လေပွေလှိုင်းများ၏အရှိန်၊ ဘင်္ဂလားပင်လယ်အော်မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် အောက်တိုဘာ ၅ ရက်အထိ တနိုင်ငံလုံးနီးပါးတွင် မိုးထစ်ချုန်းပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားနိုင်

လေပွေလှိုင်းများ၏အရှိန်၊ ဘင်္ဂလားပင်လယ်အော်မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် အောက်တိုဘာ ၅ ရက်အထိ တနိုင်ငံလုံးနီးပါးတွင် မိုးထစ်ချုန်းပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားနိုင်
Published 1 October 2024

လေပွေလှိုင်းများ၏အရှိန်၊ ဘင်္ဂလားပင်လယ်အော်မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် စက်တင်ဘာ ၅ ရက်အထိ တနိုင်ငံလုံးနီးပါးတွင် မိုးထစ်ချုန်းပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း အောက်တိုဘာ ၅ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

ယင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် သတိပေးနှိုးဆော်အပ်ကြောင်း မိုးဇလက သတိပေးထားသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

စက်တင်ဘာ ၃၀ ရက်က မကွေးတိုင်းဒေသကြီးတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာခဲ့ပြီး၊ နေပြည်တော်တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပျဉ်းမနား(ဝဲကြီး)တွင် ၂ ဒသမ ၅၂ လက်မ၊ ကွမ်းခြံကုန်းမြို့တွင် ၂ ဒသမ ၄၀ လက်မ၊ ကျိုက္ခမီမြို့တွင် ၂ ဒသမ ၂၄ လက်မ၊ ရှမ်းရွာသစ်မြို့တွင် ၂ ဒသမ ၁၇ လက်မ၊ လယ်ဝေးမြို့တွင် ၂ ဒသမ ၀၁ လက်မ၊ မိုင်းယန်းမြို့တွင် ၁ ဒသမ ၉၇ လက်မနှင့် ပျဉ်းမနားမြို့၊ တောင်ငူမြို့နှင့် ချောင်းဆုံမြို့တို့တွင် ၁ ဒသမ ၃၈ လက်မစီတို့ ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent