တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားနေသည့် အပူပိုင်းမုန်တိုင်းငယ်သည် အားကောင်းသည့်တိုင်ဖွန်းမုန်တိုင်းအဖြစ် ပြောင်းလဲလာဖွယ်ရှိ

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားနေသည့် အပူပိုင်းမုန်တိုင်းငယ်သည် အားကောင်းသည့်တိုင်ဖွန်းမုန်တိုင်းအဖြစ် ပြောင်းလဲလာဖွယ်ရှိ
Published 18 September 2024

တောင်တရုတ်ပင်လယ်မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေသည့် အပူပိုင်းမုန်တိုင်းငယ်သည် စက်တင်ဘာ ၁၈ ရက်တွင် အားကောင်းသည့် တိုင်ဖွန်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲလာဖွယ်ရှိကြောင်း ဗီယက်နမ် အမျိုးသား မိုးလေဝသ ဌာနက စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် ဖိလစ်ပိုင်၏ လူဇွန်ကျွန်းအရှေ့ဘက်တွင် ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၅၀ ကီလိုမီတာမှ ၆၁ ကီလိုမီတာအထိရှိခဲ့သည်။

ထိုမုန်တိုင်းငယ်သည် စက်တင်ဘာ ၁၈ ရက်တွင် ဗီယက်နမ်၏ ဟွမ်ဆာကျွန်း (ပါရာဆယ်ကျွန်းစု) အရှေ့ဘက် ၄၂၀ ကီလိုမီတာရှိ တောင်တရုတ်ပင်လယ်မြောက်ပိုင်းသို့ ဦးတည်နေပြီး အင်အားပြင်းထန်လာဖွယ်ရှိသည်။

စက်တင်ဘာ ၁၉ ရက်တွင် ထိုမုန်တိုင်းသည် ပိုမိုအားကောင်းလာနိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၈၉ ကီလိုမီတာအထိ ရှိလာနိုင်ကာ လာမည့် ၇၂ နာရီအတွင်း တောင်တရုတ်ပင်လယ် အနောက်ဘက်နှင့် အနောက်မြောက်ဘက်ကြားသို့ ဦးတည်ရွေ့လျားသွားနိုင်ကြောင်း ဗီယက်နမ်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ထိုမုန်တိုင်းသည် စက်တင်ဘာ ၂၀ သို့မဟုတ် ၂၁ ရက်တွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်လာလိမ့်မည်ဟုလည်း ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထားသည်။

ထိုမုန်တိုင်းကြောင်း ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများအပါအဝင် နေရာဒေသအချို့တွင် စက်တင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားနိုင်ကြောင်း ထိုင်းအာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ထားသည်။

Most Read

Most Recent