အူဒီးနီးစ်ပရိသတ်များ၏ လူမျိုးရေးခွဲခြားခြင်းခံခဲ့ရသော အေစီမီလန်ဂိုးသမား မီနွန်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ပေးအပ်ရန် အူဒီနေမြို့တော်ဝန် စီစဉ်

အူဒီးနီးစ်ပရိသတ်များ၏ လူမျိုးရေးခွဲခြားခြင်းခံခဲ့ရသော အေစီမီလန်ဂိုးသမား မီနွန်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ပေးအပ်ရန် အူဒီနေမြို့တော်ဝန် စီစဉ်
Photo : Getty Images
Photo : Getty Images
Published 22 January 2024

အူဒီနေမြို့တော်ဝန် အယ်လ်ဘတ်တိုဒီတိုနီသည် အူဒီးနီးစ်ပရိသတ်များ၏ လူမျိုးရေးခွဲခြားခြင်းခံခဲ့ရသော အေစီမီလန်ဂိုးသမား မီနွန်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။

ပြင်သစ်ဂိုးသမား မီနွန်သည် ပြီးခဲ့သည့် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော အူဒီးနီးစ် ၂-၃ အေစီမီလန်ပွဲစဉ်တွင် အိမ်ရှင်ပရိသတ်အချို့၏ လူမျိုးရေးခွဲခြားမှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

အေစီမီလန်အသင်းအတွက် လော့ဖ်တပ်ချိခ်က ဦးဆောင်ဂိုး စတင်သွင်းယူပြီးနောက် ပွဲချိန်မိနစ် (၃၀)ဝန်းကျင်တွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီနွန်နှင့်အတူ အေစီမီလန်ကစားသမားများက ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့သည့်အတွက် ပွဲကို (၁၀)မိနစ်ဝန်းကျင် ရပ်နားခဲ့ရပြီးမှ ပြန်ကစားနိုင်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မီနွန်က "ပထမဆုံး ဂိုးလွန်ဘောကန်ကတည်းက မျောက်လို အော်ဟစ်သံတွေကို ကြားခဲ့ရပေမဲ့ ကျွန်တော် ဘာမှ မပြောခဲ့ပါဘူး။ ဒုတိယအကြိမ်မှာ ထပ်လုပ်တော့ စတုတ္ထဒိုင်ကို ပြောခဲ့ပါတယ်။ ဒါကို ပြင်းပြင်းထန်ထန်အရေးယူဖို့ လိုနေပါပြီ။ ပြောနေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။

ယင်းသို့ မျက်နှာပျက်စရာ ဖြစ်ခဲ့ရသည့်အတွက် အူဒီးနီးစ်အသင်း အခြေစိုက်ရာ အူဒီနေမြို့၏ မြို့တော်ဝန် ဒီတိုနီက မီနွန်ကို ဂုဏ်ထူးဆောင်ချီး မြှင့်၍ သိက္ခာဆယ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့မြို့ က အားလုံးအတွက်ပါ။ အူဒီနေမြို့က လူမျိုးရေးမခွဲခြားတတ်သလို၊ အားလုံးကို ကြိုဆိုတတ်တဲ့ သမိုင်းကြောင်း လည်းရှိပါတယ်။ ဒါကြောင့် ကျွန်တော် မီနွန်ကို အူဒီနေမြို့ဆီ ဖိတ်ခေါ်ပါတယ်။ သူ့ကို ဂုဏ်ထူးဆောင်မြို့တော်သားအဖြစ် သတ်မှတ်ပေးဖို့ မြို့တော် ကောင်စီထံမှာလည်း အဆိုပြုသွားပါမယ်။ အဲဒီဖြစ်ရပ်အတွက် အရမ်းနာကျင်ရပါတယ်" ဟု ၎င်းက ဆိုခဲ့သည်။

Most Read

Most Recent