နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၀၀ နီးပါးအထိ ပြန်လည်မြင့်တက်လာပြီး ဈေးနှုန်းအတက်အကျ မတည်မငြိမ်ဖြစ်နေ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၀၀ နီးပါးအထိ ပြန်လည်မြင့်တက်လာပြီး ဈေးနှုန်းအတက်အကျ မတည်မငြိမ်ဖြစ်နေ
Published 20 December 2016
စည်သူအောင်

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၇၀ အထိ ကျဆင်းခဲ့သော်လည်း ကျပ် ၁၄၀၀ နီးပါးအထိ ပြန်လည်မြင့်တက်ခဲ့ပြီး ဈေးနှုန်းအတက်အကျများကာ မတည်မငြိမ်ဖြစ်ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ကမ္ဘာ့ငွေကြေး ဈေးကွက်တွင် ဒီဇင်ဘာ ၂၀ ရက်အတွင်း ဒေါ်လာဈေးအညွှန်းကိန်းများ မြင့်တက်ခဲ့ပြီး ၁၀၃ ဒသမ ၃၄ ပွိုင့် အထိ ရောက်ရှိခဲ့သည်။ ဒီဇင်ဘာ ၁၉ ရက်က ၁၀၂ ဒသမ ၅၂ ပွိုင့်သာရှိခဲ့ရာမှ ၁ ပွိုင့် နီးပါး တန်ဖိုးတက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပေါ်ခဲ့သော ၁၀၃ ဒသမ ၅၀  ပွိုင့် နောက်ပိုင်းအမြင့်ဆုံးနှုန်း ဖြစ်လာခဲ့သည်။ ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးနှုန်းပြန်လည် မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ကျရိပ်ပြနေရာမှ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။
ပြည်တွင်းဈေးကွက်တွင် ဒီဇင်ဘာ ၁၉ ရက်က တစ်ဒေါ်လာ ၁၃၈၃ ကျပ်အထိ ကျဆင်းခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ကျပ် ၁၃၇၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ၁၀ နာရီကျော်ချိန်မှစ၍ ဈေးနှုန်းပြန်လည်မြင့်တက်ခဲ့ကာ မွန်းလွဲ ၂ နာရီ ခန့်တွင် ၁၃၉၇ ကျပ်အထိရောက်ရှိခဲ့သည်။  တစ်ရက်အတွင်း ဈေးနှုန်းအတက်အကျ ကျပ် ၃၀ ခန့်ရှိခဲ့ပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ် ပေါ်နေကာ ဒီဇင်ဘာ ၁၉ ရက်ကလည်း တစ်ရက်အတွင်း ဈေးနှုန်းအတက်အကျ ကျပ် ၅၀ ခန့်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်အတွင်း ဒေါ်လာဈေး ကျပ် ၁၄၀၀ နီးပါး ရောက်ရှိလာသောကြောင့် ပို့ကုန်ရငွေဈေးနှုန်းသည် တစ်ဒေါ်လာ ၁၄၀၅ ကျပ်ဝန်းကျင်သို့ ရောက်ရှိလာပြီး စင်ကာပူနိုင်ငံမှ အခြားနိုင်ငံများသို့ ဒေါ်လာငွေလွှဲ ဈေးနှုန်း (Away) သည် မွန်းလွဲပိုင်း၌ ဝယ်ဈေး ၁၄၀၆ ကျပ်၊ ရောင်းဈေး ၁၄၀၇ ကျပ် အထိ ပြန်လည်မြင့်တက်ခဲ့သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဒီဇင်ဘာ ၁၄ ရက်တွင် ၁၃၉၂ ကျပ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ၁၄၁၈ ကျပ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၁၄၃၈  ကျပ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ၁၄၃၅ ကျပ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ကျပ် ၁၄၃၀ ၊ ဒီဇင်ဘာ ၁၉ ရက်တွင်  အမြင့်ဆုံးနှုန်း ၁၄၂၇ ကျပ်၊ အနိမ့်ဆုံးနှုန်း ၁၃၈၃ ကျပ်၊ ဒီဇင်ဘာ ၂၀ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၃၉၇ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ကျပ် ၁၃၇၀ ဖြစ်သည်။
ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့သောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို  ဒီဇင်ဘာ ၁၆ ရက်တွင် ကျပ် ၁၃၇၀ အဖြစ် ငါးကျပ်မြှင့်တင်သတ်မှတ်ခဲ့သည်။  ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို  ဒီဇင်ဘာ ၈ ရက် မှ ၁၂ ရက်အတွင်း ကျပ် ၁၃၂၀ အဖြစ်သတ်မှတ်ရာမှ ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၁၃၃၀၊ ဒီဇင်ဘာ ၁၄ ရက်တွင် ကျပ် ၁၃၄၀၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၁၃၅၀၊ ဒီဇင်ဘာ ၁၆ ရက် တွင် ၁၃၆၅ ကျပ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် ကျပ် ၁၃၇၀ ၊ ဒီဇင်ဘာ ၂၀ ရက်တွင် ၁၃၇၅ ကျပ် အဖြစ် သတ်မှတ်ခဲ့ပြီး ခြောက်ရက်ဆက် တိုက်တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent