(၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ ရွှေ ၂၊ ငွေ ၈၊ ကြေး ၁၊ ပေါင်း ဆုတံဆိပ် ၁၁ ခုရရှိ

(၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ ရွှေ ၂၊ ငွေ ၈၊ ကြေး ၁၊ ပေါင်း ဆုတံဆိပ် ၁၁ ခုရရှိ
Photo: MSTF
Photo: MSTF
Published 8 July 2024

(၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ပြီးခဲ့သည့် ဇွန် ၂၅ ရက်မှ ဇူလိုင် ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့သည် ပြိုင်ပွဲအပြီးတွင် ရွှေ ၂၊ ငွေ ၈၊ ကြေး ၁၊ ပေါင်း ဆုတံဆိပ် ၁၁ ခုရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံတွင် အဆင့် ၈ ရပ်တည်ခဲ့ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုနှစ်ခုကို ပြေးခုန်ပစ်အားကစားနည်း၏ အမျိုးသားလှံတံပစ်မှ နန်းထက်မောင်ကလည်းကောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်း၏အမျိုးသားနှစ်ယောက်တွဲ (Doubles) မှလည်းကောင်း ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့အတွက် ငွေတံဆိပ် ရှစ်ခုကို  ဝူရှူးအားကစားနည်းမှ ၇ ခုနှင့် ပိုက်ကျော်ခြင်းအားကစားနည်း၏အမျိုးသားလေးယောက်တွဲမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် ၇ ခုကို အမျိုးသမီး ၅၂ ကီလိုတန်းတွင် ကေဇင်မိုး၊ အမျိုးသမီး ၅၆ ကီလိုတန်းတွင် နန်းချယ်ရီခမ်း၊ အမျိုးသမီး ၄၈ ကီလိုတန်းတွင် လင်းစန္ဒာဌေး၊ အမျိုးသမီး ၆၀ ကီလိုတန်းတွင် ယုနန္ဒာလင်း၊  အမျိုး သား ၅၆ ကီလိုတန်းတွင် ထက်ပိုင်ငြိမ်း၊ အမျိုးသား ၆၀ ကီလိုတန်းတွင် ဆမ်မျူရယ်ချန်၊ အမျိုးသား ၆၅ ကီလိုတန်းတွင် ညီဇေယျာမင်းတို့က ရယူပေးထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့အတွက် ကြေးတံဆိပ်တစ်ခုကို တိုက်ကွမ်ဒိုအားကစားနည်း၏ အမျိုးသား(၈၇) ကီလိုအောက်ပြိုင်ပွဲမှ ကျော်မင်းနိုင်က ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆု ရယူပေးခဲ့သည့် ပိုက်ကျော်ခြင်းအမျိုးသားနှစ်ယောက်တွဲ(Doubles) တွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှာ အုပ်စုအဆင့်၌ A၊ B ဟူ၍ နှစ်သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်သင်းစလုံးမှာ အုပ်စုတစ်ခုတည်းတွင် အိမ်ရှင်အင်ဒိုနီးရှား(A)၊ မလေးရှား(B) အသင်းတို့နှင့် ကျရောက်ခဲ့သည်။

ယင်းအုပ်စုအဆင့်တွင် မြန်မာ(A) အသင်းမှာ  အင်ဒိုနီးရှား(A) အသင်းကို(၁-၂) ပွဲဖြင့်ရှုံးနိမ့်ခဲ့ပြီး မလေးရှား(B) အသင်းကို(၂-၀) ပွဲဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

မြန်မာ(A) အသင်းသည် ဆီမီးဖိုင်နယ်တွင် နာမည်ကြီး ထိုင်းအသင်းကို(၂-၁) ပွဲဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲတွင် အုပ်စုတွင်း၌ ရှုံးနိမ့်ခဲ့သည့် အင်ဒိုနီးရှား(A) အသင်းနှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။

သို့သော် မြန်မာ(A) အသင်းသည် ဗိုလ်လုပွဲတွင် အင်ဒိုနီးရှား(A) အသင်းကို(၂-၁) ပွဲဖြင့် အနိုင်ရခဲ့ပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ(၁၁) နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင်အင်ဒိုနီးရှားအားကစားအဖွဲ့က ရွှေ(၁၂၆)၊ ငွေ(၉၉)။ ကြေး(၇၁) တို့ဖြင့် ထိပ်ဆုံး၌ရပ်တည်ခဲ့သည်။ 

 

Most Read

Most Recent