တိုင်းရင်းသားများ၏ ဆန္ဒမပါဘဲ သံလွင်မြစ်တွင် ဆည်များဆောက်လုပ်မည့် စီမံကိန်း ဆက်လက် လုပ်ဆောင်ပါက အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ထိခိုက်နိုင်ဟု SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား

တိုင်းရင်းသားများ၏ ဆန္ဒမပါဘဲ သံလွင်မြစ်တွင် ဆည်များဆောက်လုပ်မည့် စီမံကိန်း ဆက်လက် လုပ်ဆောင်ပါက အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ထိခိုက်နိုင်ဟု SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား
Published 28 September 2016
ထက်ရှိုင်း

သံလွင်မြစ်တွင် ဆည်များဆောက်လုပ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းများအား တိုင်းရင်းသားများ၏ ဆန္ဒမပါဘဲ ဆက်လက် လုပ်ဆောင်ပါက အမျိုးသားရင် ကြားစေ့ရေး ကြာသထက် ကြာနိုင်ကြောင်းနှင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။
ရန်ကုန်မြို့ Orchid ဟိုတယ်တွင် စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် သံလွင်မြစ်တွင် တည်ဆောက်မည့် တာတမံစီမံကိန်းများကြောင့် ရှမ်းပြည်နယ်၏ အဖိုးမဖြတ်နိုင်သော ကျွန်းတစ်ထောင် ရေလွှမ်းမည့် အခြေအနေအား ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။
“တိုင်းရင်းသားအားလုံး နယ်မြေတွေမှာ ပစ္စည်းထုတ်တယ်။ တိုင်းရင်းသားတွေအတွက် ဘာမှလည်း ခံစားခွင့်မရှိပါဘူး။ ဒုတိယ တာဝန်ဖြစ်တဲ့ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တည်ဆောက်မယ်ဆိုရင် ဘယ်လိုလုပ် ရှောရှောရှူရှူ ဆက်သွားမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။ သံလွင်မြစ်ကို ဆည်တွေဆောက်မယ်။ ရတဲ့ဓာတ်အားတွေကို ပေးမယ်ဆိုရင် ကျွန်တော်တို့ ခံစားခွင့်အရ အရေးကြီးတာက သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ ဆန္ဒမပါဘဲ ဆက်သွားဖို့ဆိုရင် အမျိုးသား ရင်ကြားစေ့ရေးဆိုတာ ကြာသထက် ကြာသွားဦးမယ်။ ကံဆိုးခဲ့ရင်လည်း ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။
သံလွင်မြစ် ရေကာတာစီမံကိန်း ကန့်ကွက်မှုကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ပင်လုံအစည်းအဝေး မစခင်ကတည်းက နေပြည်တော်၌ အစည်းအဝေးထိုင်ပြီး ကန့်ကွက်ခဲ့ကာ ကြေညာချက် ထုတ်ထားခဲ့ကြောင်း ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ဆက်လက် ပြောကြားသည်။
“ပြည်ထောင်စုကြီးဟာ တိုင်းရင်းသား ပြည်သူတွေ ပိုင်ဆိုင်တဲ့ ပြည်ထောင်စုပါ။ ပိုင်ဆိုင်တဲ့အရာကို တိုင်းရင်းသား ပြည်သူတွေရဲ့ ဆန္ဒမပါဘဲနဲ့ ဒါကိုတည်ဆောက်ဖို့ ဆက်လုပ်မယ်ဆိုလည်း ကန့်ကွက်မှုတွေက ရှိလာဦးမှာပါ။ တိုင်းရင်းသား နယ်မြေတွေမှာပဲ ဒုက္ခတွေ၊ ပြဿနာတွေ ရောက်နေတယ်။ ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့အတွက် လုပ်စားကိုင်စားတဲ့ မြစ်ချောင်းတွေ အင်းအိုင်တွေမှာ ဆည်ဆောက်မယ်။ ရလာတဲ့ လျှပ်စစ်တွေ ကျွန်တော်တို့ အကျိုးရမှာ မဟုတ်ပါ ဘူး။ ဆည်တွေဆောက်တဲ့ ရှမ်းပြည်အတွက် အကျိုးက ငါးရာခိုင်နှုန်းတောင် မရဘူး။ နီးစပ်ရာ နိုင်ငံတွေကိုသာပို့မယ့် အနေအထားရှိတယ်။ လက်ရှိ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို သွားတော့မှာပါ။ သွားမယ့်အရေးကို တိုင်းရင်းသားတွေရဲ့ ဆုံးဖြတ်ချက်မပါ၊ သဘောတူညီချက် မပါဘဲနဲ့ လုပ်သွားမယ်ဆိုရင် ငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး တို့ဆိုတာ ဝေးသွားမှာလည်း စိုးရိမ်တယ်။ ဒီကိစ္စတွေ အားလုံးက တိုင်းရင်းသားတွေ မပါဘဲနဲ့လည်း မဖြစ်ပါဘူး” ဟု ဦးခွန်ထွန်းဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် သံလွင်မြစ်ပေါ်၌ ရေကာတာစီမံကိန်း ငါးခုတည်ဆောက်ပြီး လျှပ်စစ်ထုတ်ယူရန် စီစဉ်ထားကြောင်း၊ စီမံကိန်းသုံးခုမှာ ရှမ်းပြည်နယ်တွင်ရှိပြီး ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် စီမံကိန်း တစ်ခုစီ ရှိကြောင်း သိရသည်။
အဆိုပါ သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်မည့် စီမံကိန်းများသည် ဒေသခံများ၏ လူနေမှုဘဝနှင့် သဘာ၀ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ သက်ရောက်မည် ဖြစ်သောကြောင့် ကန့်ကွက်လျက်ရှိသည်။   
 

Most Read

Most Recent