့်ပုံစံ ဖြစ်လာနိုင်သည်ဟု ဒေါ်နယ်ထရန့် ပြောကြား
ဝစ္စကွန်ဆင်ပြည်နယ် မော်နာကီး၌ ဒေါ်နယ်ထရန့် စည်းရုံးရေးဆင်းနေပုံကို အောက်တိုဘာ ၁ ရက်တွင်တွေ့ရစဉ်(Photo: AFP)
ဝစ္စကွန်ဆင်ပြည်နယ် မော်နာကီး၌ ဒေါ်နယ်ထရန့် စည်းရုံးရေးဆင်းနေပုံကို အောက်တိုဘာ ၁ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 3 October 2024

အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာကပ်ဘေးနှင့် အလွန်နီးကပ်လျက်ရှိပြီး တတိယကမ္ဘာစစ်သို့ အိပ်ပျော်နေစဉ် ယောင်၍ လမ်းထလျှောက်သည့်ပုံစံဖြစ်လာနိုင်သည်ဟု အောက်တိုဘာ ၁ ရက် မဲဆွယ်စည်းရုံးရေးပွဲတွင် သမ္မတဟောင်းဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

အီရန်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည် ၂၀၀ ခန့်ဖြင့် ပစ်ခဲ့ပြီး နာရီပိုင်းအကြာတွင် ဒေါ်နယ်ထရန့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အီရန်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည် ၁၈၁ စင်း ပစ်လွှတ်ခဲ့ပါတယ်”ဟု အောက်တိုဘာ ၁ ရက်ညနေပိုင်းတွင် ဝစ္စကွန်ဆင်ပြည်နယ် ယော်နာကီးတွင် ပြုလုပ်သည့် စည်းရုံးရေးပွဲတွင် ထရန့်က ပြောကြားခဲ့သည်။ အဆို ပါစည်းရုံးရေးပွဲကို ဝစ္စကွန်ဆင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း စကော့ဝေါလ်ကာလည်း တက်ရောက်ခဲ့သည်။

ဒုံးကျည်အများစုကို အစ္စရေး၏ Arrow and David’s Sling ဒုံးကျည်ကာကွယ်ရေးစနစ်များက ကြားဖြတ်ပစ်ချခဲ့သည်။ ယင်းသို့ကြားဖြတ်ပစ်ချမှုကို အမေရိကန်ဖျက်သင်္ဘောများကလည်းကောင်း၊ ဒေသတွင်း ဂျော်ဒန်ကြားဖြတ်တိုက်လေယာဉ်များ(Interceptors)များကလည်းကောင်း အကူအညီ ပေးခဲ့သည်ဆိုသော်လည်း အစ္စရေး၌ ထိခိုက်ပျက်စီးမှု အချို့နှင့် ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်က တတိယကမ္ဘာစစ်အကြောင်းကို ပြောနေတာကြာပါပြီ။ ကျွန်တော်က ခန့်မှန်းချက်တွေမထုတ်ချင်ပါဘူး။ အကြောင်းကတော့ ကျွန်တော့်ရဲ့ခန့်မှန်းချက်တွေက အမြဲတမ်း မှန်နေလို့ဖြစ်ပါတယ်”ဟု အသက် ၇၈ နှစ်အရွယ် ထရန့်က ပြောကြားသည်။

“ဒါပေမဲ့ ကျွန်တော့်ရဲ့ခန့်မှန်းချက်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးနဲ့အလွန်နီးစပ်နေပါတယ်။ အရည်အချင်းမပြည့်ဝသူနှစ်ဦးက ကျွန်တော်တို့ နိုင်ငံကိုအုပ်ချုပ်နေပါတယ်”ဟု ထရန့်ကသမ္မတဂျိုးဘိုင်ဒင်နှင့် ဒီမိုကရက်တစ်ပါတီ၏သမ္မတလောင်းဖြစ်သော ဒုတိယသမ္မတကာမလာဟဲရစ်တို့ကိုရည် ညွှန်းပြောကြားခဲ့သည်။

“သူတို့နှစ်ယောက်က ကျွန်တော်တို့ကို တတိယကမ္ဘာစစ်ဖြစ်လုဆဲဆဲအနေအထားဆီဦးတည်ပေးနေပါတယ်။ တတိယကမ္ဘာစစ်ဟာ အခြားဘာစစ်ပွဲနဲ့မှမတူတဲ့ စစ်ပွဲဖြစ်လာပါလိမ့်မယ်။ အဲဒါဟာ ကမ္ဘာအတွက်ယူ ဆောင်လာတဲ့မူဝါဒအားနည်းမှုတွေနဲ့ ရွှေပြည်အေးမူဝါဒတွေကြောင့်ဖြစ်ရတာဖြစ်ပါတယ်”ဟု ထရန့်က ဖြည့်စွက်ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ တာဝန်ခံမှုရှိသင့်တဲ့ တကယ်ရှိမနေတဲ့သမ္မတနဲ့ တကယ်ရှိမနေတဲ့ ဒုတိယသမ္မတတို့ရှိနေပါတယ်။ ဒါပေမဲ့ဘာတွေဖြစ်ပျက်နေသလဲဆိုတာ ဘယ်သူမှမသိပါဘူး”ဟု ရီပတ်ဘလီကင်ပါတီကိုယ်စားပြုသမ္မတလောင်း ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲတွင် အီရန်က ထရန့်ထက်ဟဲရစ်ကို အနိုင်ရစေလိုသည်မှာ လျှို့ဝှက်ထားရမည့်အရာမဟုတ်ဟု အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူများကပြောကြားခဲ့သည်။ ထရန့် အစိုးရအဖွဲ့သည် ၂၀၁၅ ခုနှစ်တွင် အိုဘားမားအစိုးရလက်ထက်တုန်းက အီရန်နှင့်လက်မှတ်ရေးထိုးထားသော နျူကလီးယားသဘောတူစာချုပ်မှ နုတ်ထွက်ခဲ့ပြီး အီရန်ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။  

Ref: AFP

Most Read

Most Recent